“လက်ရှိစစ်ကောင်စီရဲ့ တရားစီရင်ရေးဟာ အာဏာရှင်တွေအတွက်ပဲ ဖြစ်နေတယ်” ကိုဦးသန်းနိုင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (ပြောရေးဆိုခွင့်ရှိသူ)

By MPM 11 စက်တင်ဘာ, 2023 👁

အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်အတွင်းမှာ စစ်ကောင်စီ၏ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးမှု အခြေနေနှင့်ပတ်သက်ပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂပြောရေးဆိုခွင့်ရှိသူ ကိုဦးသန်းနိုင်နှင့်မေးမြန်းချက်။

သြဂုတ် ၁၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၅၆ နှစ်မြောက် ဆန်ပြဿနာနေ့ကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ကျင်းပခဲ့သည်။ အဆိုပါပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်ညိုအေးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်ဆူပူအောင်လှုံဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲထားသည်။

ထို့အတူ အဆိုပါအမှုတွင် ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့က တာဝန်ရှိသူများကိုလည်း စစ်ကောင်စီက လိုက်လံဖမ်းဆီးရန် ကြိုးစားနေသဖြင့် သမဂ္ဂတာဝန်ရှိသူများ တိမ်းရှောင်နေကြသည်။

ယင်းအခြေအနေများကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်အတွင်းမှာ စစ်ကောင်စီ၏ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးမှု အခြေနေနှင့်ပတ်သက်ပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူကိုဦးသန်းနိုင်ကို ဆက်သွယ် မေးမြန်းထားသည်။

မေး။ ။ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဘာတွေလုပ်နေလဲ သိချင်ပါတယ်။

ဖြေ။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့ကျောင်းသားသမဂ္ဂရုံးခန်းတွေ ပိတ်သိမ်းခံရတယ်ဆိုတော့ အရင်တုန်းကလို ကျောင်းလိုအပ်ချက်တွေ၊ တခြားကျောင်းသားတွေနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်တော့ဘူး။ အပြင်မှာ ရုံးစိုက်ပြီးတော့ မဟာမိတ်အဖွဲ့တွေနဲ့ စုပေါင်းပြီး ကျောင်းသားတွေရဲ့ အရေးကို ဆောင်ရွက်နေတာတွေရှိတယ်။ မုန်တိုင်းကြောင့် ပျက်စီး၊ ထိခိုက်သွားတဲ့ ပြည်သူတွေကို ကူညီပေးနေတာ၊ မွတ်ဆလင်ကျောင်းသားတွေ၊ မြိုကျောင်းသားတွေနဲ့ ပူးပေါင်းပြီး ဒုက္ခရောက်နေကြတဲ့ သူတွေကို သွားရောက်ထောက်ပံ့ပေးခဲ့တာတွေ ရှိတယ်။ နောက်တစ်ခုက ကမန်ကျောင်းသားတွေ ကျောင်းတက်ခွင့် မရရှိတာနဲ့ ပတ်သက်လို့ ကမန်ပါတီကလူတွေနဲ့ ပူးပေါင်းပြီး ကျောင်းတက်ခွင့်ရရှိရေး ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။

မေး။ ။ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂအနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တွေဆန်ပြဿနာနေ့နဲ့ ပတ်သက်လို့ သဘောထားထုတ်ပြန်တာကို တွေ့ရတယ်။ အဲဒါလေးကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ ပထမ တစ်ချက်ကတော့ ၁၃ သြဂုတ်နေ့မှာ ၅၆ နှစ်ပြည့် (စစ်တွေ ဆန်ပြဿနာနေ့) အောက်မေ့ဖွယ်နေ့ ပြုလုပ်တယ်။ စစ်တွေမှာရှိတဲ့ ရခိုင်ပြည် ကျောင်းသားသမဂ္ဂရုံးမှာ လုပ်ခဲ့တယ်။ ကျောင်းသားကျောင်းသူ ၂၅ ယောက် နဲ့ စလုပ်ခဲ့တယ်။ အဲဒီထဲမှာ အစီအစဉ် ၃ ခု ပါဝင်တယ်။ ပထမတော့ ဆုတောင်းမေတ္တာပို့သတာ၊ တက်ရောက်လာတဲ့ ဒေါ်ညိုအေးက အရင်အချိန်တုန်းက သူတို့ကြုံတွေ့ခဲ့ရတဲ့ အခြေနေကို ပြောပြတယ်။ ကျောင်းသားကျောင်းသူတွေထဲက ကဗျာရွတ်ဆိုတဲ့ ပုံစံမျိုးတွေ လုပ်ဆောင်ခဲ့တယ်။ အစီအစဉ် ၃ ခု လုပ်ဆောင်ခဲ့တယ်။ သြဂုတ် ၁၅ ရက်နေ့မှာ ဒေါ်ညိုအေးအိမ်ကို ရဲအင်အား ၁၀ ကျော်နဲ့ လာရောက်ဖမ်းဆီးခဲ့တယ်။ အဓိကတော့ ဒေါ်ညိုအေး ဖမ်းဆီးခံရတဲ့အပေါ်မှာ၊ ပွဲကျင်းပတဲ့ ကျောင်းသားတွေကို ဖမ်းဝရမ်း ထုတ်တဲ့အပေါ်မှာ ထုတ်ပြန်ရတာ ဖြစ်ပါတယ်။

မေး။ ။ ဒါဆိုရင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေရဲ့ လက်ရှိအခြေအနေကိုလည်း ပြောပြပေးပါဦး။

ဖြေ ။ ။ အဓိကတော့ သြဂုတ် ၁၅ ရက်နေ့မှာ ဒေါ်ညိုအေးကို ဖမ်းဆီးတယ်။ ကျနော်တို့ကို ဖမ်းဝရမ်းထုတ် လိုက်တယ်။ အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီရုံး စိုက်တဲ့နေရာနဲ့ ဝေးတဲ့နေရာမှာ ကျနော်တို့ရောက်နေပါတယ်။

မေး။ ။ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်ညိုအေးကိုလည်း စစ်ကောင်စီက ဖမ်းဆီးတဲ့အပေါ်မှာ ဘာပြောချင်ပါလဲ။

ဖြေ။ ။ ရခိုင်ပြည်မှာက ဒေါ်ညိုအေးလို့ မဟုတ်ဘူး၊ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကာလတုန်းကဆိုရင်လည်း အပြစ်မရှိတဲ့ အရပ်သားတွေကို ဖမ်းဆီးအရေးယူခံရတယ်။ အခုလည်း ၁၃ သြဂုတ်နေ့ကို သူ့အနေနဲ့ တက်ရောက် လာခဲ့တယ်။ ပွဲတက်ရောက်တာပဲ ရှိတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ ကိစ္စတွေကို ပြောဆိုတာလည်း မရှိဘူး။ လွန်ခဲ့တဲ့ကာလတုန်းက ဒီလိုနေ့တစ်နေ့ ရှိခဲ့တယ်။ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အခြေနေကို ပြောပြတာပဲ ရှိတယ်။ လူငယ်တွေကို နိုင်ငံရေးလုပ်ရမယ် ဆိုပြီးလည်း ပြောခဲ့တာမရှိဘူး။ ပွဲတက်ရောက်ရုံနဲ့ တရားစွဲဆိုတယ် ဆိုတာက သက်သက်ကို အပုတ်ချတာဆိုတော့ ဘာမဟုတ်တာလေးနဲ့ ဖမ်းဆီးတယ်ဆိုတာက အနာမှာ တုတ်ကျတယ်လို့ပဲ ကျနော်တို့ ပြောချင်တယ်။ ဒါကြောင့်လည်း သက်သက်အငြိုးနဲ့ လုပ်တာလို့ သုံးသပ် ပါတယ်။

မေး။ ။ စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်ရဲ့ ဥပဒေစိုးမိုးမှု အခြေအနေကို ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ၂၀၀၈ ဖွဲ့စည်းပုံကိုပဲ ပြောရမယ်။ ရခိုင်ပြည်မှာရှိတဲ့ ပြည်နယ်တရားသူကြီးချုပ်ဆိုတာ သူ့အနေနဲ့ ဘာမှလုပ်ဆောင်တာ မရှိဘူး။ ပြည်ထောင်စုကနေ အမိန့်ပေးမှပဲ သူ့အနေနဲ့ လုပ်ဆောင်ရတာ ဖြစ်တယ်။ လွန်ခဲ့တဲ့ ကာလဖြစ်တဲ့ ၂၀၂၀ က ဆိုရင်လည်း ကျနော်တို့ ကျောင်းသားသမဂ္ဂအနေနဲ့ လူထုလှုပ်ရှားဆောင်ရွက်မှု အများကြီး လုပ်ဆောင်ခဲ့တယ်။ ဒီလိုလုပ်လို့ဆိုပြီး ၅၀၅ (ခ)နဲ့ ဖမ်းဆီးပြီး စစ်တွေအကျဉ်းထောင်မှာ နှစ်အကြာကြီး ဖမ်းဆီးချုပ်နှောင်ထားခဲ့တာ၊ ရုံးထုတ်လိုက်၊ ရမန်ပေးလိုက်နဲ့ အချိန်တွေ ကြန့်ကြာအောင် လုပ်တယ်။ သေသေချာချာ ဘာမှမလုပ်ဘူး။ တရားလိုဘက်က သက်သေခေါ်ရင်လည်း မလာကြဘူး။ ရှင်းရှင်းပြောရရင် ပြည်သူလူထု ယုံကြည်အောင် မလုပ်နိုင်ဘူး။ အဲဒါကြောင့် လက်ရှိစစ်ကောင်စီရဲ့ တရားစီရင်ရေးဟာ အာဏာရှင်တွေအတွက်ပဲ ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တရားစီရင်ရေးဟာ ပြည်သူတွေအတွက် ရပ်တည်တယ်ဆိုရင်တော့ လက်ရှိ ကျနော်တို့ကို တရားစွဲဆိုမယ့်ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့လာရောက်ပြီး တရားရင်ဆိုင်မယ်။ အာဏာတဖက်တည်းကို ကြည့်ပြီး တရားစီရင်နေမယ်ဆိုရင်တော့ အဖမ်းမခံနိုင်ဘူး။

မေး။ ။ စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်အတွင်းမှာ လူငယ်တွေရဲ့အခန်းကဏ္ဍက ဘာတွေဖြစ်နေမလဲ။

ဖြေ။ ။ ရခိုင်ပြည်ရဲ့ လူငယ်ကဏ္ဍက ဆုပ်ယုတ်လာတယ်။ ကျနော်တို့ ကျောင်းသားသမဂ္ဂရဲ့ လှုပ်ရှားမှုတွေ ဆိုရင်လည်း နှောင့်နှဲသွားတယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လည်းဆိုရင်တော့ တက္ကသိုလ်မှာရှိတဲ့ သမဂ္ဂရုံးတွေ ပိတ်သိမ်းခံလိုက်ရတယ်။ တက်ကြွလှုပ်ရှားသူတွေ ဆိုရင်လည်း ဖမ်းဆီးအရေးယူခံရတယ်။ နောက်ပိုင်းမှာ လူငယ်တွေရဲ့အသံဟာ တဖြည်းဖြည်း မှေးမှိန်လာတယ်။ ဒါပေမဲ့ ကျနော်တို့ ကျောင်းသားသမဂ္ဂကတော့ ကျနော်တို့ရဲ့ ဆောင်ပုဒ်အတိုင်း အမြဲတမ်း ပြည်သူတွေအတွက် ရှိရမယ်။ စစ်ကောင်စီက ဘယ်လောက်ပဲ နှိပ်ကွပ်နေပါစေ ကျနော်တို့အနေနဲ့ ဘယ်တော့အခါမှ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။

မေး။ ။ ။ရခိုင်ပြည် ကျောင်းသားသမဂ္ဂအနေနဲ့ ရခိုင်လူထုကို ဘာတွေဖြည့်စွက် ပြောချင်ပါလဲ။

ဖြေ။ ။ ရခိုင်လူထုကို ကျောင်းသားသမဂ္ဂအနေနဲ့ တိုက်တွန်းချင်တာက လက်ရှိအစိုးရ (စစ်ကောင်စီ) ရဲ့ တရားစီရင်ရေးဟာ ပြည်သူလူထုအတွက် မဟုတ်ဘဲ အာဏာရှင်တွေအတွက် ဖြစ်နေတယ်။ ဘာလို့လည်းဆိုတော့ ကျနော်တို့ ကျောင်းသားကျောင်းသူတွေဟာ နှစ်ကြိမ်တောင်ခံထားရပြီ။ အရင်ကလည်း အရပ်သားအစိုးရ တစ်ပိုင်း၊ စစ်အစိုးရ တစ်ပိုင်း ဒီကာလမှာတောင် တရားစီရင်ရေးဟာ ကျနော်တို့ ပြည်သူလူထုကို ကျေနပ် လောက်အောင်ထိ စွမ်းဆောင်နိုင်တာ မရှိသေးဘူး။

အောင်ထိန် (DMG) ပေးပို့သည်။