“ရှင်းရှင်းပြောရရင် ကျွန်တော်တို့မှာ အစိုးရနှစ်ခု ရှိတယ်ဆိုရင်တောင်မှပဲ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်အစိုးရကမှ အကူအညီမပေးနိုင်ဘူးလို့ ကျွန်တော်တို့မြင်ရတယ်။ တကယ်လို့ အလုပ်သမားအရေးကို စနစ်တကျ အကူအညီပေးမယ်ဆို သက်ဆိုင်ရာအစိုးရတွေမှာ ပိုပြီးတာဝန်ရှိတယ်” FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်

0
456
ပုံစာ - FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်

ပညာရေးနဲ့ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နှင့် ဆက်သွယ်မေးမြန်းချက်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာ၊ နိုင်ငံရေး မငြိမ်တည်မှုတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့အတွက် ထိုင်းနိုင်ငံထဲကို တရားဝင်နည်းလမ်း အပြင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေ ဆက်ရှိနေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲ ရောက်သွားတဲ့ အလုပ်သမားတွေဟာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာ၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံတာ၊ တရားမဝင် ဝင်ရောက်မှုတွေကြောင့်လည်း မကြာခဏဆိုသလို ဖမ်းဆီးခံနေရတာပါ။

ဒါကြောင့် ထိုင်းနိုင်ငံထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ စစ်ကောင်စီရော ကူညီဆောင်ရွက်ပေးမှု ရှိပါလား၊ ထိုင်းဝန်ကြီးချုပ် အပြောင်းအလဲဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဘာတွေ မျှော်လင့်လို့ ရပါလဲ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမားအရေးကို နှစ်ပေါင်း ၂၀ ကျော်ကြာ ကူညီဆောင်ရွက်ပေးနေတဲ့ ပညာရေးနဲ့ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံး ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်နေရပါလဲ။ ဦးထူးချစ်တို့အနေနဲ့ ဘယ်လိုကူညီမှုတွေ လုပ်ဆောင်ပေးနေပါလဲ။

ဖြေ။ ။ အဓိကက ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးတဲ့အချိန်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ခါတိုင်းထက် ပိုများလာတယ်။ ပိုပြဿနာရှိတာက သူတို့ချည်းပဲမဟုတ်ဘဲ သူတို့မိသားစုပါ ခေါ်လာကြတာ ရှိတယ်။ အဓိက ဖြေရှင်းပေးနေရတာက တစ်အချက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့ပြဿနာတွေ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာကိုသိရဲ့သားနဲ့ တိုင်တန်းတဲ့အချိန်မှာ အစိုးရအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်မပေးတဲ့ ပြဿနာတွေ၊ နောက်တစ်ချက်က တရားဝင်လက်မှတ် မရှိတဲ့ အလုပ်သမားတွေ ပိုများလာတာမျိုးတွေ တွေ့ရတယ်၊ လက်ရှိအချိန်မှာပေါ့နော်။

မေး။ ။ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးရာမှာ NLD အစိုးရလက်ထက်နဲ့ စစ်ကောင်စီလက်ထက် ဘယ်လို ကွာခြားမှုတွေ ရှိနေပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ အတွေ့အကြုံအရ ဘက်မလိုက်ပဲပြောရရင် ဘယ်အစိုးရပဲဖြစ်ဖြစ် အလုပ်သမားအရေး အပေါ်မှာ ကူညီဆောင်ရွက်ပေးမှု အားနည်းတယ်။ ပိုပြီးအရေးကြီးတာက စနစ်တကျ လေ့လာပြင်ဆင်မှု ကူညီတာမျိုး မဟုတ်တော့ တခြားနိုင်ငံက အလုပ်သမားသံအရာရှိတွေနဲ့ နှိုင်းယှဉ်တယ်ဆိုရင် မြန်မာ့ရွှေ့ပြောင်း အလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ အလုပ်သမားသံအရာရှိတွေက ထိထိရောက်ရောက် မလုပ်ပေး နိုင်တာမျိုးတွေတော့ အဓိက ကျွန်တော်တို့ ပိုတွေ့ရတာပေါ့။

မေး။ ။ တရားမဝင် ဝင်ရောက်လာတဲ့အတွက် ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဘယ်လို ကူညီဆောင်ရွက်ပေးတာတွေ လုပ်ဆောင်နေပါလဲ။

ဖြေ။ ။ အဓိက မြန်မာပြည်ထဲမှာလည်း ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးတာ ရှိတယ်။ ဖမ်းဆီးခံရပြီး ပြန်သွားတဲ့ အလုပ်သမားတွေ တချို့ကျတော့ မြန်မာနိုင်ငံကို ပြန်မပို့ခင် လူဝင်မှု ကြီးကြပ်ရေး အချုပ်ခန်းတွေ၊ လဝက အချုပ်ခန်းတွေထဲမှာ အလုပ်သမားတွေကများပြီး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရတာတွေ့ရတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ကျွန်တော်တို့ မှတ်တမ်းတစ်ခု လုပ်သေးတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းအချုပ်ခန်းထဲမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေပေါ့။ အဲဒါတွေက အမြဲတမ်းပဲ တွေ့နေရတဲ့ ပြဿနာတွေလို့ ပြောလို့ရပါတယ်။

မေး။ ။ နှစ်နိုင်ငံ သဘောတူစာချုပ် MOU နဲ့ အလုပ်သွားလုပ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကလည်း ထိုင်းနိုင်ငံထဲမှာ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ကြားရပါတယ်။ ဘာကြောင့် အခုလိုဖြစ်နေရတာပါလဲ။

ဖြေ။ ။ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာနဲ့ပို့တဲ့ အလုပ်သမားတွေပေါ့။ MOU နဲ့ ပို့တဲ့ အလုပ်သမားတွေကလည်း အစိုးရချင်း နားလည်မှုစာချုပ်နဲ့ ပို့တာဆိုတော့ ဒီအလုပ်သမားတွေက ဘာပဲပြောပြော သူတို့ရဲ့အခွင့်အရေးပေါ့။ ဆိုလိုချင်တာ အမြဲတမ်းအခွင့်အရေးပြောရင် ကျွန်တော်တို့ လိုချင်တဲ့အခွင့်အရေးကို တောင်းဆိုနေတာ မဟုတ်ဘူး။ ထိုင်းနိုင်ငံက ပြဌာန်းထားတဲ့ အလုပ်သမားအခွင့်အရေး၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်၊ လျော်ကြေး အကျိုးခံစားခွင့် ဒါတွေက သူတို့အစိုးရအနေနဲ့လည်း အတိအကျ ရေးထားတာ ရှိတယ်။ ကျွန်တော်တို့ အလုပ်သမားတွေက အဲဒီ အခြေခံအခွင့်အရေးတောင်မှပဲ အကျိုးခံစားခွင့် မရှိဘူး။ MOU အလုပ်သမားတွေက နိုင်ငံခြား အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေရဲ့ အဂတိလိုက်စားမှု၊ မတရား ခေါင်းပုံဖြတ်မှုတွေကို အလုပ်သမားတွေက ပိုခံရတယ်။

ဆိုလိုချင်တာက အခုဆို တွေ့ရတယ်၊ တချို့ အလုပ်သမား အေဂျင်စီတွေ ထိုင်းနိုင်ငံမှာလည်း အလုပ်မရှိဘဲ မြန်မာပြည်က အလုပ်သမားတွေကို ခေါ်လာတယ်။ အဲဒီ အလုပ်သမားတွေက အလုပ်မရဘူး။ ဟိုမှာနေလိုက် ဒီမှာနေလိုက်နဲ့ နောက်ဆုံး တရားမဝင်ဖြစ်သွားတဲ့ ကိစ္စမျိုးတွေ တွေ့ရတယ်။ အဲဒီလိုမျိုး ဖြစ်ရင်လည်း အစိုးရအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်တာတွေ မတွေ့ရဘူး။ အဲဒီကိစ္စမျိုးဆို အရင်က အစိုးရ သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေ အခုတော့ အပြောင်းအလဲတွေ ရှိလိမ့်မယ်။ အတိအကျတော့ ပြောလို့ ခက်တယ်။

မြန်မာအစိုးရ အဆက်ဆက်က ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းကို တချို့အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေက မလိုက်နာဘူး။ အခုဆို ကျွန်တော်တို့နိုင်ငံက စစ်ဖြစ်နေတဲ့နိုင်ငံဖြစ်တော့လေ လူငယ်အများစုက နိုင်ငံခြားကိုထွက်ဖို့ ကြိုးစားတဲ့အချိန်မှာ အဲဒီလိုမျိုးလိမ်တယ်။ မတန်တဆ ဈေးနှုန်းတွေ ပေးပြီးတော့ ထိုင်းနိုင်ငံထဲကို လာရတယ်။ ထိုင်းနိုင်ငံထဲရောက်တော့လည်း အလုပ်အကိုင်ရှာဖွေတဲ့အချိန်မှာ ပွဲစားတွေက အလုပ်မရှာပေးပဲ ပိုက်ဆံတွေယူတယ်။

နောက်တစ်ခုက တရားဝင်လာတဲ့ အလုပ်သမားတချို့က တရားမဝင် ဖြစ်သွားတယ်။ ကျွန်တော်တို့အနေနဲ့က ရေရှည်မှာ ပိုစိုးရိမ်တယ်။ ဘာဖြစ်လဲဆိုတော့ လွန်ခဲ့တဲ့ လေးငါး၊ ခြောက်နှစ်နဲ့ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အခြေအနေက တအားကို ကွာဟသွားတာ ရှိတယ်။ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာနဲ့ပို့တဲ့ အလုပ်သမားတွေကိုလည်း စနစ်တကျနဲ့ အကူအညီ ပေးသင့်တယ်လို့ ကျွန်တော်အနေနဲ့ ပြောချင်တယ်။

မေး။ ။ အခွင့်အရေးဆုံးရှုံးနေရတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဥပဒေအကာအကွယ်ရဖို့ ဘာတွေလုပ်ဆောင်သင့် တယ်လို့ မြင်ပါလဲ။ ဒီအပေါ်မှာ ဆွေးနွေးပေးပါဦး။

ဖြေ။ ။ အလုပ်သမားတွေကိုယ်တိုင်လည်း တာဝန်ရှိတယ်။ ဒါတစ်အချက်၊ နှစ်အချက်က အလုပ်သမားတွေကို ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်အောင် မြန်မာအစိုးရအဆက်ဆက်က ခန့်ထားတဲ့ အလုပ်သမား သံအရာရှိတွေ ကလည်း ပိုပြီး တာဝန်ရှိတယ်။ ဥပမာ-ပြောရရင် ကမ္ဘာဒီးယားအလုပ်သမား သံအရာရှိတွေနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့အခါမှာ တအားမြန်တယ်။ သူတို့ကဖြစ်ရင် အချိန်မရွေးစက်ရုံတွေကို သွားတယ်။ လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးတယ်။ လိုအပ်ရင် ထိုင်းအစိုးရကို အကူအညီတောင်းတယ်။ ကျွန်တော်တို့ နိုင်ငံတွေထဲတော့ အဲဒါတွေ အားနည်းတယ်လို့ မြင်တယ်။

ရှင်းရှင်းပြောရရင် ကျွန်တော်တို့မှာ အစိုးရနှစ်ခု ရှိတယ်ဆိုရင်တောင်မှပဲ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်အစိုးရကမှ အကူအညီမပေးနိုင်ဘူးလို့ ကျွန်တော်တို့မြင်ရတယ်။ တကယ်လို့ အလုပ်သမားအရေးကို စနစ်တကျ အကူအညီပေးမယ်ဆို သက်ဆိုင်ရာအစိုးရတွေမှာ ပိုပြီးတာဝန်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံအနေနဲ့လည်း တရားဝင်အစိုးရတွေရဲ့ ပြောဆိုဆွေးနွေးတာကို ပိုပြီးလေးစား လိုက်နာတယ်။ ဒါကြောင့်မို့ အစိုးရဆိုတဲ့ လူတွေအနေနဲ့ ကိုယ့်နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို ဒီထက်မက စနစ်တကျ ကူညီဆောင်ရွက်ပေးသင့်တယ်လို့ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။

မေး။ ။ ထိုင်းဝန်ကြီးချုပ်အပြောင်းအလဲဟာ မြန်မာနိုင်ငံရေးအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘာတွေ မျှော်လင့်လို့ရနိုင်ပါလဲ။

ဖြေ။ ။ အခုလက်ရှိအစိုးရဖြစ်လာတာပေါ့ Pheu Thai ပေါ့။ ဒုတိယအများဆုံးနိုင်တဲ့ Pheu Thai ပါတီပေါ့။ တကယ်တော့ ထိုင်းနိုင်ငံအရေးကို တစုံတရာ စိတ်ဝင်စားတယ်၊ ထိုင်းနိုင်ငံမှာ ဆက်စပ်အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတိုင်းကတော့ အဲဒီ Pheu Thai က အရင်တုန်းက အဂတိလိုက်စားတယ်လို့ နာမည်ကြီးတယ်။ အခုလည်း ထောင် ၈ နှစ် ကျနေတဲ့ သက်ဆင်ရဲ့နိုင်ငံရေးပါတီလို့ ကျွန်တော်နားလည်တယ်။ သက်ဆင်ကို တရားစွဲထားတဲ့ အမှုထဲမှာတောင်မှ လွန်ခဲ့တဲ့စစ်အစိုးရ ၂၀၀၄ လောက်တည်းက မြန်မာပြည်ကို လေးဘီလျံ ပိုက်ဆံချေးတဲ့အမှုနဲ့ပါ တရားစွဲထားတယ်။

ဆိုလိုချင်တာကတော့ ဝန်ကြီးချုပ်ဟောင်းသက်ဆင် ဦးဆောင်နေတဲ့ ပါတီသည် စစ်အစိုးရအဆက်ဆက်နဲ့ အင်မတန်မှသင့်မြတ်တယ်။ သူတို့ကတော့ သူတို့စီးပွားရေးပဲလေ။ အခုလည်း သူတို့ရဲ့ပုဂ္ဂိုလ်ရေးစီးပွားရေးကို အဓိကထားတဲ့ နိုင်ငံရေးပါတီလို့ ကျွန်တော်တို့ နားလည်တယ်။ ဒါကြောင့်မို့လို့ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး ဘာမှထူးထူးခြားခြား မျှော်လင့်စရာမရှိဘူးလို့ ကျွန်တော်တို့ အနေနဲ့ သုံးသပ်လို့ရတယ်။ ဒါပေမယ့် တစ်ချိန်တည်း မှာပဲ Pheu Thai ပါတီက ရွေးကောက်ပွဲ မတိုင်ခင်တုန်းက သူတို့ပြောထားတဲ့ ရွေးကောက်ပွဲမဲဆွယ်တဲ့ထဲမှာ ထိုင်းအလုပ်သမားတွေကို အနည်းဆုံး အခြေခံလစာ တစ်ရက် ၆၀၀ ပေးမယ်ဆိုတဲ့ မဲဆွယ်စည်းရုံးခဲ့တာ ရှိတယ်။

သူတို့ထိုင်းနိုင်ငံမှာ ဘွဲ့ရတဲ့ထိုင်းလူမျိုး တစ်ယောက်သည် အနည်းဆုံး အခြေခံလစာ ဘတ်ငွေနှစ်သောင်းခွဲဆိုတဲ့ စည်းရုံးလှုံဆော်မှုတွေ ရှိခဲ့တယ်။ ဒါကတော့ ထိုင်းအလုပ်သမားတွေကို နေ့စားခ တိုးပေးမယ်ဆိုရင် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလည်း ဘာပဲပြောပြော အနည်းနဲ့အများတော့ တိုးလိမ့်မယ်လို့ အဲဒီလောက်တော့ မျှော်မှန်းလို့ရတယ်။ ဒီအစိုးရအနေနဲ့တော့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေခံလစာကို တစုံတရာတိုးပေးလိ့မ်မယ်လို့ အဲဒီလောက်ပဲ ကျွန်တော်တို့ မျှော်လင့်နိုင်မယ်လို့ ကျွန်တော်တို့ ပြောချင်တယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောကြားချင်တာ ရှိပါလဲ။

ဖြေ။ ။ ကျွန်တော်ရဲ့အတွေ့အကြုံ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ နှစ်ပေါင်း၂၀ ကျော် ကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ ဘဝတူရွှေ့ပြောင်း အလုပ်သမားတွေကို အကြံပေးချင်တာက လက်ရှိ ထိုင်းနိုင်ငံထဲမှာ လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရော၊ ထိုင်းနိုင်ငံထဲကို လာပြီးတော့ အလုပ်လုပ်မယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ သိသင့်တာကတော့ အဓိက ထိုင်းနိုင်ငံမှာရှိနေတဲ့ အလုပ်သမား အခွင့်အရေးတွေကို တစုံတရာသိသင့်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဓလေ့ထုံးထမ်းယဉ်ကျေးမှုတွေ လေ့လာသင့်ပါတယ်။

တချိန်တည်းမှာပဲ အနည်းနဲ့အများ ထိုင်းလူမျိုးတွေ၊ ထိုင်းလုပ်ငန်းရှင်တွေ၊ ထိုင်းအာဏာပိုင်တွေ ဆက်သွယ် ဆောင်ရွက်လို့ရအောင် ထိုင်းဘာသာစကားလည်း သင်သင့်တယ်လို့ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။ ဘယ်အစိုးရပဲဖြစ်ဖြစ် ကျွန်တော်တို့ အမြဲတမ်းပြောပါတယ်၊ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဆိုတာ နိုင်ငံဝင်ငွေ ရှာပေးနေရုံပဲ မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ အသုံးချလို့ရဖို့ သူတို့ရဲ့အတွေ့အကြုံတွေ နည်းပညာတွေကို ရှာဖွေပြီးတော့ လုပ်ကိုင်နေတဲ့ လူတန်းစားတရပ် ဖြစ်ပါတယ်။ ဒါကျွန်တော်တို့ ဘာပဲပြောပြော အညတရသူရဲကောင်းတွေလိုတောင် ပြောလို့ရပါတယ်။

ထိုင်းနိုင်ငံထဲမှ မဟုတ်ပါဘူး။ သန်းပေါင်းများစွာသော မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုတော့ ဘယ်အစိုးပဲဖြစ်ဖြစ် မဟာဗျူဟာ နည်းဗျူဟာ ချမှတ်ပြီးတော့ ငွေကြေးလည်း လိုအပ်သလိုသုံးစွဲပြီးတော့ ရွှေ့ပြောင်းတွေရဲ့ ပညာရေး၊ ကျန်းမာ ရေးနဲ့ အလုပ်သမားအခွင့်အရေးတွေကို ဆောင်ရွက်ပေးသင့်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေဟာ မြန်မာ ပြည်ရဲ့အနာဂတ်၊ မြန်မာပြည် ပြန်လည်တည်ဆောက်ရေးမှာ အင်မတန်မှ မြန်မာနိုင်ငံအတွက် အသုံးဝင်မယ့် အသုံးကျမယ့် လူတန်းစားတရပ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကို စနစ်တကျ ကာကွယ်ကြပါလို့ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here