“ကချင်ပြည်နယ်ဘက်ကိုလည်း တိုက်ပွဲကတော့ ဒီအတောအတွင်း ပြင်းထန်ဦးမယ်လို့ထင်တယ်။ သူ (မင်းအောင်လှုင်) ကတော့ အစွမ်းကုန်ကြိုးစားမှာပဲ။ ကျွန်တော်တို့လည်း ကြိုးစားရမှာဖြစ်တယ်။ ဒါကြောင့်မို့ ကချင်ပြည်နယ်ဘက်ကတော့ ရှေ့ဆက်ပြီး တိုက်ပွဲတော့ ပြင်းထန်ဦးမယ်” KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ

0
465
ပုံစာ - KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ

ကချင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနဲ့ ဆက်သွယ်မေးမြန်းချက်။

အာဏာသိမ်းစစ်ကောင်စီတပ်က KIO ဌာနချုပ်နယ်မြေ နမ်ဆန်ယန် (Namsan Yang) ကျေးရွာကို ခြေကုပ် အခြေချ တပ်စွဲနေထိုင်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေပေမယ့် တစ်လကျော်ကြာလာတဲ့အထိ ထိရောက်တဲ့ စစ်ဆင်ရေး လုပ်နိုင်တာမရှိသလို ထိခိုက်သေဆုံးမှုများပြီး အထိနာနေပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့ကနေ သင်္ဘောနဲ့ စစ်အင်အား ဖြည့်တင်းတာတွေ ၊ ရှမ်းပြည်နယ်ဘက်က ပြည်သူ့စစ်တွေ အထိ ကချင်ပြည်နယ်ဘက် ဝင်လာပြီး စစ်ကူပေးနေတာတွေ ရှိနေတာကြောင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲ ဘယ်လောက်ထိ ဖြစ်လာနိုင်တယ်ဆိုတဲ့ နောက်ဆုံး စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး KIO ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဗိုလ်မှူးကြီးခင်ဗျာ စစ်ကောင်စီတပ်တွေ ဗန်းမော်မြို့ကနေ သင်္ဘောနဲ့ စစ်အင်အားဖြည့်တင်းတာတွေ ကြားရတယ်။ ရှမ်းပြည်နယ်ဘက်ကလည်း ပြည်သူ့စစ်တွေအထိ ကချင်ပြည်နယ်ဘက် ဝင်လာတာရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဘယ်လို အခြေအနေတွေရှိနေပါလဲ။

ဖြေ။ ။ ယခု လက်ရှိအခြေအနေက ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပြည်သူ့စစ်တွေ စစ်သင်တန်းပေးနေတာတော့ ကြာပြီ။ နှစ်လလောက်တော့ ရှိပြီ။ မူဆယ်၊ တာမိုးညဲ၊ နမ်ဖတ်ကာ အဲဒီနေရာတွေမှာ စစ်သင်တန်းပေးတယ်။ လက်နက်ကြီးပစ်တဲ့ သင်တန်းအထိပေးတယ်။ အဲဒါပြီးတော့ ပြည်သူ့စစ်တွေကို မန္တလေးဘက်ခေါ်ယူပြီး မန္တလေး က တဆင့် လေကြောင်းနဲ့ ဗန်းမော်ဘက်ကို ပို့တယ်။ တချို့ကိုကြတော့ မြစ်ကြီးနားဘက် ပို့တယ်လို့ သတင်းရ တယ်။ အင်အားဘယ်လောက်ရှိလဲတော့ အတိအကျ မသိရသေးဘူး။ ဒါပေမယ့် သူတို့ခေါ်တာက ပြည်သူ့စစ် တစ်ဖွဲ့မှာ အယောက် (၅၀) ခေါ်တယ်လို့တော့ ပြောတယ်။

ရှမ်းပြည်နယ်မှာ ပြည်သူ့စစ်အဖွဲ့ (၅၀) ကျော် ရှိတယ်။ ဘယ်အဖွဲ့တွေလည်းတော့ မသိဘူး။ အကုန်တော့ မဟုတ်ဘူးထင်တယ်။ တာမူးညဲ ပြည်သူ့စစ်၊ မူဆယ် မြို့မပြည်သူ့စစ်၊ ရှမ်း၊ တရုတ်ပြည်သူ့စစ်တွေကို အဓိက ထားတယ်ထင်တယ်။ တစ်နေ့ကထိ ကြားရတဲ့ သတင်းမှာတော့ KDA ကောင်းခါးပြည်သူ့စစ်တွေကိုတော့ ပြောဆိုခြင်း မရှိသေးဘူးလို့ ပြောပါတယ်။ အဓိက ကတော့ မင်းအောင်လှိုင်အဖွဲ့တွေ စစ်အင်အား အရမ်း အားနည်းသွားပြီ ဖြစ်တယ်။ ဒါကြောင့်မို့ ပြည်သူ့စစ်တွေကို အသုံးပြုလာတယ်။ သူတို့တွေ စစ်သားစုဆောင်းဖို့ လည်း ခက်လာတယ်။ ဒါကတော့ ပြည်သူ့စစ်အကြောင်းပေါ့။

စစ်ရေး အခြေအနေကတော့ ဗန်းမော်မှာ သင်္ဘောနဲ့ ရောက်တဲ့ပစ္စည်းတွေအကုန် ဗန်းမော်မှာ ရှိနေသေးတယ်။ ဘယ်လို သယ်ယူမယ်ဆိုတာကတော့ အတိအကျ မသိသေးဘူး။ ဗန်းမော်ဘက် အဝင်အထွက် အကုန်ပိတ်ထား တယ်။ ဆိုင်ကယ်တွေ၊ ကားတွေအထိ သူတို့ပစ္စည်းသယ်ဖို့ အသုံးပြုကြတယ်။ အတည်ပြုလို့မရတဲ့ သတင်းတစ်ခု ကတော့ စက်လှေတွေနဲ့လည်း သယ်ယူဖို့ ရှိတယ်လို့ ကြားရတယ်။ ဒါပေမယ့် အတိအကျ မသိရသေးဘူးဆိုတော့ လူအင်အားဆိုလည်း ပြည်သူ့စစ်တွေကို ဗန်းမော်မှာ စုထားတယ်။ ပစ္စည်းတွေလည်း အဲဒီမှာ ရှိသေးတယ်။

မေး။ ။ စစ်ကောင်စီဘက် စစ်အင်အား၊ လက်နက်တွေ သင်္ဘောနဲ့ ကချင်ပြည်နယ်ဘက် ထိုးစစ်ဆင်လာတဲ့ အခြေအနေအရဆိုရင် ကချင်ပြည်နယ်ဘက် ဘယ်လောက်ထိ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ် ဆိုတာကို သုံးသပ်ပေးပါ။

ဖြေ။ ။ စစ်ရေးကတော့ ပြင်းထန်လာမှာပဲ။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထဲမှာ တိုက်ပွဲ ဖြစ်နေတာက KNU, KNPP, CNF တွေနဲ့ KIO တွေ ဖြစ်တယ်။ အချိန်ပြည့်တိုက်ပွဲ ဖြစ်နေတာက အဲဒီအဖွဲ့ (၄) ဖွဲ့ပဲ ရှိတယ်။ ဒီအဖွဲ့တွေဘက် အင်အားတိုးချဲ့ပြီး စစ်ဆင်ရေးလုပ်မယ် ထင်တယ်။ Karenni, KNU ဘက်တော့ အင်အားတိုးချဲ့ ပြီးပြီ။ အခုတော့ ကချင်နဲ့ ချင်းဘက် အားစိုက်မယ်လို့ သူတို့ရဲ့ (၄) လပတ် အတွင်းရေး ဆုံးဖြတ်ချက်တွေ ရှိတယ်လို့ သိရတယ်။

ဆိုတော့ တိုက်ပွဲအတွက် သူတို့ လေယာဉ် သုံးလာလိမ့်မယ်။ မိုးတွင်းစစ်ဆင်ရေးက အောက်တိုဘာလကုန် အထိတော့ လုပ်ကြတယ်။ သူတို့ လုပ်ထုံးလုပ်နည်းအရဆိုရင် အောက်တိုဘာလ အကုန်အထိ ဖြစ်တယ်။ ကချင်ပြည်နယ်ဘက်ကိုလည်း တိုက်ပွဲကတော့ ဒီအတောအတွင်း ပြင်းထန်ဦးမယ်လို့ ထင်တယ်။ သူ (မင်းအောင်လှုင်) ကတော့ အစွမ်းကုန်ကြိုးစားမှာပဲ။ ကျွန်တော်တို့လည်း ကြိုးစားရမှာ ဖြစ်တယ်။ ဒါကြောင့်မို့ ကချင်ပြည်နယ်ဘက်ကတော့ ရှေ့ဆက်ပြီး တိုက်ပွဲတော့ ပြင်းထန်ဦးမယ်လို့ အကြမ်းဖျင်း သုံးသပ်လို့ ရတယ်။

မေး။ ။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေပြောရမှာပေါ့၊ ကချင်ပြည်နယ်အတွင်း ဖြစ်နေတဲ့ တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်က ဘယ်လောက်ထိ ထိခိုက်နှစ်နာမှုရှိတာ တွေ့ရပါလဲ။

ဖြေ။ ။ အခုအချိန်ထိတော့ စစ်ကောင်စီတပ်တွေက နမ်ဆန်ယန်၊ မလိယန်၊ အောင်ဂျာ ဘက်ကို ထိုးစစ်ဆင် နေတာပဲ ရှိတယ်။ လွန်ခဲ့တဲ့ ဇူလိုင်လကနေ ထိုးစစ်ဆင်နေတဲ့ သူတို့ (စစ်ကောင်စီတပ်) တွေ တစ်လကျော် တောထဲမှာ နေနေရတာ ဖြစ်တယ်။ သူတို့တွေချည်းပဲ တက်လာဖို့ အစွမ်းလည်းမရှိ၊ ဗန်းမော်ကနေ တက်လာတဲ့ အစားအသောက်နဲ့ လူအင်အားတွေ ဖြည့်လာရင်တော့ ပြန်တက်လာမှာပါ။ ကျွန်တော်တို့ KIA တွေလည်း လက်နက်ကြီးနဲ့ Drone နဲ့ ပစ်တယ်လေ။

ကျွန်တော်တို့ သိရသလောက် အဲဒီမှာ (၈၀) လောက် ကျတယ်လို့ သိရတယ်။ တခြားတိုက်ပွဲတွေမှာတော့ ပြင်းပြင်းထန်ထန်တော့ မရှိဘူး။ ဖားကန့်ဘက်မှာ ဖြစ်တယ်။ အဲဒီဘက်မှာလည်း အချိန်တိုပဲ။ ဒါပေမယ့် ထိခိုက်တာတော့ ရှိတယ်လေ။ အချိန်ကြာ တိုက်ခိုက်နေတာက နမ်ဆန်ယန်ဘက် ဖြစ်တယ်။ ဇူလိုင်လ အတွင်းမှာပဲ စစ်ကောင်စီတပ်တွေ သေဆုံးတာ နေရာတကာက အကုန်ပေါင်းရင် ၁၀၀ နီးပါးလောက် ရှိတယ်။ သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရတာနဲ့ အဲဒီထဲမှာ စစ်ကောင်စီတပ် ဗိုလ်ကြီးလည်းပါတယ်။ အကြမ်းဖျင်းတော့ အဲဒီလိုရှိတယ်။

မေး။ ။ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ ဘယ်နှစ်ကြိမ် လာပစ်ခဲ့ပါလဲ။

ဖြေ။ ။ ဒီအတောအတွင်းမှာတော့ လေယာဉ်နဲ့ အရမ်းတော့ လာမပစ်ဘူး။ နမ်ဆန်ယန်ဘက် ၂ ကြိမ်၊ မလိယန်ဘက် ၂ ကြိမ် အဲဒီလောက်ပဲ။ ဖားကန့်ဘက်မှာတော့ ကသိုဏ်းတောင်ဘက်မှာ ပစ်တယ်။ ဆယ်ဇင်း ဘက်မှာတော့ သူတို့ကိုယ်တိုင် ကျွန်တော်တို့ဘက်ကို ထိုးစစ်ဆင်လာတော့ ခံတိုက်တာဖြစ်တယ်။ သူတို့ မြေပုံပေး မှားတာလားမသိဘူး၊ သူတို့နေတဲ့ နေရာမှာကိုပစ်တော့ သူတို့အများကြီး ကျတယ်။ သူတို့စစ်ကြောင်း ဆုံးတဲ့ နေရာမှာကို ပစ်တယ်၊ သူတို့ မြေပုံပေးမှားတာနေမှာ အဲဒီလိုတွေရှိတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ကချင်ပြည်နယ်ဘက် ဘယ်လောက်ထိ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့လည်း ဘယ်လို သတိထား၊ ပါဝင်ရမယ်ဆိုတာကို ပြောပြပေးပါ။

ဖြေ။ ။ တိုက်ပွဲတော့ ပြင်းထန်လာနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ ပန်းတိုင် ရောက်အောင် ကြိုးစားရမှာပဲ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ပြည်သူတွေနဲ့ လက်တွဲပြီးမှ ရမယ်။ အမျိုးသားရေး တာဝန် ဖြစ်တယ်။ ခက်ခဲတာတွေလည်း ရှိမယ်။ စစ်ပွဲဆိုတော့ သေကြေပျက်စီးတာလည်း ရှိမယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ရောက်အောင် တိုက်ရမှာဖြစ်တဲ့အတွက် အားတင်းတိုက်ရမှာပဲဆိုတော့ အစားအသောက်တွေလည်း ခက်ခဲတာလည်း ရှိလာနိုင်တယ်။ အကုန်လုံးကို ထိခိုက်လာနိုင်တယ်။

အစားအသောက် စုဆောင်းတာမျိုးတွေ၊ အခု သူတို့က နည်းလမ်းအမျိုးမျိူးနဲ့ ပိတ်ပင်တားဆီးနေတာ ဖြစ်တဲ့အတွက် ငွေကြေးအခက်အခဲလည်း ဖြစ်လာနိုင်တယ်။ လက်နက်ကြီးတွေ၊ လေယာဉ်တွေကို သူတို့အမြဲ သုံးနေတဲ့အတွက်ကြောင့် ပြည်သူတွေရှိတဲ့ဘက် ပရမ်းပတာ ပစ်လာနိုင်တယ်။ ဒါကြောင့် လူစုဝေးတာမျိုးတွေ သိပ်မလုပ်သင့်ဘူး။ လမ်းသွားလမ်းလာလည်း သတင်းတွေ နားစွင့်ပြီး သွားလာရမယ်။ သတင်းတွေနားမထောင်ပဲ သွားမိရင် သူတို့ (စစ်ကောင်စီ) စစ်ကြောင်းနဲ့တွေ့ပြီး ထိခိုက်ဒဏ်ရာရမှာ စိုးရိမ်ရတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူတွေအားလုံး အမြဲ သတင်းနားစွင့်သင့်တယ်လို့ ပြောချင်ပါတယ်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here