မွန်ပြည်ကာကွယ်ရေးတပ် MSDF ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းနဲ့ အမေးအဖြေ
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ မွန်ပြည်သူတွေကို ကိုယ်စားပြုတဲ့ တပ်တစ်ခု အနေနဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ လက်ရှိမှာတော့ မွန်ပြည်ကာကွယ်ရေး MSDF ဟာ မွန်ပြည်နယ်တောင်ပိုင်းဒေသဘက်မှာ လှုပ်ရှားနေပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက် နေပါတယ်။
MSDF နဲ့ အခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် NUG အကြား ဆက်ဆံရေး အခြေအနေတွေ၊ MSDF ရဲ့ စစ်ရေး လှုပ်ရှားမှုတွေ၊ နှစ်ဖက်တပ် တိုက်ပွဲတွေအကြား ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး မွန်ပြည်ကာကွယ်ရေးတပ် MSDF ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝှမ်းမှာ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေကြောင့် အရပ်သား ထိခိုက်သေဆုံးရတာတွေ ရှိနေပါတယ်။ လက်နက်ကိုင်တွေအနေနဲ့ အရပ်သားတွေ မထိခိုက်အောင်၊ ထိခိုက်မှု နည်းအောင် ဘယ်လိုလုပ်ဆောင်သင့်ပါလဲ။
ဖြေ။ ။ ဒီတိုက်ပွဲတွေ စစ်ပွဲတွေကြားမှာ အရပ်သားတွေရဲ့ ထိခိုက်မှုကြတော့ ကျနော်တို့နိုင်ငံမှာတောင် မဟုတ်ဘူး၊ တခြားတိုင်းပြည်မှာရော တခြားဖြစ်ပေါ်လာခဲ့တဲ့ ကမ္ဘာစစ်ပွဲတို့ နောက်ပြီးတော့ ဒုတိယကမ္ဘာစစ်တို့ တခြားတိုက်ပွဲတွေမှာ စစ်နဲ့မဆိုင်တဲ့ အရပ်သားသေဆုံးမှုတွေ တော်တော်လေး များလာခဲ့တယ်။ ဒါကြောင့်လည်းပဲ စစ်သည်တော်ကျင့်ဝတ်တို့ code of ethics တို့၊ နောက်ပြီးတော့ တိုက်ပွဲဖော်ဆောင်မှုဆိုင်ရာ ကျင့်ဝတ်ပေါ့နော်၊ code of conduct တို့ တပ်အားလုံးမှာကို ရှိသင့်တယ်။ ကျနော်တို့ တိုက်ပွဲတိုက်တာနဲ့ ရန်သူကို ရန်သူအကြားမှာ တိုက်ခိုက်တာ ဘာမှကိစ္စမရှိဘူး။ သေကြေတာလည်း ကိစ္စမရှိဘူး။
ကျနော်တို့ ဆုံးဖြတ်ချက် ချထားတယ်၊ ဒါကြောင့်ပဲ ပြည်သူကို မထိခိုက်အောင်ဆိုပြီး ခုနကအတိုင်း အဲဒီလိုမျိုး ကူညီနိုင်အောင်ပေါ့နော်၊ ဘယ်တပ်ဖြစ်ဖြစ် တိုက်ပွဲဖြစ်နေတဲ့ တပ်နှစ်တပ်၊ တပ်သုံးတပ်ကြား အဲဒီမှာ ပါနေတဲ့ တပ်တွေကြတော့ တကယ်လို့ code of ethics တို့ နောက်ပြီးတော့ code of conduct တို့ စစ်သည်တော် ကျင့်ဝတ်တို့ နောက်ပြီးတော့ စစ်ဖော်ဆောင်မှု ကျင့်ဝတ်တို့ လိုက်နာရင်တော့ လိုက်နာနိုင်ပြီးတော့ ဒီတိုက်ပွဲမှာ အရပ်သားတွေ မထိခိုက်နိုင်ဘူးပေါ့၊ ကျနော်တို့ဘက်မှာကြတော့ ခုနကျနော်ပြောသလိုပေါ့နော် ကျနော်တို့ မွန်ပြည်နယ်မှာ ကျနော်တို့ တိုက်ပွဲဖော်ဆောင်မယ်လို့ ရည်ရွယ်ရခြင်း အဓိက ဒီအတိုင်းပါပဲ။
ကျနော်တို့ တပ်ထဲမှာ code of conduct တို့ စစ်သည်တော် ကျင့်ဝတ်တို့ တိုက်ပွဲဖော်ဆောင်မှု ကျင့်ဝတ်တို့ တိုက်ပွဲဖော်ဆောင်တဲ့နေရာမှာ အရပ်သားတွေ ထိခိုက်မှုမရှိအောင် တခြားတစ်ဖက်မှာပေါ့နော်၊ စကစဘက်မှာ ကြတော့ code of ethics တို့ code of conduct တို့ စစ်သည်တော်ကျင့်ဝတ် ဘာမှမရှိ၊ တိုက်ပွဲဖြစ်တာနဲ့ ဟိုးအဝေးကနေ လက်နက်ကြီးတွေနဲ့ ချတယ်၊ လေယာဉ်ပျံကလည်း ဂျက်တိုက်တို့ အဲဒီကနေ ဗုံးတွေ ကြဲတယ်၊ စစ်ကိုင်း၊ မကွေးတို့ဘက် နောက်ပြီးတော့ မွန်ပြည်နယ်ဘက် အပြစ်မဲ့အရပ်သားတွေ ဒီအတိုင်းပဲ အမှန်မှာက ဘယ်တပ်မဆို စကစ ဖြစ်ဖြစ်၊ ကျနော်တို့ တပ်ဖြစ်ဖြစ် အဲဒီလိုမျိုး မလုပ်သင့်ဘူး။
အဲဒီလိုမျိုး နှစ်ဖက်လုံးကပေါ့နော် စစ်သည်တော်ကျင့်ဝတ်တွေနဲ့ code of conduct တွေ လိုက်နာနိုင်ရင်တော့ အရပ်သား ထိခိုက်မှု နည်းသွားမှာပေါ့နော်၊ ဘယ်လိုပဲ ဖြစ်ပါစေပေါ့၊ တခြားတစ်ဖက်ကနေ လိုက်နာသင့်တဲ့ code of ethics တို့ code of conduct တို့ စစ်သည်တော် ကျင့်ဝတ်တို့ မရှိနေဘူး။ ကျနော်တို့ဘက်မှာကြတော့ အဲဒီလို စစ်သည်တော် ကျင့်ဝတ်တို့ နောက်ပြီးတော့ အရပ်သားတွေကို မထိခိုက်နိုင်ဖို့ ကျနော်တို့ ရှောင်ပြီးတော့ တိုက်ပွဲ ဖော်ဆောင်မှုကို လုပ်သွားမှာ။
မေး။ ။ မွန်ပြည်ကာကွယ်ရေးတပ်နဲ့ မွန်ပြည်သစ်ပါတီတို့ ဆက်ဆံရေးက ဘယ်လိုမျိုးရှိနေလဲ။
ဖြေ။ ။ ကျနော်တို့ မွန်ပြည်သစ်ပါတီနဲ့တော့ မဟာမိတ်ပုံစံလိုမျိုးတော့ မဟုတ်သေးဘူး။ နောက်ပြီးတော့ ဆက်ဆံရေး နေရာမှာလည်း informal ပါပဲ၊ ပုံမှန်ဆက်ဆံတာတော့ မဟုတ်ဘူး။ စစ်မြေပြင်မှာ ဖြစ်ဖြစ်၊ အပေါ်မှာ ဖြစ်ဖြစ်၊ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတိုင်ပင်တာတော့ ရှိတယ်။ အဓိကကြတော့ ကျနော်တို့ တပ်ဖွဲ့နှစ်ဖွဲ့ပေါ့နော်၊ မွန်ပြည်ကာကွယ်ရေးတပ်နဲ့ မွန်ပြည်သစ်ပါတီတို့ လက်နက်ကိုင်တိုက်ပွဲ မဖြစ်အောင် confrontation မဖြစ်အောင် ပြဿနာမဖြစ်အောင် အဲဒီလိုမျိုး ကျနော်တို့ ထိန်းထားတယ်။
အခုချိန်မှာကြတော့ မွန်ပြည်သစ်ပါတီ ကြတော့ စကစနဲ့ ပွင့်ပွင့်လင်းလင်း ဆန့်ကျင်တာတို့ တိုက်ပွဲဝင်တာတို့ မရှိဘူး။ ဒါကြောင့်ပဲ စစ်ရေးမဟာမိတ် အနေနဲ့လည်း အဲဒီလိုမျိုးဖွဲ့ဖို့ ခက်နေတာပေါ့နော်၊ ဒါပေမဲ့ နိုင်ငံရေးရည်မှန်းချက်ကြတော့ အတူတူပါပဲ၊ ကျနော်တို့ မွန်ကာကွယ်ရေးတပ်တို့ အခြားမွန်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ အခြားလက်နက်ကိုင်တပ်တွေ နောက်ပြီးတော့ မွန်ပြည်သစ်၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ် တို့ အားလုံး အန္တိမ ရည်ရွယ်ချက်ကြတော့ ကျနော်တို့ အမျိုးသားရေး၊ နိုင်ငံရေး ရည်မှန်းချက်ပါပဲ။
ဒါပေမဲ့ လုပ်ဆောင်မှု လျှောက်လှမ်းတဲ့ လမ်းစဉ်ကြတော့ မတူဘူးပေါ့နော်၊ သုံးစွဲနေတဲ့ ကိုင်တွယ်ထားတဲ့ စစ်ရေး၊ နိုင်ငံရေး မဟာဗျူဟာနဲ့ နည်းဗျူဟာကြတော့ မတူဘူး။ ဒါပေမဲ့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကြတော့ အမျိုးသားရေးကို ဦးတည်ပြီးတော့ ရည်ရွယ်ထားတဲ့ ရည်ရွယ်ချက်ပဲဆိုတော့ မဟာမိတ် မဖြစ်မယ့်အစား လက်နက်ကိုင် ပြဿနာမဖြစ်ဖို့ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ကိုရောက်အောင် အတူတူသွားနိုင်ပါတယ်။
မေး။ ။ လက်ရှိ တော်လှန်ရေးအခင်းအကျင်းနဲ့ ပတ်သက်ပြီး မွန်လူငယ်တွေကို ဘယ်လို သတင်းစကား ပါးလိုပါလဲ။
ဖြေ။ ။ ကျနော်တို့ မွန်လူငယ်တွေကို သတင်းစကား ပါးချင်တာက အခုဒီတော်လှန်ရေး အခင်းအကျင်း မှာပေါ့နော်၊ ကျနော်တို့ မွန်လူငယ်တွေအတွက် တော်တော်လေး အရေးကြီးတဲ့ ကာလပါ၊ လူငယ်တွေကြတော့ အခုမျက်မှောက်ကာလမှာရော နောင်လာမယ့် အနာဂတ်ကာလမှာပါ ခေါင်းဆောင်ဖြစ်လာမယ့် အမျိုးသားရေး လုပ်ငန်းတွေ ကျနော်တို့ နိုင်ငံတော်တာဝန်တွေကို ထမ်းဆောင်ရမယ့် လူတွေ ဖြစ်တယ်။ ဒါကြောင့်ပဲ အခုချိန်မှာ တကယ်လို့ ကျနော်တို့ မွန်ပြည်ငြိမ်းချမ်းရေး နောက်ပြီး ကျနော်တို့ မွန်ပြည်မှာရှိတဲ့ မွန်ပြည်သူပြည်သားတွေ မွန်အမျိုးသားအပါအဝင် မွန်ပြည်မှာရှိနေတဲ့ တခြားတိုင်းရင်းသား ညီအကိုအားလုံးရဲ့ ငြိမ်းချမ်းရေးအတွက် လုံခြုံရေးအတွက် တကယ့်ကို လူငယ်တွေမှာ တာဝန်ရှိတယ်။နောက်ပြီးတော့ စွန့်လွတ်မှုလည်း လိုတယ်။
ကျနော်တို့ အင်္ဂလိပ်စကားပုံရှိတယ်၊ အခု မိမိတို့ တိုက်ပွဲတိုက်နေရတာ နောက်နောင်လာမယ့် ကျနော်တို့ သားသမီးတွေ ကျနော်တို့ရဲ့မြေးတွေ အေးချမ်းဖို့ အခုချိန်မှာ ကျနော်တို့ စစ်ပွဲဝင်နေရတယ်၊ အခုလိုမျိုး ကျနော်တို့ အေးအေးဆေးဆေး နေရတာက အရင်တုန်းက ကျနော်တို့ ရဲ့ အဘိုးအဘွားတွေ တိုက်လာခဲ့လို့ အခုလိုမျိုး ငြိမ်းချမ်း နေတာပေါ့နော်။ ဒါကြောင့်ပဲ တကယ်လို့ ကျနော်တို့ မွန်ပြည်ကို ငြိမ်းချမ်းစေချင်ရင် မွန်ပြည် လုံခြုံရေးတော့ ရချင်ရင်တော့ အခုချိန်မှာကြတော့ လူငယ်တွေပေါ့နော်၊ မွန်ပြည်နယ်မှာ ဖြစ်နေတဲ့ တစိမ့်စိမ့် ဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲမှာကြတော့ တစ်ထောင့်တစ်နေရာကနေ အားလုံးပါဝင်ဖို့ လိုတယ်။
ဒီလုပ်ငန်းမှာကြတော့ အမျိုးသားရေးလုပ်ငန်းမှာကြတော့ လူငယ်တွေရော ခေါင်းဆောင်တွေရော အားလုံး လက်တွဲပြီးတော့ အတူတကွ လုပ်ဖို့လိုတယ်။ အထူးသဖြင့် လူငယ်တွေပေါ့နော်၊ ကိုယ်ကျိုးစွန့်လွတ်ပြီးတော့ မိမိတို့ရဲ့ ငြိမ်းချမ်းရေး မွန်ပြည်လုံခြုံရေး ကျနော်တို့ မွန်ပြည်သူပြည်သားတွေ လုံခြုံရေး တိုးတက် ကောင်းမွန်ရေးအတွက် တာဝန်ရှိတယ်ဆိုတော့ ဒါကြောင့်ပဲ လူငယ်တွေ နွေဦးတော်လှန်ရေးထဲမှာ နောက်ပြီးတော့ ဆက်လာမယ့် အမျိုးသား တော်လှန်ရေးထဲမှာ ပါဝင်ကြဖို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်။
မေး။ ။ မွန်ပြည်ကာကွယ်ရေးတပ်နဲ့ NUG အကြား ဘယ်လိုဆက်ဆံရေးမျိုးကို တည်ဆောက်ထားပါလဲ။
ဖြေ ။ ။ ကျနော်တို့ မွန်ပြည်ကာကွယ်ရေးတပ်နဲ့ NUG အကြားတော့ မိတ်ဖက်အဖွဲ့အစည်းပေါ့နော်၊ နိုင်ငံရေး၊ စစ်ရေးမဟာမိတ် အဖွဲ့လိုပါပဲ၊ ကျနော်တို့ မွန်ပြည်ကာကွယ်ရေးတပ်တော့ တခြား PDF တွေနဲ့ မတူဘူး။ PDF မှာလည်း နှစ်မျိုးနှစ်စား ရှိပါတယ်။ သီးသန့် လွတ်လွတ်လပ်လပ် လှုပ်ရှားတဲ့ PDF တွေရယ်၊ နောက်ပြီးတော့ NUG ရဲ့ MoD ပေါ့နော် Ministry အောက်မှာ လှုပ်ရှားတဲ့အဖွဲ့တွေရယ် ရှိတယ်။ အဲဒီအဖွဲ့အစည်းတွေကြတော့ NUG ရဲ့ change of command ပေါ့နော်၊ စစ်ဗျူဟာအရ လှုပ်ရှားရတယ်။ ကျနော်တို့ တပ်ကြတော့ အဲဒီလိုမျိုး မဟုတ်ဘူး။ ကျနော်တို့ မွန်ပြည်ကာကွယ်ရေးတပ်ကြတော့ လွတ်လပ်တဲ့တပ်ဖွဲ့ တစ်ခုပါ၊ ရည်ရွယ်ချက်ကလည်း နှစ်မျိုးပါ။
NUG ရဲ့ ရည်ရွယ်ချက်က အခုမျက်မှောက် အခြေအနေမှာ စစ်ကောင်စီကို အမြစ်ပြတ် တိုက်ထုတ်ပြီးတော့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ အောင်ပွဲရဖို့ နွေဦးတော်လှန်ရေးက NUG ရဲ့ အန္တိမ ရည်ရွယ်ချက်ပေါ့နော်။ ကျနော်တို့ တပ်ရဲ့ ရည်ရွယ်ချက်ကြတော့ အဲဒီနောက်အထိ အမျိုးသားရေးနဲ့ဆိုင်တဲ့ ပန်းတိုင်တွေ အမျိုးသားရေးဆိုင်ရာ မဟာဗျူဟာတွေ အများကြီး ရှိသေးတယ်ဆိုတော့ ကျနော်တို့တပ်ကြတော့ လွတ်လပ်တဲ့တပ်ဖွဲ့ တစ်ခုပါ။ ဒါပေမဲ့ NUG နဲ့ဖြစ်ဖြစ်၊ တခြားမဟာမိတ် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ ဖြစ်ဖြစ် နိုင်ငံရေး၊ စစ်ရေး မဟာမိတ် အနေနဲ့ ကျနော်တို့ အဲဒီလိုမျိုး ဆက်သွယ်ထားတာတော့ ရှိတယ်။
မေး။ ။ နောင်အနာဂတ်မှာ ဘယ်လို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမျိုးကို တည်ဆောက်လိုပါလဲ။
ဖြေ။ ။ ဖက်ဒရယ်ရေးရာနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ကျနော်တို့လည်း လေ့လာထားတယ်။ နောက်ပြီးတော့ ဖက်ဒရယ်ကြတော့ တော်တော်လေး communication ဖြစ်တာပေါ့နော်။ ဖက်ဒရယ်မှာကြတော့ အဓိကကျတာ နှစ်မျိုးပေါ့နော်၊ Holding together federalism (အတူပေါင်းစည်းရေး ဖက်ဒရယ်စနစ်) ရယ်၊ Coming together federalism (အတူယှဉ်တွဲရေး ဖက်ဒရယ်စနစ်) ပေါ့၊ Holding together federalism ကြတော့ အရင်တုန်းက ဗမာပြည်မှာဖွဲ့ခဲ့တဲ့ ပြည်ထောင်စုလိုမျိုးပေါ့၊
အဲဒီမှာကြတော့ ပြည်နယ်တွေ မကွဲသွားအောင်၊ ပြဿနာ မဖြစ်အောင် ထိန်းထားပြီးတော့ ပြည်နယ်ဖွဲ့ထားတဲ့ သဘောမျိုး၊ Coming together ကြတော့ လွတ်လပ်ပြီးသား ပြည်နယ်တွေပေါ့နော်၊ ဥပမာ ဩစတေးလျ နိုင်ငံလိုမျိုး တခြား အမေရိကန်တို့လိုမျိုး၊ ဂျာမဏီတို့လိုမျိုး လွတ်လပ်ပြီးသား ပြည်နယ်တွေကြတော့ အတူတူ ကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ လာပြီးတော့ ပူးပေါင်းတယ်၊ အဲဒါကြတော့ Coming together နောက်နောင် ကျနော်တို့ ဖွဲ့စည်းမယ့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံမှာကြတော့ Coming together federalism ပေါ့နော်။
လွတ်လပ်တဲ့ မွန်ပြည်နယ်ရယ်၊ လွတ်လပ်တဲ့ ကရင်ပြည်နယ်ရယ်၊ လွတ်လပ်တဲ့ ကချင်ပြည်နယ်ရယ်၊ လွတ်လပ်တဲ့ ရှမ်းပြည်နယ်ရယ်၊ အားလုံးကိုယ့်ရဲ့ စိတ်ဆန္ဒအတိုင်း ကိုယ့်ရဲ့အစိုးရကို ကိုယ်စားပြုပြီးတော့ အတူတူ ပူးပေါင်းတဲ့ဟာမျိုး ဖြစ်ချင်တယ်။ ဒါပေမဲ့ ဖက်ဒရယ်မှာကြတော့ ပြည်နယ် အစိုးရရယ်၊ ဗဟိုအစိုးရရယ် ရှိတယ်။ ဒါပေမဲ့ အာဏာကြတော့ ပြည်နယ်အစိုးရမှာ အများဆုံးရှိတယ်။ ဒါကြောင့်ပဲ နောက်နောင် ဖြစ်နိုင်ရင်တော့ Coming together federalism လိုမျိုး ဖြစ်ဖို့ ကျနော်တို့ ရည်မှန်းထားတယ်။
နောက်တစ်ခုပေါ့နော် တကယ်လို့ အခြေအနေပေးနိုင်ရင်ပေါ့နော် ကျနော်အမြင်ကြတော့ ကွန်ဖက်ဒရေးရှင်း ပေါ့နော်၊ ကွန်ဖက်ဒရိတ်လောက်တော့ ကျနော်တို့ ဖြစ်ချင်တယ်၊ တခြားပြည်နယ်တော့ မဟုတ်ဘူး။ ပထဝီ အနေအထားအရ ဥပမာ ကျနော်တို့ မွန်ပြည်နယ်လိုမျိုး၊ ရခိုင်လိုမျိုး အဲဒီပြည်နယ်တွေကြတော့ ကွန်ဖက်ဒရိတ် အဆင့်တောင် လုပ်နိုင်တယ်။ ကျနော်တို့ အနေနဲ့ တခြားနိုင်ငံတွေနဲ့ အဆက်အသွယ်ရှိတယ်။
ဒါကြတော့ ကိုယ့်ရဲ့အခြေအနေနဲ့ ပထဝီနိုင်ငံရေးနဲ့ အင်အားအပေါ်မှာ မူတည်နေတာပေါ့နော်။ ဒါကြောင့်ပဲ အတိုခြုံငုံပြီး ပြောရရင်တော့ ကျနော်တို့ ရည်မှန်းထားတာက ပထမတစ်ခုကြတော့ Coming together federalism ရယ်၊ နောက်ပြီးတော့ တကယ်လို့ အခြေအနေပေးရင် ပထဝီနိုင်ငံရေးနဲ့ ကျနော်တို့ရဲ့ အမျိုးသား အင်အား ရှိလာရင်တော့ ကွန်ဖက်ဒရိတ်၊ ကွန်ဖက်ဒရေးရှင်း ဖက်ဒရယ်အဆင့်တောင် ကျနော်တို့ ဖြစ်ချင်တယ်။
မေး။ ။ မွန်ပြည်ကာကွယ်ရေးတပ် MSDF အနေနဲ့ ဘာများ ဖြည့်စွက်ပြောဆိုချင်ပါသေးလဲ။
ဖြေ။ ။ ထပ်ဖြည့်ပြောချင်တာက အခုချိန်မှာကြတော့ တော်လှန်ရေးအတွက် တော်တော်လေး အရေးကြီးတဲ့ အချိန် ဖြစ်တယ်၊ ဒါကြောင့်ပဲ တော်လှန်ရေးအောင်မြင်ဖို့ တော်လှန်ရေးမှာကြတော့ တော်လှန်ရေး နှစ်မျိုးပေါ့နော်၊ နွေဦး တော်လှန်ရေးရယ်၊ အခုမျက်မှောက်ကာလမှာ ကျနော်တို့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးရယ်၊ နောက်ပြီးတော့ ရေရှည်အရ အမျိုးသားရည်မှန်းချက် အောင်မြင်ဖို့ အမျိုးသားအောင်မြင်ရေးအတွက် အမျိုးသား ညီညွတ်ရေး ရှိဖို့လိုအပ်တယ်၊ ကျနော်တို့ မွန်မှာပေါ့နော်။
ဒီလို အမျိုးသားညီညွတ်ရေး တည်ဆောက်တဲ့ နေရာမှာကြတော့ unity in diversity ဆိုတဲ့ သဘောအတိုင်း ကျနော်တို့ မွန်တပ်ဖွဲ့တွေအကြား၊ ကျနော်တို့ မွန်နိုင်ငံရေး အဖွဲ့အစည်းတွေအကြား ကျနော်တို့ မွန်လူမှု အဖွဲ့အစည်းတွေအကြားမှာ မတူကွဲပြားမှုတွေကို အလေးမထားပဲနဲ့ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ confrontation (ထိပ်တိုက် ရင်ဆိုင်မှု) မရှိအောင် နောက်ပြီးတော့ မတူတာတွေ ထားပြီးတော့ တူတဲ့ဟာတွေ ကိုပေါ့နော် Operation လုပ်ဖို့၊ လက်တွဲပြီးတော့ အတူတူ အမျိုးသားရေးအတွက် တော်လှန်ရေးအတွက် ဒီထက် ပိုပြီးတော့ ညီညွတ်မှုကို တည်ဆောက်ကြပါစို့လို့။ ကျနော်တို့ မွန်အမျိုးသားတွေရော မွန်ပြည်နယ်မှာရှိတဲ့ မွန်ပြည်နယ်သူ၊ ပြည်နယ်သား အားလုံးပေါ့နော်၊ ကျနော်အနေနဲ့ ဆန္ဒပြုချင်ပါတယ်။
IMNA ပေးပို့သည်။