ခင်ဦးမှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် တစ်နှစ်ခွဲအရွယ် အမြွာကလေးငယ် သေဆုံးမှုဖြစ်စဉ်အပေါ် ခင်ဦးဒေသခံ အမျိုးသမီးတစ်ဦးနှင့် အမေးအဖြေ
အာဏာသိမ်း စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(UG) တွေ ရှိတယ်ဆိုပြီး ပစ်ခတ်လို့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ မြကန်သာရပ်ကွက် အရှေ့ပိုင်းမှာ တစ်နှစ်ခွဲအရွယ် အမြွာကလေးငယ်တစ်ဦးနဲ့ အသက် ၅၃ နှစ် အရွယ် အမျိုးသားတစ်ဦးတို့ သြဂုတ် ၁၇ ရက် ညပိုင်းမှာ သေဆုံးခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ခင်ဦးမြို့နယ်အတွင်း မြေပြင်အချက်အလက်များကို မှတ်တမ်းကောက်ယူနေတဲ့ ခင်ဦးဒေသခံ အမျိုးသမီးတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ခင်ဦးမြို့၊ မြကန်သာရပ်ကွက်ကအိမ်မှာ စစ်ကောင်စီ ဝင်ရောက်ပစ်ခတ်တဲ့ကိစ္စက ဘယ်လိုဖြစ်ပွားခဲ့တာပါလဲ။
ဖြေ။ ။ ခင်ဦးမြို့ပေါ်မှာ မနေ့ည (ဩဂုတ် ၁၇ ရက်) ၉ နာရီလောက်က ဖြစ်သွားတာ။ ဇလီဖာတုံး စက်ရုံထဲမှာ UG (ပြောက်ကျား လှုပ်ရှားသူများ) တွေ ရှိတယ်ဆိုပြီး သူတို့ (စစ်ကောင်စီအဖွဲ့) ဝင်ပစ်တာ။ အဲ့ဒီလို ဝင်ပစ်တဲ့အချိန်မှာ အဘိုးတစ်ယောက်နဲ့ ကလေးက ပွဲချင်းပြီးပေါ့နော်။ ကလေးက အမွှာကလေးလေးတွေ နှစ်ယောက်ထဲက တစ်ယောက် သေသွားတာ။ သူတို့နှစ်ယောက်ကို အရင်ပစ်တယ်။ ပြီးမှ စက်ရုံထဲမှာရှိတဲ့ သူတို့ UG၊ ကာကွယ်ရေးတပ်လို့ ယူဆတဲ့သူတွေကို သူတို့ ဝင်ပစ်တယ်။ အဲ့ဒီမှာ စက်ရုံထဲရှိတဲ့ လူငယ်တစ်ယောက် လက်ထိတယ်။ ကျန်တဲ့သူတွေကတော့ လွတ်သွားတယ်။
မေး။ ။ ပစ်ခတ်မှုကြောင့် ဘယ်သူတွေများ ထိခိုက်သွားပါလဲ။
ဖြေ။ ။ ကလေးနဲ့ အဘိုးက စစ်ကောင်စီက စက်ရုံဘက်ကိုအလာ သူတို့နှစ်ယောက်က အပြင်ထွက်တဲ့ အချိန်နဲ့ တိုးပြီးတော့ သူတို့က မဲမဲမြင်ရာ အကုန်ပစ်သွားတာပဲ။ လူကြီးတွေ လူငယ်တွေ မဟုတ်ဘူး။ သူတို့တွေ့ရာ အကုန်ပစ် သွားတာ။ သူတို့နှစ်ယောက်ကို အရင်ပစ်သွားတာ။ အဝေးကနေ ခြောက်ပြီး အရင်ပစ်ခတ်တယ်။ ပြီးတော့ မြင်မြင်ရာကို ပစ်ထည့်လိုက်တာ။ ည ၉ နာရီဆိုတော့ လူရိပ်မြင်တာနဲ့ ပစ်ထည့်လိုက်တာဆိုတော့ အဲ့ဒီမှာ ကလေးနဲ့လူကြီး နှစ်ယောက် သေသွားတယ်။ နောက်လူငယ်တစ်ယောက်က လက်ထိသွားတယ်ပေါ့။ လက်မောင်းစပ်ကို ထိသွားတာဆိုတော့ လက်ကလည်း ဖြတ်ပစ်ရမယ်လို့ ပြောတယ်။
မေး။ ။ လက်ရှိမှာရော ဘယ်လိုအခြေအနေတွေ ရှိပါလဲ။
ဖြေ။ ။ ကလေးနဲ့ လူကြီးကိုတော့ ဒီနေ့မနက်ပိုင်းက သင်္ဂြိုလ်လိုက်ပြီ။ သူတို့(စစ်အုပ်စု)က ရမ်းသမ်းပစ်ပြီးတဲ့ နောက်ပိုင်းမှာ သူတို့ လိုချင်တဲ့သူ မတွေ့တဲ့အခါကျတော့ ဇလီဖာတုံး စက်ရုံထဲမှာ ရှာဖွေနှောက်ပြီး မရှိတာလည်း သိရော ထားပြီး ပြန်ထွက်သွားကြတယ်။ ကလေးအမေနဲ့ ကျန်တဲ့မိသားစုတွေ ဘယ်လိုရှိလဲ ဆိုတာတော့ မသိရသေးဘူး။ လက်ရှိ ခင်ဦးနယ်ကတော့ အေးချမ်းမှုတော့ မရှိဘူးပေါ့။ လာရင်ပြေး၊ သူတို့ရွာတွေကို စစ်ကြောင်း ထိုးရင်ပြေး၊ မပြေး သေမှာကိုး။ တလရက် ၃၀ ရှိရင် ၃၅ ရက်လောက်က ပြေးနေရတယ်ပဲ အောက်မေ့တာ။
မေး။ ။ အဲ့ဒီနေရာက ဘယ်လိုကြောင့် လာပစ်ခတ်တယ်လို့ ထင်ပါလဲ။
ဖြေ။ ။ ကျမတို့ ယူဆတာကတော့ မြို့ပေါ်ဆိုတော့ များသောအားဖြင့်ကတော့ ဒလန်နဲ့ စကစ လူတွေ များတယ်လေ။ များတော့ ကျမတို့ထင်တာက ဒီထဲမှာ ဘယ်သူဘယ်ဝါတွေ ရှိတယ်ဆိုတာ ဒလန်သတင်းပေး မရှိဘဲနဲ့တော့ မသွားဘူးပေါ့။ ရှိလို့သာ တိတိကျကျ ည ၉ နာရီ အိပ်မောကျတဲ့ အချိန်ကို ဝင်လာတာလေ။ စက်ရုံမှာနေတဲ့ သူတွေကလည်း သာမာန်ပြည်သူတွေ အလုပ်သမားတွေပါပဲ။ UG ဆိုတာကို သူတို့က ဘာနဲ့ တိုင်းတာပြီး ပြောတာလဲ။
မေး။ ။ ပစ်ခတ်မှုကိုရော ဘယ်ကလုပ်တယ်ဆိုတာမျိုး သိရပါလား။
ဖြေ။ ။ အဲ့ဒါကတော့ သူတို့မြို့ပေါ်မှာ အထိုင်ချထားတဲ့တပ် ရှိတယ်။ ခင်ဦးရဲစခန်းမှာ အထိုင်ချထားတဲ့တပ်က နေပြီးတော့မှ လာပြီးပစ်တာ။
မေး။ ။ ပစ်ခတ်ခံရတဲ့ မိသားစုအခြေအနေရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ အဲ့ဒါကတော့ ကျမတို့အဆက်အသွယ် မရသေးဘူး။ ကာကွယ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး သတင်းရတာ ဆိုတော့လေ။
မေး။ ။ ဘာများဖြည့်စွက် ပြောချင်တာရှိပါလဲ။
ဖြေ။ ။ ပြည်သူတွေကတော့ စစ်သားတွေလာရင် ပြေး၊ သူတို့က ခွေးရူးများလိုပဲ မဲမဲမြင်ရင် ကိုက်ပေါ့နော်။ ကျမတို့ ပြည်သူတွေအတွက်ကတော့ ကိုယ့်အတွက် ကိုယ်ကတော့လွတ်အောင် ပြေးရမှာပဲ။ သူတို့က လူစိတ် မရှိဘူး။ ပြည်သူကျွေးတဲ့ လစာနဲ့ ထမင်းစားပြီး ပြည်သူကို ပြန်သတ်နေတဲ့သူတွေ။ ကျမတို့ ပြည်သူတွေအနေနဲ့က ဒီစစ်အုပ်စုကို ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး။ ခွင့်မလွှတ်နိုင်သလို ကျမတို့ နိုင်ရာတာဝန်ထမ်းပြီး ဘယ်တော့မှ မလျော့သောဇွဲနဲ့ အဆုံးထိအောင် သွားမှာပါ။
ရှမ်းနီအသံ ပေးပို့သည်။