လဲချားမြို့နယ်အတွင်း စစ်ကောင်စီနှင့် SSPP တို့ကြား နှစ်ဖက်စစ်ရေးတင်းမာမှုကို ရင်ဆိုင်ကြုံတွေ့နေရသည့် လဲချားမြို့ဒေသခံ အသက် ၂၇ နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦးနှင့်အမေးအဖြေ
သျှမ်းပြည်၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့မှာ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော် သေဆုံးခဲ့ရပြီး၊ အရှင်ဖမ်းမိသူ ၂ ဦးနဲ့ ၎င်းတို့ရဲ့ စစ်လက်နက်တွေအပါအဝင် ကား ၁ စီးကိုလည်း သိမ်းပိုက်လိုက်မိတယ်လို့ SSPP/SSA ဘက်က ထုတ်ပြန်ထားပါတယ်။
ထိတွေ့တိုက်ပွဲပြီးဆုံးခဲ့ပေမယ့် ယနေ့အချိန်အထိ လဲချားမြို့နယ်အတွင်း နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ရှိနေသေးတဲ့အတွက် ဒေသခံတွေမှာလည်း စစ်ရေးတင်းမာမှုကြားမှာ ကြောက်လန့်စိုးရိမ်နေကြရပါတယ်။
စစ်ကောင်စီတပ်နဲ့ SSPP /SSA တို့ကြား စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံတွေက ဘာကို စိုးရိမ်ကြောက်လန့် နေကြရလဲ၊ လက်ရှိ မြေပြင်အခြေအနေက ဘယ်လိုရှိနေလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး လဲချားမြို့ဒေသခံ အသက် ၂၇ နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ လက်ရှိ လဲချားမြို့နယ်အတွင်းက မြေပြင်အခြေအနေတွေကို ပြောပြပေးပါဦး။
ဖြေ။ ။ လက်ရှိ မြေပြင်အခြေအနေကို ပြောရမယ်ဆိုရင်တော့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းတပ် (PNA) က ရွာထဲကို ဝင်ရောက် နေရာယူထားတယ်။ မန်ပုံ ကျေးရွာပေါ့နော်။ ပြီးတော့ ရွာအဝင်အထွက် နှစ်ဖက်စလုံးကို သူတို့ စစ်သားတွေနဲ့ စောင့်ကြည့်ထားတယ်။ ဖြတ်သန်းသွားလာဖို့ စစ်ဆေးမေးမြန်းမှုတွေ တအားလုပ်တယ်။ SSPP/ SSA တပ်ကတော့ နမ့်တိန်းချောင်းရဲ့ အရှေ့ဘက်မှာ ရှိနေကြတယ်။ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းတပ်၊ ပြည်သူ့စစ်တပ်တွေကတော့ ဒီနမ့်တိန်းချောင်းရဲ့ အနောက်ဘက်ကို နေရာယူထားတာပေါ့။ သူတို့ ကြားမှာ နမ့်တိန်းချောင်း ခြားထားတယ်။ ကျေးရွာက ပြည်သူတွေ မြို့တက်ဖို့က တအားခက်ခဲတယ်၊ စစ်သားတွေ စောင့်ပြီး စစ်ဆေးကြလို့လေ၊ သူတို့က ဂိတ်ကို ပေးမဖြတ်တာများတယ်။
မေး။ ။ လဲချားမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိတွေ့တိုက်ပွဲဖြစ်စဉ်ကို ပြောပြ ပေးပါဦး။
ဖြေ။ ။ တိုက်ပွဲ စ စဖြစ်တာကတော့ မက်လန်းကျေးရွာဘက်မှာစပြီး ဖြစ်တာပေါ့နော်။ SSPP တပ်က နမ့်တိန်းချောင်းရဲ့ အရှေ့ဘက်မှာရှိနေတော့ စစ်ကောင်စီတပ်က ချောင်းရဲ့အနောက်ဘက်နေပြီးတော့ လက်နက်ကြီးနဲ့ SSPP တပ် ရှိရာကို လှမ်းလှမ်းပစ်တာ။ အဲ့ကနေ SSPP တပ်ကလည်း ပြန်တိုက်ရင်းနဲ့ စစ်ကောင်စီတပ်က ဆုတ်ပြီး ဒီဘက်ထိ ရောက်လာကြတာပေါ့။ အဲ့တိုက်ပွဲ ဖြစ်ကတည်းက ကျမတို့ရွာ (မန်ပုံရွာ) ကို စစ်ရှောင်ခွင့် မပေးဘူး။ အဲ့တိုက်ပွဲ ဖြစ်တဲ့အချိန်ကနေ အခုထိ ရွာပြင်ထွက်ခွင့်မပေးတာ။
မေး ။ ။ တိုက်ပွဲဖြစ်လာတော့ ဒေသခံတစ်ယောက်အနေနဲ့ ဘယ်လိုခံစားမိလဲ၊ စိုးရိမ်ကြောက်လန့်မှုက ဘာရှိလဲ။
ဖြေ ။ ။ အခုလို တိုက်ပွဲဖြစ်တော့ သွားရေးလာရေး ခက်တာပေါ့။ တချို့က ဝမ်းစာအတွက် အလုပ်သွား လုပ်ရမယ်ဆိုလည်း စစ်သားတွေက သွားခွင့်မပေးတာမျိုး၊ ပြီးတော့ အခုလိုချိန်က ကောက်စိုက်ပြီးသား လယ်တွေကို ရေတွေပြန်စစ် ကြည့်ရမယ်၊ မြေသြဇာလေးတွေ ဖြည့်ပေးရမယ်။ ဒါတွေကို လုပ်ရမယ့် အချိန် ဖြစ်တယ်။ တကယ်လို့သာ စစ်သားက ရွာထဲကို လာလာစောင့်ပေမယ့် အခုလိုမျိုး သွားရေးလာရေးတွေကို မပိတ်ပင်ဘူး၊ ဒေသလုံခြုံရေးအတွက်ပဲ ယူပေးမယ်ဆိုရင် ဒေသခံတွေကလည်း ဝမ်းစာလုပ်ငန်းတွေကို လုပ်လို့ရတယ်။ သွားရေးလာရေးအတွက်လည်း အဆင်ပြေသွားမှာပေါ့၊ အခုက အဲ့လိုမဟုတ်တော့ တချို့ မိသားစုက တခြားသူဆီက သွားချေးငှားပြီး စားသောက်နေကြရတယ်။
နောက်ထပ် စိုးရိမ်မှုတစ်ခုကတော့ စစ်သားတွေ ရွာထဲဝင်လာနေတော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှာကို ကြောက်တာပေါ့။ အဲ့ဒီ သြဂုတ်လ ၆ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ ကျမတို့လိုလူငယ်က လက်နက်ကြီး သံကြားရလို့ ကြောက်နေခဲ့ရတာလေ။ အဲ့တာကို တချို့သော သက်ကြီးရွယ်အိုတွေ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေဆို ဘယ်လောက်ကြောက်မလဲ။ အခုထိလည်း သူတို့ (စစ်ကောင်စီ) ပစ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် လိပ်ပြာလွှင့်ပြီး ဖျားကြတာ ရှိတယ်။ တချို့ လူကြီးလည်း သွေးတိုးကြတာ ရှိတယ်။
မေး ။ ။ လက်ရှိအခြေအနေမှာ စစ်ရေးတင်းမာမှု ရှိနေတဲ့ ကျေးရွာဒေသက ဘယ်နေရာတွေ ဖြစ်ပါလဲ။
ဖြေ ။ ။ SSPP/SSA တပ်တွေ နေရာယူထားတဲ့ နမ့်တိန်းချောင်းရဲ့ အရှေ့ဘက် အခြေအနေကိုတော့ မသိရဘူး။ ဒီနမ့်တိန်းချောင်း အနောက်ဘက် စစ်ကောင်စီတပ်တွေ နေရာယူထားတဲ့ မန်ပုံရွာလို နေရာတွေမှာတော့ SSPP နေရာယူထားတဲ့ နေရာနဲ့တော့ ဝေးတယ်။ ဒါပေမဲ့ ပန်လျန်းတို့၊ ဟိုင်းဆိုင်၊ မက်လန်းတို့ စတဲ့ အဲ့လိုကျေးရွာတွေ ဘက်မှာတော့ တော်တော်များများက မြို့ပေါ်ကို စစ်ရှောင် ထွက်ပြေးသွားပြီလို့ ကြားတယ်။ မန်ပုံကျေးရွာမှာ ဆိုရင်လည်း ပအိုဝ်းတပ်နဲ့ စစ်ကောင်စီတပ်က ပတ်ပတ်လည် နေရာယူထားပြီးသား ဖြစ်နေတယ်။
မေး။ ။ စစ်ရှောင်တွေက ဘယ်မှာနေထိုင်ကြရလဲ။ စားဝတ်နေရေးတွေကရော ကိုယ့်ဘာသာစီစဉ် နေရတာလား။
ဖြေ။ ။ လူအများကြီးနဲ့ တစုတစည်းတည်း နေနိုင်ကြတာဆိုလို့ ဘုန်းကြီးကျောင်းတို့၊ ဇရပ်တို့ပဲ ရှိတာလေ။ မြို့ပေါ်ဘုန်းကြီးကျောင်းနဲ့ ဇရပ်တွေမှာ သွားရောက်နေထိုင်ကြတယ်လို့ သိရပါတယ်။ တချို့ကလည်း အမျိုးအိမ်တွေ၊ သူများဝိုင်းတွေမှာ သွားပြီး နေနေကြတာလို့ သိရပါတယ်။ လူဦးရေ အတိအကျတော့ မသိရသေးဘူး။ သူတို့ စားဖို့သောက်ဖို့က မြို့ထဲက ကူညီပေးတဲ့အဖွဲ့ ရှိတယ်လို့လည်း ကြားမိတယ်။
မေး ။ ။ အခုလည်း တိုက်ပွဲတွေ၊ စစ်ရေးတင်းမာမှု အခြေအနေတွေက ရက်ရှည်ကြာလာတော့ ဒေသခံ တစ်ယောက်အနေနဲ့ ဘယ်လိုပြောချင်ပါလဲ။
ဖြေ ။ ။ အခက်အခဲကတော့ စားရေးသောက်ရေး ဝမ်းစာအတွက် အလုပ်လုပ်ရေးတွေ ဖြစ်တာပေါ့။ စစ်ရေး တင်းမာမှုများလေ အလုပ်လက်မဲ့ ဖြစ်ရတဲ့နေ့ရက်လည်းများလေ ဖြစ်လာတယ်။ တချို့မိသားစုတွေက တစ်နေ့လုပ်မှ တစ်နေ့စားရတာတွေ ဖြစ်တယ်။ နည်းနည်း အဆင်ပြေတဲ့သူဆိုရင်တောင်မှ အခုလို စစ်ရေး တင်းမာနေတော့ စုဆောင်းထားတာတွေကိုပဲ ပြန်ပြန်သုံးနေတော့ ကုန်မှာပဲလေ။ အထက်က ကျမ ပြောခဲ့သလိုပဲ တချို့က ဆန်၊ ဆီ၊ ဆားတွေ မရှိတော့လို့ သူများဆီက ချေးငှားပြီး စားသောက်နေရတာတွေလည်း ရှိတယ်။ အဲ့ဒါကြောင့် ဖြစ်နိုင်ရင်တော့ စစ်သားတွေ ရွာထဲ၊ ရွာနားတွေ လာမနေတာ အကောင်းဆုံးပေါ့။ အဲ့လိုဆိုရင် ထိတွေ့တိုက်ပွဲဖြစ်လည်း ရွာကိုထိခိုက်မှု နည်းမှာ။
မေး။ ။ လဲချားမြို့မှာဆိုရင် စစ်ကောင်စီတပ်နဲ့အပြင် သျှမ်းတပ်အချင်းချင်း တိုက်ပွဲဖြစ်တာလည်း ရှိနေတော့ ဒေသခံ လူငယ်အမျိုးသမီး တစ်ယောက်အနေနဲ့ ဘယ်လို မြင်မိပါလဲ။ ဘာပြောချင်လဲ။
ဖြေ။ ။ ကျမအမြင် ပြောရမယ်ဆိုရင်တော့ သျှမ်းတပ်အချင်းချင်း တိုက်ပွဲဖြစ်တာတော့ မဖြစ်သင့်ဘူးလို့ မြင်မိပါတယ်။ စစ်အာဏာသိမ်းလို့၊ ကိုဗစ်ဖြစ်လို့ ကုန်ဈေးနှုန်းတွေ အစစအရာအရာ ဈေးတက်ပြီး အခြေခံ လူတန်းစားတွေအတွက် ဘဝရပ်တည်ဖို့ ခက်ခဲနေတဲ့အချိန်မှာ တိုက်ပွဲထပ်ဖြစ်ရင် ပိုပြီးလို့တောင် ခက်ခဲသွား မှာပေါ့။ အရင်က သျှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်လို့ စစ်ရှောင်ခဲ့ရတဲ့ ပြည်သူတွေဟာ အခု စစ်ကောင်စီနဲ့ သျှမ်းတပ်တိုက်ပွဲဖြစ်လို့ စစ်ဘေးစစ်ဒဏ်ကို ထပ်မံရှောင်ခဲ့ရပြန်တယ်။ တချို့ဆိုရင် နိုင်ငံခြားထိ ထွက်ပြေးသွား တာလည်း ရှိနေတယ်။ ရပ်ရွာထဲမှာဆိုရင် လူငယ်လူရွယ်တွေ မရှိတော့ဘူး။ ထိုင်းသွားလိုက်၊ တာချီလိတ် သွားလိုက်နဲ့ စစ်ဘေးစစ်ဒဏ်တွေကို ရှောင်ထွက်သွားကြပြီ။ အဲ့ဒါကြောင့် ဒီလူ့စွမ်းအား အရင်းအမြစ်တွေ နိုင်ငံခြားဆီ အကုန်မရောက်ခင် တိုက်ပွဲတွေမရှိဘဲ နယ်မြေကို ငြိမ်းငြိမ်းချမ်းချမ်း ရှိနေစေချင်တယ်လို့ ပြောချင်တယ်။
မေး။ ။ ဒေသအတွင်းမှာ ဒီလိုတိုက်ပွဲဖြစ်လာတော့ လူငယ်အတွက်ရော ရပ်တည်နေထိုင်ဖို့အတွက် ဘယ်လို အခက်အခဲတွေရှိပါလဲ။
ဖြေ။ ။ လူငယ်တော်တော်များများက စစ်မှုထမ်းရမှာကြောက်လို့ နိုင်ငံခြားကို ထွက်ပြေးကြတာ များပါတယ်။ အခုဆိုရင် လူငယ်တွေလုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို လူကြီးတွေကပဲ အစားထိုး လုပ်ပေးနေရ တာလေ။ ဥပမာ တချို့အိမ်ဆို လယ်ထွန်ဖို့ ဆန်အိတ်ထမ်းဖို့ လူငယ်တွေမရှိလို့ လုပ်နိုင်သေးတဲ့ လူကြီးတွေက လုပ်ရတာမျိုးပေါ့။
မေး။ ။ အခုချိန်က စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်တပ်တချို့က သျှမ်းတပ်နှစ်တပ်ကိုလည်း အာဏာရှင်စနစ် တော်လှန်တိုက်ခိုက်ဖို့ ပြောကြတာတွေ့ရတယ်။ ဒီအပေါ်မှာ သျှမ်းလူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်မိလဲ။
ဖြေ။ ။ ဖြစ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် အခု ကျမတို့နေ့စဉ် ခက်ခက်ခဲခဲ နေထိုင်ဖြတ်သန်းနေရတဲ့ ဘဝက စစ်အာဏာသိမ်းမှု တစ်စိတ်တစ်ပိုင်းလည်း ပါဝင်နေတာလေ။ အမှန်ဆိုရင် ဘယ်အာဏာရှင်စနစ်ကိုမှ မလိုလားဘူး။ ဘယ်သူမှ မလိုချင်ကြပါဘူး။ ဒါကြောင့် အာဏာရှင်စနစ်ကို တိုက်ထုတ်တာက ဖြစ်သင့်ပါတယ်။
မေး ။ ။ လူငယ်တစ်ယောက်အနေနဲ့ ဖြစ်စေချင်တဲ့ ရည်ရွယ်ထားတဲ့အနာဂတ် သျှမ်းပြည်က ဘယ်လိုပုံစံမျိုးလဲ။
ဖြေ။ ။ ကျမအနေနဲ့တော့ ကျမတို့သျှမ်းပြည်ကြီး တိုးတက်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တာပေါ့။ သွားရေးလာရေး ၊ စီးပွားရေးတွေ အဆင်ပြေမယ်ဆိုရင် ပြည်သူတွေကလည်း အဆင်ပြေကြမယ်လေ။ လုံခြုံရေး လည်း စိုးရိမ်စရာ မဟုတ်တော့ဘဲ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။