တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် လော့သိုင်းကျေးရွာအုပ်စု အလယ်စခန်းကျေးရွာအနီး ကြောင်လျှာကွင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံများ ဉယျာဉ်ခြံလုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲ ကြုံတွေ့နေကြ သည်ဟု ပြောဆိုသည်။
အလယ်စခန်းကျေးရွာ အနီးတဝိုက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇူလိုင်လ ၁၈ ရက်နေ့က စပြီး တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်အထိ အလယ်စခန်းကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်များက စခန်းချတပ်စွဲထားပြီး နှစ်ဖက်စစ်ရေး တင်းမာနေသည့်အနေအထားကြောင့် ဒေသခံများ ဉယျာဉ်ခြံထဲသို့ မသွားရဲကြသည့် အခြေအနေရှိနေသည်ဟု ဒေသခံ ခြံပိုင်ရှင်များက ပြောသည်။
ခြံထဲသို့ မသွားနိုင်သည့်အတွက် ခြံထွက်သီးနှံများ ခူးရန်၊ ခြံလုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲ ကြုံတွေ့နေရပြီး စားဝတ်နေရေးအတွက်ပါ စိန်ခေါ်မှု ဖြစ်လာစေသည်ဟု ဒေသခံ ခြံပိုင်ရှင်တစ်ဦးက ပြောသည်။
“ဒီနယ်မြေမှာ အသက်မွေးဝမ်းကျောင်းအတွက်က ခြံပဲ ရှိတယ်။ ခြံသမားတွေကြီးပဲ၊ ခြံကိုပဲ အဓိကထား လုပ်ကိုင် ကြတယ်။ ခြံမသွားရရင် သစ်သီးတွေ သွားမခူးရရင် စားဝတ်နေရေးအတွက် အခက်အခဲ ရှိသွားတယ်။ ဒီသစ်သီးတွေ သွားခူးရမှ စားဝတ်နေရေးက အဆင်ပြေတာပေါ့။ အခုသွားလို့ မရဲဘူးဆိုတော့ အခက်ခဲဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ဥယျာဉ်ခြံလုပ်ငန်းကို အဓိက စီးပွားရေးတစ်ခုအဖြစ် လုပ်ကိုင်နေကြသည့် ဒေသခံများက နှစ်ဖက် တိုက်ပွဲကြောင့် အခက်အခဲ ကြုံတွေ့နေရချိန်တွင် တဘက်တွင်လည်း မြင့်တက်လာသည့် ကုန်စျေးနှုန်းကြောင့် မိသားစု စားဝတ်နေရေး ပိုပြီးခက်ခဲစေသည်ဟု ဒေသခံများက ပြောဆိုသည်။
ယင်းအခြေအနေကြောင့် ပိုင်ဆိုင်မှုများကို ထုခွဲရောင်းချပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရသည်ဟု ဒေသခံအမျိုးသမီးကြီးတစ်ဦးက အခုလို ပြောသည်။
“အဒေါ်တို့ ခြံနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုနေတာ၊ အခုဆို ခြံလည်း သွားလို့မရ၊ မိသားစု စားဝတ်နေရေး ကလည်း ရှိသေးတယ်ဆိုတော့ သူများဆီက ချေးငှား၊ ရှိတာလေးတွေကို ရတဲ့စျေးနဲ့ ရောင်းချရတယ်။ ဆန်ကလည်း စျေးကြီး၊ စားဖို့သောက်ဖို့က ခြံကနေပဲရတာ ခြံသွားလို့ မရဘူးဆိုတော့ ရှိတာလေးနဲ့ပဲ စားသောက်ရတယ်” ဟု အဆိုပါ ဒေသခံအမျိုးသမီးကြီးက ပြောသည်။
ပုံမှန်အခြေအနေဆိုပါက ဥယျာဉ်ခြံလုပ်ငန်းများသည် ဥယျာဉ်ခြံတစ်ခြံကို ခြံအရွယ်အစားပေါ် မူတည်ပြီး တစ်နှစ်လျှင် ဝင်ငွေအနည်းဆုံး သိန်းသုံးဆယ်မှ အများဆုံး သိန်းရာကျော် အထိ ရရှိနေကြကြောင်း ဒေသခံများထံက သိရသည်။
ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီး ကြောင်လျှာကွင်းတွင် မြေမြှုပ်မိုင်းနင်းမိသည့် ဖြစ်စဉ်များ ရှိခဲ့သည့် အတွက် လက်ရှိတွင် တိုက်ပွဲအပြင်၊ မြေမြှုပ်မိုင်း အန္တရာယ်ကိုလည်း ဒေသခံတို့က စိုးရိမ်နေကြသည်ဟု ပြောသည်။
ပြီးခဲ့သည့် မေလကုန်ပိုင်းက ရေဖြူမြို့နယ်၊ အလယ်စခန်းရွာနှင့် လော့သိုင်းရွာ အရှေ့ဘက်ခြမ်းရှိ သာယာဝတီ ကျေးရွာအနီးတွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
ရေဖြူမြို့နယ်၊ အလယ်စခန်းဒေသသည် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေဒေသ ဖြစ်ပြီး စစ်ကောင်စီတပ်များ၊ ကရင်လက်နက်ကိုင် တပ်ဖွဲ့များ လှုပ်ရှားသွားလာနေသည့် အပြင် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့လည်း လှုပ်ရှားသွားနေသည်ဟု သိရသည်။
IMNA ပေးပို့သည်။