ဖာပွန်က စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ နုတ်မထွက်ပါက အရေးယူမည်ဟု KNU ထပ်မံသတိပေး

By MPM 9 ဩဂုတ်, 2023 👁

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU)၊ မူတြော်ခရိုင်၊ အမှတ် (၅) တပ်မဟာနယ်မြေအတွင်းရှိ ဖာပွန်မြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ နုတ်မထွက်ပါက ပိုမိုထိရောက်စွာ အရေးယူသွားမည်ဟု KNU စစ်ရေးချုပ်ရုံး၊ အမှတ် (၅) တပ်မဟာဌာနချုပ်က ထပ်မံ ထုတ်ပြန်သတိပေးထားကြောင်း သိရှိရသည်။

အဆိုပါ ထုတ်ပြန်အသိပေးမှုကို သြဂုတ်လ (၈) ရက်နေ့ ရက်စွဲဖြင့် KNU ဗဟို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ ကော်သူးလေက ကြေညာထားခြင်း ဖြစ်ပြီး ကြေညာချက်အတိုင်း အတိအလင်း လိုက်နာဆောင်ရွက် ကြပါရန်နှင့် မလိုက်နာသောသူအား အမိန့်ဆန့်ကျင်သူများအဖြစ် သတ်မှတ်ပြီး ယခင်ထက်ပိုပြီး ထိ‌ရောက်သည့် အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားအတွက် အထောက်အကူပေးနေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရာထူးတာဝန်မှ စွန့်လွတ်၊ ထွက်ခွာ၊ နုတ်ထွက်ရန် ၂၀၂၃ ခုနစ်၊ ဇန်နဝါရီ (၁) ရက်နေ့က ထုတ်ပြန် အသိပေးထားခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိ စစ်ကောင်စီ အကျိုးပြုလုပ်ငန်းများ လုပ်ကိုင်နေသည့် ဝန်ထမ်းများအား ထပ်မံ အသိပေးရခြင်းဖြစ်ကြောင်း KNU ဗဟိုက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လပိုင်း အတွင်းက KNU တပ်မဟာ ၅ နယ်မြေအတွင်း KNLA နှင့် စစ်ကောင်စီ၊ BGF ပူးပေါင်း အဖွဲ့တို့ အကြား တိုက်ပွဲ ၁၉၀ နီးပါး ဖြစ်ပွားခဲ့ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲများကြောင့် စစ်ကောင်စီဘက်မှ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ၈၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ KNLA ဘက်မှ ရဲဘော် ၁ ဦး ကျဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ ၅ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိရဉ္စရာ ပေးပို့သည်။