မှတ်ပုံတင်ခွင့်ရ ရခိုင်နိုင်ငံရေးပါတီများ လက်နက်ကိုင်အဖွဲ့နှင့် မပတ်သက်ရန် ရွေးကောက်ပွဲကော်မရှင်ညွှန်ကြား

0
336
ပုံစာ - ရခိုင် နိုင်ငံရေးပါတီများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တွေ့ဆုံစဉ်။

ရခိုင်ပြည်ထဲ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရသည့် ပါတီများအနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းနှင့် မပတ်သက်ကြရန် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရခိုင်ပြည်နယ်တာဝန်ခံက ညွှန်ကြားခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၁ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်နှင့် ရခိုင်ပြည်မှ မှတ်ပုံတင်ခွင့် ရရှိထားသည့် ရခိုင့်ဦးဆောင်ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၅ ခုတို့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် တွေ့ဆုံစဉ် ထိုသို့ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြိုတိုင်းရင်းသားပါတီဥက္ကဋ္ဌ ဦးအေးထွန်းက “လက်နက်ကိုင်အဖွဲ့အစည်းနဲ့ မပတ်သတ်ဖို့ဆိုတာက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနဲ့ နည်းဥပဒေမှာလည်း ပါပြီးသားလေ။ အဲဒါလည်း ညွှန်ကြားခဲ့တာ ဟုတ်ပါတယ်” ဟု ပြောသည်။

ယင်းနေ့က တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီများမှာ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ မြိုတိုင်းရင်းသာပါတီ (MNP)၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MNDP)၊ ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ (RSNUP) တို့ ဖြစ်သည်။
ယင်းအနက် မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MNDP) ကို ဇူလိုင် ၃ ရက်တွင် လည်းကောင်း၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီကို မေ ၅ ရက်တွင် လည်းကောင်း၊ မြိုတိုင်းရင်းသားပါတီ(MNP)ကို မေလ ၄ ရက်တွင် လည်းကောင်း၊ ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ (RSNUP)ကို မေလ ၂ ရက်တွင်လည်းကောင်း UEC က မှတ်ပုံတင်ခွင့်ကို အသီးသီး ခွင့်ပြုပေးထားပြီး ဖြစ်သည်။

ယင်းနေ့က တွေ့ဆုံမှုတွင် မှတ်ပုံတင်ခွင့်ရရှိထားသည့် ပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေအရ မြို့နယ် ၅ ခုတွင် ပါတီရုံး ဖွင့်လှစ်ရန်နှင့် သတ်မှတ်ထားသည့် ပါတီဝင်လူအင်အားကို မှတ်ပုံတင်ခွင့်ရပြီးနောက် ရက်ပေါင်း ၉၀ အတွင်း စည်းရုံးရန်လည်း ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

မြိုတိုင်းရင်းသားပါတီ ဥက္ကဋ္ဌဦးအေးထွန်းက “ တခြား ညွှန်ကြားတာတွေကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အတွင်းမှာ စည်းရုံးမယ့် ပါတီတွေက အနည်းဆုံး မြို့နယ် ၅ ခုမှာ ပါတီရုံး ဖွင့်လှစ်ဖို့နဲ့ ပါတီရုံးနဲ့တူအောင် သပ်သပ်ရပ်ရပ် စနစ်တကျ လုပ်ဖို့တွေပေါ။ မှတ်ပုံတင်ခွင့် ရရှိခဲ့တဲ့နေ့ကစပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် အင်အားစည်းရုံးဖို့တွေ မှာကြားပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လူသိများသည့် ရခိုင်အမျိုးသားပါတီ (ANP) မှာ ယခုအချိန်ထိ ပါတီမှတ်ပုံတင်ခွင့် မကျသေးကြောင်း သိရသည်။
ရခိုင်သို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇူလိုင်လ ၁၀ ရက်နှင့် ၁၁ ရက်အတွင်း ရောက်ရှိခဲ့ချိန်တွင် အဆိုပါ နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။

ရခိုင်သို့ရောက်ရှိလာခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေသတည်ငြိမ်အေးချမ်းမှ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဇူလိုင်လ ၁၁ ရက်က စစ်တွေတပ်နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိမိသားစုများနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here