တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA နှင့် စစ်ကောင်စီတပ်တို့ မူဆယ်မြို့နယ်နှင့် မိုင်းငေါ့မြို့နယ်တို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်နှင့် PSLF/TNAL တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အချိန်အတန်အကြာ ရပ်တန့်နေရာမှ ဇူလိုင်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်သည်။
ဇူလိုင်လ ၁၁ ရက်နေ့ တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံ အမျိုးသမီးတစ်ဦးက “ဒီနေ့ကတော့ မူဆယ်မြို့ နမ့်တောင်းရွာဖက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်” ဟု အတည်ပြု ပြောသည်။
သို့သော် မူဆယ်နှင့် မိုင်းငေါ့မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ အသေးစိတ် သတင်း အချက်အလက်များ မသိရသေးဘူးဟု ၎င်းက ပြောဆိုသည်။
“ ဇူလိုင်လ ၁၀ ရက်နေ့က မိုင်းငေါ့မြို့နယ် ဒီနမ့်တွေကြားမှာ တိုက်ပွဲဖြစ်သွားခဲ့တယ်။ အချိန်က ၂ နာရီ ၃ နာရီ ဝန်းကျင်ပေါ့လေ။ ၉ နာရီကနေ ၁၂ နာရီဆိုတော့ ၂ နာရီကျော်ကျော် အကြာပေါ့လေ။ ခလရ ၂၅၇ နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ တိုက်ပွဲဖြစ်ရတဲ့ အကြောင်းအရင်းက ပြီးခဲ့တဲ့ရက် တိုက်ပွဲမတိုင်ခင်မှာ မြန်မာစစ်တပ်က ထိုးစစ်ဆင်တဲ့ အတွက်ကြောင့်မို့လို့လေ” ဟု PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံ အမျိုးသမီးက ဆက်ပြောသည်။
ယခုဇူလိုင်လအတွင်း အင်အား ၇၀ ခန့် ရှိသည့် စစ်ကောင်စီတပ်သည် မိုင်းငေါ့မြို့ကနေ PSLF/TNLA လှုပ်ရှားရာ ဒေသဘက်သို့ စစ်အင်အား ပိုမိုတိုးချဲ့ လှုပ်ရှားလာသည့်အပြင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ပွဲများအတွင်း PSLF/TNLA ဘက်က ထိခိုက်ကျဆုံးမှု မရှိသလို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကိုလည်း မသိရသေးဟု ၎င်းက ဆိုသည်။
လက်ရှိတိုက်ပွဲ ဖြစ်ပွားနေသည့် ဒေသများတွင် စစ်ရေးတင်းမာလျက် ရှိနေပြီး နှစ်ဘက်စလုံးက အခြေအနေကို စောင့်ကြည့်နေသည်ဟု PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံ အမျိုးသမီးက ဆက်ပြောသည်။
တိုင်းရင်းသားဒေသများထဲတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
စစ်တပ်က အာဏာသိမ်းယူပြီးနောက် ပြည်နယ်နှင့် တိုင်းတချို့တွင် စစ်ကောင်စီတပ်သည် ဒေသဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့များနှင့်လည်း ပြင်းပြင်းထန်ထန် တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထိုသို့ တိုက်ပွဲများ ပြင်းထန်နေချိန် စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA လှုပ်ရှားရာ၊ ထိန်းချုပ်ရာ ဒေသများဘက်ကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ လျော့ချလိုက်သည့်အတွက် နှစ်ဘက်ထိတွေ့မှုများ အချိန်အတန်ကြာ ရပ်တန့်ခဲ့သည်။
သို့သော် ယခုဇူလိုင်လထဲတွင် TNLA လှုပ်ရှားရာ ဒေသဘက်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်လာသည့်အတွက် အချိန်အတန်အကြာ ရပ်တန့်နေသည့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်သည်။
NMG ပေးပို့သည်။