“လိုအပ်ချက်တွေများစွာထဲမှာမှ အလိုအပ်ဆုံးကတော့ စားဝတ်နေရေးအတွက်ပေါ့။ စားဝတ်နေရေးလို့ ပြောလို့ရသလို ရံပုံငွေလို့လည်း ပြောလို့ရတယ်ပေါ့။ ရဲမေရဲ့ သုံးပုံတစ်ပုံကျော်လောက်က စစ်ရှောင်နေရတဲ့ ရဲမေတွေ ဖြစ်တယ်” KNDF တပ်ရင်း 5 အမျိုးသမီးတပ်ခွဲတာဝန်ရှိသူ အိန်ဂျလစ်မို

0
315
ပုံစာ - KNDF တပ်ရင်း 5 အမျိုးသမီးတပ်ခွဲ တာဝန်ရှိသူ အိန်ဂျလစ်မို (Photo - KNDF/B-05)

KNDF တပ်ရင်း 5 အမျိုးသမီးတပ်ခွဲ တာဝန်ရှိသူအိန်ဂျလစ်မိုနဲ့ အမေးအဖြေ

နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ တော်လှန်ရေးမှာ အားကောင်းတဲ့အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်နေနိုင်ပြီး အင်အား ၈၀၀၀ ဝန်းကျင် ရှိရာမှာ အမျိုးသမီးအင်အား ၆၀၀ ဝန်းကျင် ပါဝင်တယ်လို့ ဥက္ကဌခွန်းဘီထူးက ဖြေကြားခဲ့ဖူးပါတယ်။

ဒါ့အပြင် KNDF တပ်ရင်း ၂၂ ရင်း ထဲက တပ်ရင်း ၅ ဟာဆိုရင်လည်း အမျိုးသမီးတွေပဲ ပါဝင်ဦးဆောင်နေတဲ့ တပ်ခွဲတစ်ခုအဖြစ် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ ၃၀ မှာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ တစ်နှစ်ကျော်လာတဲ့ အမျိုးသမီးတပ်ခွဲတွေ အနေနဲ့ ဘယ်လို စိန်ခေါ်ချက်တွေကို အဓိက ရင်ဆိုင်နေရသလဲ၊ လတ်တလောမှာ ဘာတွေ ကြုံတွေ့နေရပြီး ဘယ်လိုဖြေရှင်းနေရကြလဲဆိုတာကို တပ်ခွဲတာဝန်ရှိသူ အိန်ဂျလစ်မိုကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ တစ်နှစ်အတွင်း အမျိုးသမီးတပ်ခွဲ အနေနဲ့ ဘာတွေ လုပ်ဆောင်ခဲ့ပါလဲ။ တခြားတပ်ခွဲတွေနဲ့ မတူတဲ့ တာဝန်တွေ၊ လုပ်ငန်းတွေ ရှိပါလား။ ဘာတာဝန်တွေကို ထမ်းဆောင်ရပါလဲ။

ဖြေ။ ။ အမျိုးသမီးတပ်ခွဲ ဖွဲ့စည်းလာတာကလည်း တစ်နှစ်ရှိပြီပေါ့နော။ ဒီဖွဲ့စည်းစက လုပ်ရမယ့် လုပ်ငန်းစဉ်တွေ ရေးဆွဲခဲ့တာတွေ ရှိတယ်။ ပါဝင်နိုင်တဲ့ အမျိုးသမီးအနေနဲ့ပေါ့နော။ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍတွေ အကုန်လုံးကို ဆွဲခဲ့တယ်။ အဲ့ဒီလုပ်ငန်းစဉ်ထဲမှာမှ ဒီတစ်နှစ်အတွင်းမှာ ဆိုလို့ရှိရင် ပထမ တစ်ခုအနေနဲ့ အမျိုးသားရဲဘော်တွေနဲ့ ရှေ့ကင်းနေရာ ယူပေးတာရှိတယ်။ တချို့ Mission (စစ်ဆင်ရေး ) အကြီးတွေမှာဆိုရင် အမျိုးသားရဲဘော်တွေနဲ့ ရှေ့တန်းအထိ အတူလိုက်ခဲ့တာတွေ ရှိတယ်ပေါ့နော။ တချို့က Medic အပိုင်းမှာ တချို့က မီဒီယာအပိုင်းမှာပေါ့နော။ အဲ့လိုတွေ သွားခဲ့တာရှိတယ်။ ပြီးတော့ ဂိတ်တွေမှာလည်း တာဝန်ယူခဲ့ရတာတွေ ရှိတယ်။ ဂိတ်စောင့် ပေးတာမျိုးပေါ့။ တခြားတပ်ခွဲတွေနဲ့ မတူတာကတော့ ရဲဘော်တွေအတွက် တပိုင်တနိုင် ယူနီဖောင်း( ဝတ်စုံ ) ချုပ်ပေးတာပေါ့နော။ အကျွမ်းကြီး မဟုတ်ပေမယ့်လည်း ဝတ်စုံ အရေးကြီးလိုနေတဲ့ ရဲဘော်တွေအတွက် တပိုင်တနိုင် ယူနီဖောင်း ချုပ်ပေးတာပေါ့နော။

မေး။ ။ လုပ်ဆောင်ချက်တွေထဲမှ အမျိုးသမီးတပ်ခွဲအတွက် ဂုဏ်ယူရဆုံးသော အောင်မြင်မှုတစ်ခုဆိုရင် ဘာဖြစ်မလဲ။

ဖြေ။ ။ တစ်နှစ်အတွင်း ဂုဏ်ယူရဆုံးလို့ ပြောရမယ်ဆိုရင် ရဲမေတစ်ချို့က တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ အဓိက လုပ်ငန်းပိုင်းမှာ ပါဝင်နေရာယူပေးခဲ့တာ ရှိတယ်ပေါ့နော။ အဲ့ဒါက ဂုဏ်ယူရဆုံးအပိုင်းပေါ့နော။ ဥပမာ အဲ့ဒီဒရုန်းအပိုင်းမှာ အမျိုးသမီးတွေ ပါဝင်ဦးဆောင်တာ ရှိတယ်။ ပြီးတော့ ခုနက ပြောသလိုပဲ ယူနီဖောင်း ချုပ်တာကလည်း ရဲဘော်တွေအတွက် အဆင်ပြေတာတွေ့တော့ ဂုဏ်ယူရတာပေါ့နော။

မေး။ ။ တစ်နှစ်အတွင်း အမျိုးသမီးတပ်ခွဲအတွက် အခက်ခဲဆုံး ဖြစ်စေခဲ့တဲ့အရာက ဘာဖြစ်မလဲ။

ဖြေ။ ။ ခက်ခဲတာကို ပြောရမယ်ဆိုရင် ခက်ခဲတာက အများကြီးရှိတယ်ပေါ့နော။ ရဲမေအားလုံးက ဖွဲ့စည်းစတုန်းကဆိုရင် စိတ်အားထက်သန်စွာနဲ့ ပါဝင်လာကြပေမယ့်လည်း နောက်ပိုင်းမှာ မိသားစု အခက်အခဲတွေကို မဖြေရှင်းတာရယ် တချို့ရဲမေတွေက ငယ်ရွယ်သေးတော့ ကိုယ့်လုပ်နိုင်စွမ်းကို မသိသေးတာရယ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု နည်းနေသေးတာရယ် ကြောင့်ပေါ့နော၊ ဒီတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ထိထိရောက်ရောက် ပါဝင်လှုပ်ရှားဖို့ စိန်ခေါ်မှုက အများကြီး တွေ့လာခဲ့ရတာပေါ့နော။

မေး။ ။ လိုအပ်ချက်တွေကတော့ အများကြီး ရှိနေမှာပဲပေါ့နော။ ဒီထဲမှာမှ အလိုအပ်ဆုံးသော အရာတစ်ခု ဆိုရင် ဘာဖြစ်မလဲ။

ဖြေ။ ။ လိုအပ်ချက်တွေများစွာထဲမှာမှ အလိုအပ်ဆုံးကတော့ စားဝတ်နေရေးအတွက်ပေါ့။ စားဝတ်နေရေးလို့ ပြောလို့ရသလို ရံပုံငွေလို့လည်း ပြောလို့ရတယ်ပေါ့။ ရဲမေရဲ့ သုံးပုံတစ်ပုံကျော်လောက်က စစ်ရှောင်နေရတဲ့ ရဲမေတွေ ဖြစ်တယ်ပေါ့နော။ ကျန်တဲ့လူကတော့ ကိုယ့်အိုးကိုယ့်အိမ်မှာ တာဝန်ချိန်က လွဲရင် အိမ်မှာပြန်ပြီးတော့ နေထိုင်စားသောက်လို့ ရတယ်ပေါ့နော။ ရဲမေအများစုကတော့ စုရပ်မှာပဲ ရှိနေတာကြောင့် သူတို့ရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးရတာပေါ့နော။ ဒါက လိုအပ်ချက်များစွာပေါ့နော။ အမြဲတမ်းလည်း လိုတယ်ပေါ့နော။

မေး။ ။ အမျိုးသားတွေနဲ့တန်းတူ စစ်မြေပြင်မှာ လှုပ်ရှားစေနိုင်ရတဲ့ အဓိကတွန်းအားက ဘာဖြစ်မလဲ။

ဖြေ။ ။ အမျိုးသားရဲဘော်တွေနဲ့တန်းတူ စစ်မြေပြင်မှာ လှုပ်ရှားနိုင်တဲ့ အဓိက တွန်းအားဖြစ်စေတဲ့ အရာကတော့ ကျမတို့ အမျိုးသမီးတွေကို ဘောင်အတွင်းမှာပဲ ကြည့်နေတဲ့သူတွေအတွက်နော၊ ကျမတို့မှာ လုပ်နိုင်စွမ်း ဒီလောက်ရှိတယ်၊ ဒီလောက်လုပ်နိုင်တယ်ဆိုတာကို ဖော်ပြချင်တယ်ပေါ့နော။ တော်လှန်ရေး နှစ်နှစ်အတွင်းမှာ အသက်တွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပေးဆပ်နေရတဲ့ ရဲဘော်တွေ အများကြီး ရှိလာကြတယ်။ ပြီးတော့ သူတို့အတွက် ပိုပြီးတော့ အလုပ်လုပ်ရမယ်။ သူတို့အတွက် ပိုပြီးတော့ ပေးဆပ်ရမယ် ဆိုတဲ့စိတ်က ပိုပြီးတော့ ခိုင်မာတဲ့တွန်းအား ဖြစ်စေတယ်ပေါ့နော။

ပုံစာ – KNDF တပ်ရင်း 5 အမျိုးသမီးတပ်ခွဲမှတပ်ဖွဲ့ဝင်များ (Photo – KNDF/B-05)

မေး။ ။ ရှည်ကြာလာတဲ့ ဒီတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအတွက် ဘယ်လိုစိန်ခေါ်မှုတွေ တိုးလာစေပါလဲ။

ဖြေ။ ။ စိန်ခေါ်မှုကတော့ ရဲမေအမျိုးသမီးတွေ အများစုကတော့ ကျောင်းနေအရွယ်တွေပေါ့နော။ ဆယ်တန်းတက်ရမယ့်သူတွေရယ်၊ ဆယ်တန်းပြီးတာရယ်၊ တက္ကသိုလ်တက်ရမယ့်သူတွေ အဲ့ဒီအရွယ်တွေ ဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေး ကြာလာတဲ့အပေါ်မှာ ကိုယ့်ရဲ့ရှေ့ဆက်အနာဂါတ်မှာ ဘယ်လို ဆက်သွားရမလဲဆိုတာ အဲ့ဒီအပေါ်မှာ တွေဝေသွားတယ်ပေါ့နော။ အနာဂတ် ဝေဝါးသွားတာမျိုးပေါ့။ အနာဂတ်အတွက်၊ ကိုယ့်တက်လမ်းအတွက် ကြိုးစားရမယ့်အချိန်မှာ တော်လှန်ရေးထဲမှာ အချိန်ကုန် နေရသလိုမျိုး ဖြစ်သွားတယ်။ ဒီကြားထဲ အမျိုးသမီးပဲ ဘာတွေလုပ်ဆောင်နိုင်မှာလဲဆိုတဲ့ ထိုးနှက်မှုကလည်း ရင်ဆိုင်ရတဲ့အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း နည်းလာတယ်။ ငါလုပ်နိုင်ပါ့မလား၊ ပတ်ဝန်းကျင်ကနေ ကြည့်နေတဲ့ စိုးရိမ်စိတ်က များလာတော့ ကိုယ့်လုပ်နိုင်စွမ်းကိုလည်း မသိတော့ဘူးပေါ့နော။ လုပ်နိုင်စွမ်းလည်း နည်းလာတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတော့လို့ပေါ့နော။ ဒါက အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်တယ်လို့ ကျမဘက်က မြင်တယ်ပေါ့နော။ အမျိုးသမီးမှ မဟုတ်ပါဘူး။ အားလုံးပါပဲ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းလာတဲ့အခါမှာ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကိုလည်း ကိုယ်မပြသနိုင်တော့ဘူးပေါ့။

မေး။ ။ ကိုယ့်လိုပဲ ဒေသအသီးသီးက တော်လှန်ရေးစစ်မေတွေကို ဘာသတင်းစကား ပါးချင်ပါလဲ။

ဖြေ။ ။ ဒေသအသီးသီးက တော်လှန်ရေးရဲမေပေါ့နော။ စစ်မေတွေကို အခုချိန်မှာကတော့ ကျမတို့ အစွမ်းကုန် ကြိုးစားကြရအောင်ပေါ့နော။ အခက်အခဲတွေ အများကြီးရှိတယ်။ ခုနက ပြောခဲ့သလိုပေါ့နော။ ကိုယ့်ရဲ့အနာဂတ် ဘယ်လောက်ပဲ ဝေဝါးနေပါစေ ကိုယ်မြင်နိုင်တဲ့အထိ လုပ်ရအောင်ပေါ့နော။ ကြိုးစားကြရအောင်၊ ဝေဖန်လှောင်ရယ်သံတွေကို ကြားရရင် လှေကားတစ်ခုလိုပဲ အသုံးချပြီးတော့ ပိုပြီးတော့ မြင့်တဲ့နေရာမှာ တက်လှမ်းကြရအောင်ပေါ့နော။ မလုပ်နိုင်လောက်တော့ဘူး၊ မဖြစ်နိုင်လောက်တော့ဘူး ဆိုပြီးတော့ ကျမတို့ကို မြင်နေတဲ့လူတွေရဲ့ အမြင်တွေကို ယုံကြည်မှုအပြည့်နဲ့ ပြောင်းလဲရအောင်လို့ အားပေးချင်တာပေါ့နော။

မေး။ ။ အမျိုးသမီးတပ်ခွဲထဲမှာ စတင်ဖွဲ့စည်းတုန်းကတော့ လူဦးရေ ၆၀ ကျော်နဲ့ ဖွဲ့စည်းထားတယ်လို့ သိထားတယ်။ အခုရော အဖွဲ့ထဲမှာ လူဦးရေ တိုးလာ၊လျော့တာမျိုး ရှိပါလား၊ ဘာကြောင့်လဲ။

ဖြေ။ ။ တပ်ခွဲလူဦးရေကတော့ စတင်ဖွဲ့စည်းတုန်းက ၅၆ ယောက်ပေါ့နော။ ၆၀ နီးပါးနဲ့ ဖွဲ့စည်းထား ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ ခုနက ပြောသလိုမျိုး မိသားစု စားဝတ်နေရေးကို မဖြေရှင်းပေးနိုင်တာကြောင့်ရယ် ပြီးတော့ ကျောင်းပြန်တက်တဲ့လူတွေရယ် ပြီးရင် မိသားစု စားဝတ်နေရေးကို ဖြေရှင်းဖို့ နိုင်ငံခြား သွားလိုက်တဲ့ လူတွေလည်း ရှိတယ်ပေါ့နော။ တစ်နှစ်ပြည့်ပြီးမှ လူဦးရေက လျော့သွားတာပေါ့နော။

မေး။ ။ တပ်ဖွဲ့ဝင်တွေထဲက ရှေ့တန်းတာဝန် ထမ်းဆောင်ရတာရှိလား။ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာ ရတာကော ရှိပါလား။

ဖြေ။ ။ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ခဲ့တာတွေ ရှိတယ်ပေါ့နော။ အမျိုးသမီးရဲမေတွေက Mission (စစ်ဆင်ရေး) လိုက်သွားတာမျိုး ရှိတယ်။ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးပေါ့နော။

မေး။ ။ တပ်ခွဲဖွဲ့စည်းတဲ့ ၁ နှစ်ကျော် အတွင်းမှာ တပ်ခွဲအတွင်းက ရဲဘော်တွေရဲ့ စိတ်အားထက်သန်မှု အခြေအနေဘယ်လိုရှိပါလဲ။ လျော့ကျလာသလား၊ အရင်တိုင်းပဲလား၊ ဘာကြောင့်လဲ။

ဖြေ။ ။ စိတ်အားထက်သန်မှုက တစ်နှစ်ကျော်လာတဲ့အခါမှာပေါ့နော၊ ပွင့်ပွင့်လင်းလင်းပြောရရင် အခက်အခဲပေါ့ Personal (ကိုယ်ရေးကိုယ်တာ) အခက်အခဲတွေ များလာတဲ့အခါမှာ ဖြေရှင်းရတာ များလာတဲ့အခါမှာ စိတ်အားထက်သန်မှုကလေ လျော့ကျသွားတာပေါ့နော။

မေး။ ။ လက်နက်ကိုင် တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင် အခန်းကဏ္ဍက ဘယ်လောက် အရေးကြီးတယ်လို့မြင်သလဲ။

ဖြေ။ ။ လက်နက်ကိုင်တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးကြီးလဲ ပြောရရင်တော့ အရှင်းလင်းဆုံး ဥပမာတစ်ခုကိုပဲ ပြောမယ်ပေါ့နော အမျိုးသမီးမပါရင် နှောင်မျိုးဆက်သစ် မပွားနိုင် သလိုပေါ့နော။ အမျိုးသမီးမပါပဲ လုပ်နိုင်တယ်ဆိုရင်တောင်မှ ခက်ခဲမှာပဲပေါ့နောဆိုတော့ ဒီတော်လှန်ရေးမှာ အမျိုးသမီးကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ရမှာ ဖြစ်တယ်ပေါ့။

မေး။ ။ အမျိုးသမီးတွေက အမျိုးသားတွေနည်းတူ လုပ်နိုင်တယ်ဆိုတာကို လက်ခံယုံကြည်လား၊ ဘာကြောင့်လဲ။ ဥပမာတွေ ပေးလို့ရလား။

ဖြေ။ ။ အမျိုးသားနည်းတူလုပ်နိုင်စွမ်းရှိလား ဆိုတာက ရှိတာပေါ့။ လက်ခံတယ်။ ကဏ္ဍတွေပဲ ကွာမှာပေါ့နော။ အမျိုးသားတွေက ခွန်အားတွေသတ္တိတွေ အားကိုးနေရချိန်မှာ အမျိုးသမီးတွေက ညဏ်အားကို သုံးပြီးတော့ လုပ်နိုင်စွမ်းတွေ အများကြီးရှိတယ်ဆိုတာကို ပြောချင်တာပေါ့နော။

မေး။ ။ အမျိုးသမီးတပ်ခွဲမှာ ဘယ်လိုလူမျိုးတွေ တာဝန်ထမ်းဆောင်နေပါလဲ။ အပျိုတွေပဲလား၊ အိမ်ထောင်သည်တွေရှိလား၊ သတ်မှတ်ချက် ဘယ်လိုရှိလဲ။

ဖြေ။ ။ တော်လှန်ရေးမှာ ငါပါမှရမယ်ပေါ့၊ ဘေးကနေ ထိုင်ကြည့်လို့မရဘူး။ ငါလုပ်နိုင်တဲ့ အခန်းကဏ္ဍ ရှိတယ်ဆိုပြီးတော့ စိတ်အားထက်သန်စွာနဲ့ ပါဝင်လာမယ်ဆိုရင် အမျိုးသမီးတပ်ခွဲမှာ ဘယ်သူ ဖြစ်ဖြစ်ပေါ့နော၊ အိမ်ထောင်သည်ဖြစ်ဖြစ် လက်ခံပါတယ်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here