“နိုင်ငံရေး မတည်ငြိမ်လို့ ဖြစ်တာပေါ့ အဓိက ဖြစ်တာက၊ အရင်က နိုင်ငံရေး တည်ငြိမ်တဲ့အချိန်မှာက အခုလိုမျိုး မခံစားရဘူး၊ ဒီလိုမျိုး မဖြစ်ပျက်ပါဘူး။ အားလုံးက ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတာကိုး။ တိုင်းရင်းသားအားလုံး ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတာ အခုက ကျနော်တို့က အားလုံးကို မယုံသင်္ကာဖြစ်လာပြီး အဲလို ခံစားလာရတာ ပေါ့” ဖားကန့်ဒေသ တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦး

0
318
ပုံစာ - ဖားကန့်မြို့အဝင် (photo –CJ)

ပိုင်ရှင်မဲ့အလောင်းများ မကြာခဏတွေ့လာနေရတဲ့အပေါ် ဖားကန့်ဒေသ တက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးနဲ့ အမေးအဖြေ

စစ်တပ်ကအာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲတွင် ပိုင်ရှင်မဲ့အလောင်းများ မကြာခဏဆိုသလို တွေ့လာနေရပြီး တရားခံမပေါ်ဘဲ ရွာသားများနှင့် လူမူကူညီရေးအသင်းအဖွဲ့ကပဲ စုပေါင်းပြီး သင်္ဂြိုလ်ပေးနေရတဲ့ အလောင်းများစွာ ရှိလာနေပါတယ်။

အထူးသဖြင့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကစပြီး ဒီလိုတွေ့မြင်မှုတွေ ပိုမိုများပြားလာသလို အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ပိုင်ရှင်မဲ့အလောင်းအဖြစ် သတ်မှတ်ခံရပြီး သေဆုံးသွားသူ အယောက် ၂၀ ထက်မနည်း ရှိနေပြီလို့ ဖားကန့်ဒေသခံတွေနဲ့ ဒေသတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့တွေက ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် ဖားကန့်ဒေသခံတွေက သွားလာရာမှာ အမြဲသတိထားသွားလာနေရသလို မလုံမခြုံမှုလည်း ခံစားနေကြရတယ်လို့ ဆိုကြပါတယ်။

ဖားကန့်ဒေသရဲ့ လက်ရှိမြေပြင် အခြေအတွေကို သိရှိနိုင်ဖို့ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသက တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဖားကန့်မြို့နဲ့ ဒေသအတွင်းမှာ ပိုင်ရှင်မဲ့အလောင်းတွေ ခဏခဏ တွေ့နေရတယ်နော်။ သတ်သွားတဲ့ တရားခံတွေလည်း ဖမ်းမမိဘူးလို့ ပြောကြတယ်ဆိုတော့ လက်ရှိအခြေအနေလေးကို အရင်ပြောပြပေးပါလား။

ဖြေ။ ။ အဓိကကတော့ စိတ်ခံစားချက်ပေါ့နော်။ မလုံမခြုံဘူး။ သတိဝိရိယနဲ့ အမြဲတမ်းနေနေရတဲ့ အခါကျတော့ စိတ်ထဲမှာ မလုံမခြုံ အဲ့လိုမျိုး စိတ်ခံစားရတာတော့ ရှိတာပေါ့။ အဲ့လိုမျိုး နိုင်ငံရေးနဲ့ ဒီဒေသက မတည်မငြိမ် ဖြစ်နေတဲ့အခါမှာ ဒီဒေသမှာ နေထိုင်တဲ့သူတွေက အမြဲ စိုးရိမ်တာပေါ့နော်။ မလုံခြုံတဲ့ စိတ်ခံစားမှုတွေ ရှိနေတယ်။

မေး။ ။ အခုနောက်ပိုင်း ပိုင်ရှင်မဲ့အလောင်းတွေ ခဏခဏတွေ့နေရတာက ဒေသခံတွေအတွက် ဘယ်လိုမျိုး ခြိမ်းခြောက်မှုကို ဖြစ်စေလဲ။

ဖြေ။ ။ ဘယ်သူက ဘယ်သူဘယ်ဝါမှန်း မသိတဲ့ အသိုင်းအဝိုင်းတွေနဲ့ ပေါင်းသင်းဆက်ဆံနေရတဲ့ အခြေအနေမျိုးလို ဖြစ်စေတယ်ပေါ့။ အထူးသဖြင့် ပေါင်းသင်းဆက်ဆံနေရတဲ့ လူတွေကြားမှာတောင်မှ ကျနော်တို့က အားလုံးကို မယုံသင်္ကာ ဖြစ်လာတယ်။ အဲ့လိုမျိုး ခံစားလာရသလိုမျိုးပေါ့နော်။ ဘယ်သူ့ကိုမဆို သူကဘာမှန်း မသိရဘူးလေနော်။ အမြဲတမ်းသတိနဲ့ ပြောဆိုနေထိုင်နေရတာပေါ့။

ပုံစာ – ဖားကန့်ဒေသတွင်းတွေ့ရသည့် လူသေလောင်းတစ်လောင်း (photo-CJ)

မေး။ ။ ဒီပိုင်ရှင်မဲ့အလောင်း ပြဿနာတွေ ခဏခဏ ခပ်စိပ်စိပ် ဖြစ်ပေါ်လာနေတာက ဘယ်ချိန်ကတည်းက စဖြစ်လာတာလဲ။

ဖြေ။ ။ ၂၀၂၁ ခုနှစ် နောက်ပိုင်းကနေပိုပြီး ဖြစ်ပေါ်လာတာပေါ့နော်။ အရင်ကလည်း ဖြစ်တော့ဖြစ်တာပေါ့။ ဒါပေမယ့် နောက်ပိုင်း ပိုစိပ်လာတာက ဒီနှစ် နှစ်ဆန်းပိုင်းဆို ပိုစိပ်လာတာပေါ့။ ၂၀၂၁ – ၂၀၂၂ ကလည်း နည်းနည်း ပါးပါးတော့ ရှိတယ်။ အခုက ပိုစိပ်လာတာပေါ့။

မေး။ ။ ဖားကန့်ရဲ့ ဘယ်ဒေသ ဘယ်နေရာတွေမှာ ပိုင်ရှင်မဲ့အလောင်းကို ပိုပြီးတွေ့ရလေ့ရှိတာလဲ။

ဖြေ။ ။ ဖားကန့်မှာက နေရာတကာလို့ ပြောရမှာပဲ။ အဓိကအားဖြင့်တော့ အများဆုံးက လုံးခင်း၊ ဖားကန့်၊ ဆိုင်းတောင် တွေမှာက ပိုများတာပေါ့။ တစ်ရက် နှစ်ရက်ခြားဆို ဖြစ်ပြီ ကြားနေရပြီ။

မေး။ ။ အခုလိုမျိုး ပိုင်ရှင်မဲ့အလောင်းတွေ မကြာခဏ တွေ့နေရတာက ဘာကြောင့်လို့ ထင်လဲ။

ဖြေ။ ။ ဘာကြောင့်ဖြစ်မလဲဆိုတော့ အဓိကကတော့ နိုင်ငံရေး မတည်ငြိမ်တာကြောင့် ဖြစ်မှာပေါ့။ အဲ့ဒါပါပဲ နိုင်ငံရေး မတည်ငြိမ်လို့ ဖြစ်တာပေါ့ အဓိက ဖြစ်တာက၊ အရင်က နိုင်ငံရေး တည်ငြိမ်တဲ့အချိန်မှာက အခုလိုမျိုး မခံစားရဘူး၊ ဒီလိုမျိုး မဖြစ်ပျက်ပါဘူး။ အားလုံးက ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတာကိုး။ တိုင်းရင်းသားအားလုံး ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတာ၊ အခုက ကျနော်တို့က အားလုံးကို မယုံသင်္ကာဖြစ်လာပြီး အဲလို ခံစားလာရတာပေါ့။ လူတစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံတဲ့အခါမှာ သတိနဲ့ ဆင်ဆင်ခြင်ခြင်ပေါ့နော်။ အမြဲတမ်း အဲ့လို ပြောဆိုဆက်ဆံနေရတဲ့ အခြေအနေ ဖြစ်နေတယ်။

မေး။ ။ ဒီပိုင်ရှင်မဲ့အလောင်းတွေ ပိုမိုများပြားလာတဲ့အပေါ် သက်ဆိုင်ရာ အစိုးရဖြစ်ဖြစ်၊ ရဲစခန်းကဖြစ်ဖြစ် ဘယ်လိုတွေ ဖြေရှင်းပေးပါလဲ။

ဖြေ။ ။ ဖြေရှင်းမှုဆိုရင်တော့ ကျနော်တို့လို ဒေသခံတစ်ယောက်အနေနဲ့ ကြည့်ရင်တော့ ဒီရပ်ကွက် နာရေးကူညီရေး အသင်းကနေပဲ ကောက်မြုပ်ပေးလိုက်တာ အဲ့လောက်ပဲ မြင်နေရတယ်။ တချို့က ရဲစခန်းမှာ သွားအပ်တာ ရှိလား မရှိလားတော့ မသိဘူး။ မြင်တာတော့ လူမှုကူညီရေးအသင်းတွေက ကောက်မြုပ်လိုက်တာပဲ ရှိတယ်။ ကျန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုက ဘယ်သူမှ တာဝန်ယူ လုပ်ဆောင်ပေးနေတာတော့ မရှိဘူး။ မတွေ့ရဘူးပေါ့နော်။ အဆင်ပြေသလိုပဲ နေနေကြတယ်။ တခြားတာဝန်ခံမှု တာဝန်ယူမှုတွေ၊ အမှုတွေ ဘာညာတွေက ဘာမှမကြားဘူး။ အမှုဖွင့်တာတွေလည်း မတွေ့ရဘူး။

မေး။ ။ ဒီလိုမျိုး အမည်မသိ ပိုင်ရှင်မဲ့ လူသေအလောင်းတွေ မကြာခဏ တွေ့မြင်နေရတာကို ဖြေရှင်းပေးဖို့ ဒေသခံတစ်ယောက်အနေနဲ့ ဘာတွေလိုအပ်မယ်လို့ထင်ပါလဲ။ ဘယ်လိုမျိုး ဖြေရှင်းပေးစေချင်တာလဲ။

ဖြေ။ ။ အဓိကက အဲ့ဒါက နိုင်ငံရေးအခြေအနေနဲ့ပဲ ပတ်သက်တယ် ထင်တယ်။ ငြိမ်းချမ်းသွားရင်တော့ နိုင်ငံ အေးချမ်းသာယာ သွားရင်တော့ ပြီးသွားမယ်လို့ မြင်တယ်။ နိုင်ငံ မငြိမ်းချမ်းသရွေ့တော့ မပြောတတ်ဘူးလေနော်။ အဲ့လိုပဲ ဆက်ဖြစ်မလား။ အရင်ကတော့ ဘာမဖြစ်ဘူးလေ နိုင်ငံရေးတည်ငြိမ်တဲ့ အချိန်အခါမှာတော့၊ ဒီစစ်ကောင်စီ အာဏာသိမ်းပြီး တစ်နှစ်နှစ်နှစ် အတွင်းမှာ အရမ်းဖြစ်လာတယ်ဆိုတော့ နိုင်ငံရေးကြောင့်လို့ပဲ မြင်တာပေါ့။ ဘယ်လို ဖြေရှင်းပေးနိုင်မလဲ ဆိုရင်တော့ နိုင်ငံရေး တည်ငြိမ်သွားရင်တော့ အဲ့ဒါတွေက ပြီးသွားမယ်လို့ မြင်တယ်။ နိုင်ငံရေး မတည်မငြိမ် မချင်းတော့ ဒီလိုပဲ ဆက်ဖြစ်နေမလားပေါ့။ အဲလိုပဲ ဆက်ဖြစ်နေ မလားလို့ အမြဲတမ်း စိုးရိမ်နေရတာပေါ့။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here