“ကျနော်တို့ ကျည်ဆံတွေနဲ့ပဲ တောင့်ခံနေရပါတယ်။ ပြည်သူရဲ့ ထောက်ပံ့မှုပဲ အားကိုးနေရတယ်” PDF တပ်သားတစ်ဦး

By MPM 12 ဇွန်, 2023 👁

မိုးဗြဲမြို့ ပြည်သူကာကွယ်ရေး တပ်ဖွဲ့က တိုက်ပွဲဝင်နေတဲ့ PDF တပ်သားတစ်ဦးနှင့် အမေးအဖြေ

ဇွန်လ ၅ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ မိုးဗြဲမြို့ပေါ်က စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား တိုက်ပွဲဟာ ယနေ့အထိ ဆက်လက် ပြင်းထန်နေပါတယ်။ အဆိုပါတိုက်ပွဲက လက်ရှိအချိန်ထိ ပြင်းထန်နေတဲ့ အပြင် စစ်ကောင်စီကလည်း ဖယ်ခုံမြို့နယ် အင်းအနောက်ဘက်ကမ်း ခေါင်းအိကျေးရွာဘက်ကို စစ်မီးကူးသွား နေပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ဖယ်ခုံအင်းအရှေ့ဘက်ကို စစ်ဦးတည်တိုက်ခိုက်ဖို့ စစ်အင်အားတွေဖြည့်နေ တယ်လို့ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းမှာ လှုပ်ရှားတဲ့ PDF တပ်ရင်းတွေကနေ သိရပါတယ်။

အခုဖြစ်ပွားနေတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်ကလည်း ကျဆုံးမှုများပြီး PDF ဘက်ကလည်း ကျဆုံးမှုတွေ ရှိနေပါတယ်။ အခုတိုက်ပွဲအတွင်း PDF ဘက်က ကြုံနေရတဲ့ အခက်အခဲ ဘယ်လိုရှိနေလဲဆိုတာ မိုးဗြဲမြို့ ပြည်သူကာကွယ်ရေး တပ်ဖွဲ့က တိုက်ပွဲဝင်နေတဲ့ PDF တပ်သားတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ အခုတလော တိုက်ပွဲအခြေအနေ ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ အခု တိုက်ပွဲအခြေနေကတော့ ပြင်းထန်နေပါတယ်။ ၂ ရက်လောက်တော့ ရှိနေပြီ။ မိုးဗြဲမြို့ပေါ်မှာပဲ။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ စည်ကားဘက်တွေ ဖြစ်နေတာပါ။

မေး။ ။ အခုတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဘက်တွေကလည်း ကျဆုံးမှုများတာ တွေ့နေရပါတယ်။ ဒါဘာကြောင့် ဖြစ်မယ်လို့ထင်ပါလဲ။

ဖြေ။ ။ ကျဆုံးမှုများသွားတဲ့ ပွဲကတော့ ရန်သူတွေရဲ့ လက်နက်ကြီး အဆမတန် အသုံးပြုမှုတွေကြောင့် ဖြစ်တယ်။ သူတို့က အခု ဖယ်ခုံတို့ ၊ မိုးဗြဲဘက်တို့ကို လက်နက်ကြီးတွေ ပစ်တယ်။ ပြီးတော့ လွိုင်ကော်ကနေ ပစ်တယ်။ ပြီးတော့ သူတို့က တင့်ကားတွေနဲ့လည်း ပစ်တာရှိတယ်။ အဲ့ကြောင့်မလို့ ကျနော်တို့ဘက်ကလည်း ကျဆုံးမှုတွေလည်း များသွားတာပေါ့နော်။ တိုက်ပွဲအခြေနေပေါ် မူတည်ပြီးတော့ သူတို့က လက်နက်ကြီးတွေ ပစ်ခတ်တာ ရှိတယ်။ သူတို့အထိနာတယ်ဆိုရင်တော့ လေယာဉ်တွေနဲ့ လာပစ်ကူတဲ့ အထိ ရှိတယ်။ ဇွန်လအတွင်းမှာတော့ ညောင်းဝိုင်းအတွင်းမှာ လေယာဉ်နဲ့ သုံးတယ်။ ပြီးခဲ့တဲ့ တိုက်ပွဲအတွင်း သုံးတယ်။ ဒီလထဲမှာပဲ လေကြောင်းသုံးတာ ၄ ခါ လောက်ရှိပြီ။ ကျနော်တို့ဘက်ကတော့ ကျဆုံးတာတော့ ၂ ဦး ပေါ့နော်။ ၁ ဦး ကတော့ စိုးရိမ်နေရပါတယ်။

မေး။ ။ အခုလို တိုက်ပွဲအတွင်းမှာ ဘာတွေ အခက်ခဲဆုံးဖြစ်ပါလဲ။

ဖြေ ။ ။ တိုက်ပွဲတိုင်းမှာတော့ ကျနော်တို့ အခက်ခဲကတော့ လက်နက်ခဲယမ်းပါပဲ။ ကျနော်တို့မှာ လက်နက်ကြီးတွေ ရှိတယ်ဆိုပေမဲ့လည်း အပြည့်ဝ မရှိဘူးပေါ့။ ရှိတော့ရှိတယ်။ အများတော့ မဟုတ်ဘူး။ ကျနော်တို့ ကျည်ဆံတွေနဲ့ပဲ တောင့်ခံနေရပါတယ်။ ပြည်သူရဲ့ ထောက်ပံ့မှုပဲ အားကိုးနေရတယ်။ ပြီးတော့ ကျနော်တို့က NUG အောက်က အပြည့်ဝ ထောက်ပံ့မှု မရှိဘူး။

မေး ။ ။ NUG လက်အောက်မှာရှိပြီးတော့ လက်နက်အပြည့်ဝ ထောက်ပံ့မှု မရတဲ့အပေါ်မှာကော ဘာပြောချင်ပါလဲ။

ဖြေ။ ။ အခုတိုက်ပွဲမှာ ကျနော်တို့ ကျဆုံးမှုများတာက NUG က အပြည့်ဝ မထောက်ပံ့လို့ ဆိုတာမျိုးလည်း ပြောလို့ရပါတယ်။ တကယ်လို့ NUG ကနေ ကျနော်တို့ကို ကျည်ဆံတွေ ၊ လက်နက်ကြီးတွေ ၊ လက်နက်ကြီး ဆိုတာကလည်း ၇၉ တို့ RPG တို့ တစ်ခြား စက်သေနတ်တွေတို့ ထိထိရောက်ရောက် ထောက်ပံ့နိုင်မယ် ဆိုရင်တော့ တိုက်ပွဲအခြေနေက အပြောင်းလဲ ထပ်တစ်မျိုးပြောင်းနိုင်မယ်။ ကျနော်တို့လည်း NUG ကနေ အများကြီးတော့ မတောင်းဆိုချင်ပါဘူး။ မြေပြင်မှာ အမှန်တကယ် အလုပ်လုပ်နေတဲ့သူကို အမှန်တကယ်ထောက်ပံ့ ၊ လုံလုံလောက်လောက် ထောက်ပံ့ပေးရင်တော့ ကောင်းတာပေါ့။ ဒါလေးတွေပဲ တောင်းဆိုချင်ပါတယ်။

မေး။ ။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက ကျဆုံးမှုကရော ဘယ်လောက်ထိ ရှိပါလဲ။ ပြည်သူတွေဘက်ကရော ထိခိုက်မှုတွေ ဘယ်လောက်ရှိပါသလဲ။

ဖြေ ။ ။ အတိကျတော့ မပြောနိုင်ဘူး။ သူတို့က လူအင်အားများတယ်ဆိုတော့ ပိုထိတာလည်း ပါတာပေါ့နော်။ သူတို့ကတော့ လက်နက်ကြီးတွေကို အလွန်အကျွံ သုံးနေတယ်။ တစ်ခါတစ်လေမှာ မထင်သလို ပစ်နေတာ။ စစ်ဘေးရှောင်စခန်းတွေကိုလည်း ပစ်တာလည်း ရှိတယ်။ မြို့ထဲကို လက်နက်ကြီးတွေ ပစ်တာဆိုတော့ နေအိမ်တွေလည်း ပျက်စီးသွားတာ ရှိတယ်။ အတိကျတော့ ကျနော်တို့လည်း မပြောနိုင်ဘူး။ တစ်ချို့ဆို အိမ်ပျက်စီးသွားတာတို့လည်း ရှိတယ်။ ပြည်သူတွေကတော့ သေဆုံးမှုကတော့ ကျနော်တို့ သိရသလောက်တော့ ၂၀ နီးပါး လောက်ရှိမယ်။ တိုက်ပွဲစဖြစ်တဲ့ အချိန်ကနေ အခုထိပေါ့။ ဒါက မိုးဗြဲမြို့ပေါ်ပဲ။

မေး ။ ။ အခုနောက်ပိုင်း ဖယ်ခုံ၊ မိုးဗြဲဘက်ကို စစ်ကောင်စီက ဘာကြောင့် ပိုပြီးတိုက်ခိုက်လာတယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ ဒီ ကရင်နီဘက်တွေက တော်လှန်ရေးသမားတွေ ပြုတ်သွားပြီဆိုရင် ဒီတော်လှန်ရေးက အောင်မြင်ဖို့ ရာခိုင်နှုန်းနည်းမယ်လို့ တွက်ဆပါတယ်။ ဒါကတော့ ကျနော့် အမြင်ပါ။ ဘာဖြစ်လို့လဲဆိုရင် တစ်ခြားဒေသက ငြိမ်နေတယ်လေ။ အဓိက သျှမ်းပြည်ထဲမှာ တိုက်ခိုက်နေတာ ကျနော်တို့ ဒီဖယ်ခုံ၊ မိုးဗြဲ ဖြစ်တယ်လေ။ ဒီဘက်မှာက တိုက်ပွဲကြမ်းနေတယ်။ အကြမ်းဆုံး နေရာကို သူတို့က အရင်တိုက်မယ်ထင်တယ်။ ပြီးတော့ ကျနော်တို့ဘက်က နေပြည်တော်နဲ့ နီးတာလည်း ပါတာပေါ့။ လမ်းတွေဘာတွေရော ၊ ကျနော်တို့ရဲ့ ဆက်သွယ်ရေးလမ်းတွေကို ဖြတ်တောက်ချင်တာနဲ့တူပါတယ်။ ကျနော်တို့ အဓိက စားနပ်ရိက္ခာတွေ ဘာတွေကို ဖြတ်တောက်နိုင်ရင်တော့ သူတို့ ဒီနေရာ အင်အားများများသုံးပြီးတော့ ထိန်းစရာ မလိုတော့ဘူးပေါ့။

မေး။ ။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဘာများဆက်ပြီးပြောချင်ပါလဲ။

ဖြေ။ ။ ဘာမှ မရှိတော့ပါဘူး။

သျှမ်းသံတော်ဆင့် ပေးပို့သည်။