ရှမ်းမြောက် နမ့်လန်မှာ တစ်ရက်တည်း ပစ်ခတ်မှု ၂ ကြိမ် ဆက်တိုက်ဖြစ်ပွား

0
267
ပုံစာ - နမ့်လန်မြို့တွင်းတနေရာ (ဓာတ်ပုံ - သျှမ်းသံတော်ဆင့်)

သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်မြို့တွင်း၌ ဇွန်လ ၇ ရက် တစ်ရက်တည်းအတွင်း သေနတ်ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

နမ့်လန်မြို့နေ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးက “တောင်ပိုင်းရပ်ကွက်ထဲကို တပ်သားသစ်ကောက်ဖို့ ရောက်လာကြတယ်။ ပြီးတော့ သေနတ်ကို မိုးပေါ်ထောင်ပြီး ပစ်လိုက်တယ်။ အဲ့ကြောင့် ပြည်သူတွေက ကြောက်လန့်ပြီး အိမ်တံခါးတွေ၊ ဈေးဆိုင်တွေကို ပိတ်လိုက်တယ်။ SSPP ကတော့ သေနတ်ပစ် ခြိမ်းခြောက်ပြီး လူငယ်အမျိုးသား ၃/၄ ယောက်ကို ဖမ်းခေါ်သွားတယ်။ စာရင်း အတိအကျတော့ မသိရဘူး” ဟု ပြောသည်။

ဇွန်လ ၇ ရက် မွန်းလွဲပိုင်း ၁၂ နာရီ ဝန်းကျင်တွင် နမ့်လန်မြို့ တောင်ပိုင်းရပ်ကွက်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က သေနတ်ပစ် ခြိမ်းခြောက်ပြီး တပ်သားသစ်အတွက် လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နာရီဝက်ခန့်အကြာတွင် နောက်ထပ် ပစ်ခတ်သံလည်း ထွက်ပေါ်လာကြောင်း ဒေသခံများက ဆက်ပြောသည်။

ဒုတိယအကြိမ် ထွက်ပေါ်လာသည့် ပစ်ခတ်သံသည် နမ့်လန်မြို့ မူလကျောင်းကြီး စာသင်တိုက်အနီးမှ အသံထွက်ပေါ်လာခြင်းဖြစ်ကြောင်း အဆိုပါ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။

“မူလကျောင်းကြီး စာသင်တိုက်အနီးမှာ တပေါင်းကွင်းရှိတယ်။ စစ်တပ်က အဲ့အနီးမှာ နေရာယူပြီးတော့ ပစ်ခတ်လိုက်တာ။ နမ့်လန် တပ်နယ်မှူးကိုယ်တိုင် ဦးဆောင်ပြီး ပစ်လိုက်တာတဲ့။ ဘာကြောင့် ပစ်လိုက်လဲတော့ မသိဘူး။ ဒီပစ်ခတ်သံက အသံတွေ ရောထွေးနေတယ်” ၎င်းက ဆိုသည်။

SSPP/SSA တပ်ဖွဲ့သည် ညဘက်ပိုင်းတွင် နမ့်လန်မြို့အတွင်း တပ်သားသစ် လိုက်လံစုဆောင်းနေသည်မှာ တစ်ပတ်ကျော်ကြာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ နမ့်လန်မြို့တွင် တစ်ရက်တည်း ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားခြင်းနှင့် တပ်သားသစ်အတွက် မြို့တွင်း လူငယ်များကို ဝင်ရောက်ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA တပ်ဖွဲ့ထံသို့ အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ဇွန်လ ၆ ရက် မွန်းလွဲပိုင်းတွင်လည်း သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့အတွင်း၌ စစ်မှုထမ်းဆောင်ရန် SSPP/SSA တပ်ဖွဲ့မှ သေနတ်ပစ်ခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရသည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here