အင်အားပြင်း မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု ဒုတိယအများဆုံး ဒေသဖြစ်သည့် ချင်းပြည်နယ်တွင် မုန်တိုင်းဒဏ်ခံ ပြည်သူများ ကူညီထောက်ပံ့မှုများ လိုအပ်နေပြီး ပြန်လည် ထူထောင်ရေးတွင် အခက်အခဲများ ကြုံနေရကြောင်း သိရသည်။
“ချင်းကတော့ ရခိုင်ပြီးရင်တော့ ဒုတိယ အထိခိုက်ဆုံးပြည်နယ် ဖြစ်တယ်ဆိုတော့ UN Agency တွေကလည်း ဝင်ပေးဖို့ သင့်ပါတယ်။ ၉ မြို့နယ်အလိုက် နိုင်သလောက် ရံပုံငွေလေးတွေရှာတာကတော့ လက်တလုံးလောက်ပဲ ရမှာပေါ့နော်။ ပြန်လည်ထူထောင်ရေးစနစ်တွေမှာ တော်တော်လေး အခက်အခဲရှိမယ်။ ကျွန်တော်တို့ Local INGO ပုံစံနဲ့ ပံ့ပိုးတာကတော့ ထိထိရောက်ရောက်တော့ မဖြစ်နိုင်ဘူးလေ။ သူတို့ရဲ့ လိုအပ်ချက်ကို ပြည့်စုံ၊ လုံလောက်နိုင်တဲ့ အတိုင်းအတာတခု လုပ်ပေးဖို့ အရမ်းခက်ခဲရှိတယ်” ဟု ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ ဒုက္ကဌ ဦးပြည်မင်းက ပြောသည်။
မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ် တဝန်းလုံးတွင် ဘာသာရေး အဆောက်အဦး၊ စာသင်ကျောင်း၊ စပါးကျီများ အပါအဝင် လူနေအိမ်ခြေ ၃၀၀၀ နီးပါးခန့် ပျက်စီးခဲ့ပြီး မတူပီ၊ ပလက်ဝ၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တို့သည် ထိခိုက်မှုအများဆုံး ကြုံခဲ့ရသည်။
ဦးပြည်မင်းက “ NUG ကနေ နည်းနည်း သူတို့နိုင်သလောက်တော့ မုန်တိုင်းကြိုတင်ပြင်ဆင်ရေးမှာ နည်းနည်းပံ့ပိုး ကူညီတာရှိတယ်။ ပြီးရင်တော့ အမိုးအတွက်ကို နည်းနည်းကူညီထောက်ပံ့တာ ရှိတယ်။ အဲ့လိုပုံစံနဲ့ပဲ၊ ကြီးကြီးမားမားတော့ မဟုတ်ဘူး။ ရိက္ခာပိုင်းတို့ ပြန်လည်တည်ဆောက်ရေးပိုင်းတို့ မရောက်နိုင်သေးဘူးဗျာ။ နိုင်သလောက် နည်းနည်းစီ ကူညီပံ့ပိုးတာပဲ ရှိသေးသေးတယ်” ဟု ပြောပြသည်။
မိုခါမုန်တိုင်း ဖျက်ဆီးမှုဒဏ် အများဆုံးခံခဲ့ရသည့် မတူပီမြို့နယ်တွင် မုန်တိုင်းကြောင့်ပျက်စီးသွားသော နေအိမ်များကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြုပြင်နေကြရသည်ဟု CDF-Matupi တပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောဆိုသည်။
“ကျွန်တော်တို့ မတူပီမှာကျတာ့ မုန်တိုင်းဖြစ်ပြီးနောက်ပိုင်း ပြည်သူတွေအတွက် ထောက်ပံငွေကြေး ရရှိတာ ဘာမှ မရှိသေး ဘူး။ အခုလောလောဆယ် အခြေအနေကတော့ ပျက်စီးသွားတဲ့ဟာတွေကတော့ ကျေးရွာလူငယ် အဖွဲ့အစည်းတွေနဲ့ ဒေသခံက အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီးတော့ ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို တတ်နိုင်သလောက် ပြန်ပြင်ကြတယ်။ ပြီးတော့ မုန်တိုင်းမထိတဲ့ ကျေးရွာဘက်ကနေပြီးတော့ သူတို့ပြန်ပြီးတော့ ကူညီပေးကြတယ်။ တဖက်နဲ့တဖက် အဲ့လိုတွေရှိတယ်။ တခြားအဖွဲ့စည်းအနေနဲ့ ဒီကိုလာပြီးတော့ ထိထိရောက်ရောက် လာကူညီပေးတယ်ဆို တာ မရှိသေးဘူး” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အလားတူ ထိခိုက်ပျက်စီးမှု အများဆုံးကြုံခဲ့ရသည့် ကန်ပက်လက်မြို့နယ်တွင်လည်း ယနေ့ချိန်ထိ ပြည်တွင်းပြည်ပ အဖွဲအစည်းထံမှ ကူညီထောက်ပံ့မှုများ မရရှိသေးသလို ပျက်စီးသွားတဲ့နေအိမ်တွေ ပြန်လည်ပြုပြင်ရန်လည်း အခက်ကြုံနေရသည်ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ဘာအကူအညီမှ မရနိုင်သေးဘူး၊ သူတို့ဘာသာ နည်းနည်းပါးပါး သူတို့ဆွေမျိုးတွေစီ အကူအညီယူပြီးမှ နည်းနည်းပါးပါး ပြန်ပြင်တဲ့ဟာတွေပဲ ရှိတယ်။ လုံးလုံးပျက်စီးတဲ့ဟာတွေ အတွက်တော့ ဘယ်လိုမှ ပြန်ပြင်လို့ မရတဲ့အတွက် သူတိုကအမျိုးတွေနဲ့ ပေါင်းပြီးတော့ ခဏတဖြုတ် အဲ့လိုပဲနေကြတာ၊ ပြန်ပြင်တာတွေ မရှိသေးဘူး” ဟု ၎င်းက ပြောသည်။
မိုခါ ဆိုက်ကလုန်းမုန်တိုင်းကြောင့် မတူပီမြို့နယ်တွင် အိမ်ခြေ ၁၂၁၁၊ မင်းတပ်မြို့နယ်တွင် အိမ်ခြေ ၆၅၄၊ ပလက်ဝမြို့နယ်တွင် အိမ်ခြေ ၄၀၀၊ ကန်ပက်လက်မြို့နယ်တွင် အိမ်ခြေ ၂၁၁၊ ဟားခါးမြို့နယ်တွင် အိမ်ခြေ ၁၀၅၊ ဖလမ်းမြို့နယ်တွင် အိမ်ခြေ ၁၀၀၊ တီးတိန်မြို့နယ်တွင် ၅၁ နှင့် ထန်တလန်မြို့နယ်တွင် ၄၁ ဖြင့် အိမ်ခြေစုစုပေါင်း ၂၇၇၄ အိမ် ပျက်စီးခဲ့ပြီး တွန်းဇံမြို့နယ်တွင် အပျက်အစီး မရှိကြောင်း ကြားကာလ ချင်းရေးရာ အတိုင်ပင်ခံကောင်စီ ICNCC က မေလ ၂၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ချင်းပြည်နယ်တဝန်းလုံးတွင် စာသင်ကျောင်း ၁၈၅ ကျောင်း၊ ဘာသာရေး အဆောက်အဦး ၁၀၂ ခု၊ ကျန်းမာရေး အဆောက်အဦး ၁၂ ခု၊ စပါးကျီ ၂၅၉ ခု၊ ခန်းမဆောင် ၆ ခုတို့ ပျက်စီးခဲ့ပြီး ကျွဲ၊ နွား၊ နွားနောက်အကောင် ၅၀၊ ကြက်၊ ဘဲ ၁၃ ကောင်နှင့် ဝက်၊ ဆိတ် ၆ ကောင် သေဆုံးခဲ့သည်ဟု သိရသည်။
မိုခါ ဆိုက်ကလုန်းမုန်တိုင်း ဘေးသင့်မြို့နယ်များအတွက် ပျက်စီးသွားသော လူနေအိမ်နှင့် အခြားအဆောက်အဦးများ ပြန်လည်ပြုပြင်ရန် အိမ်မိုးသွပ်ပြား၊ အိမ်ရိုက်သံ၊ မိုးကာ၊ တာလပတ်၊ စပါးကျီ ပျက်စီးသွားသည့် ဒေသများအတွက် ဆန်ရိက္ခာ၊ အခြေခံစားသောက်ကုန်နှင့် အခြေခံ အိမ်သုံးဆေးဝါးများလည်း ကူညီထောက်ပံ့ရန် အရေးပေါ်လိုအပ်သည်ဟု ICNCC က ထုတ်ပြန်ထားသည်။
KMG – ပေးပို့သည်