နှစ်နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၂ ထောင်ကျော်ကို သုတ်သင်ခဲ့ကြောင်း KNDF ထုတ်ပြန်

By MPM 6 ဇွန်, 2023 👁

ကရင်နီတော်လှန်ရေး တပ်ဖွဲ့များက စစ်အာဏာသိမ်းပြီး ၂ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၂ ထောင်ကျော် (၂၀၆၅ ဦး) ကို သုတ်သင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဇွန်လ ၆ ရက်က ထုတ်ပြန်သည့် စစ်ရေးသတင်း အချက်အလက်တွင် ဖော်ပြထားသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများတွင် တပ်ဗိုလ်၊ တပ်မှူးများ ပါဝင်ပြီး စစ်ကောင်စီ၏ ဗျူဟာမှူး အဆင့်ရှိသူတွေပါ ထွက်ပြေးတာ ရှိပေမယ့် စာရင်းအတိအကျ မပြုစုထားနိုင်ဘူးလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“တပ်ဗိုလ်၊ တပ်မှုးတွေရဲ့ စာရင်းကိုတော့ အတိအကျ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့လည်း သေသေချာချာ data (အချက်အလက်) မလုပ်ဘူး အဲ့ဒါကို။ ပြီးတော့ ရှေ့မှာက သေတာကတော့ အများကြီး သေကြတာပေါ့နော။ ခန့်မှန်းခြေလည်း ပြောရတာ နည်းနည်းတော့ ခက်တယ်။ ဥပမာ ဒေါတမကြီးတိုက်ပွဲလိုမျိုး ဆိုရင် သူတို့ရဲ့တပ်ခွဲမှူးကအစ ပါတယ်လေနော သေဆုံးတာကလေ။ သူတို့ဗျူဟာမှူးတောင်မှ ထွက်ပြေးရတယ်ကော။ အဲ့လိုပုံစံမျိုးပေါ့နော ” လို့ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောဆိုသည်။

ယင်းအပြင် ၂ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်၏ ရှေ့တန်းစခန်း ၁၀ ခု ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆေးရေးဂိတ် တချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း အဆိုပါစစ်ရေးသတင်း အချက်အလက်တွင် ရေးသားဖော်ပြထားသည်။

၂၀၂၁ ခုနှစ် မေလက စတင်ပြီး စစ်ကောင်စီတပ်သည် ကရင်နီပြည်(ကယားပြည်နယ်) အတွင်းရှိ ၎င်းတို့၏ နယ်မြေခံ တပ်ရင်းများအပြင် တပ်မ (၆၆)၊ တပ်မ (၉၉)၊ စကခ (၂)၊ စကခ (၇)၊ တပ်မ (၁၀၁) စသည့် တပ်မ ၅ ခုနှင့် ထိုးစစ်ဆင်ခဲ့ပြီး စကခ (၇) ၊ စကခ (၂) နဲ့ တပ်မ (၆၆) တို့မှ ရှမ်းပြည်တောင်ပိုင်းနဲ့ ရှမ်းကယားနယ်စပ်တွင် တပ်ဖြန့်ထားတဲ့အပြင် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်တို့တွင်လည်း နယ်မြေခံတပ်ရင်းများနှင့် တပ်မ(၆၆) တို့က လှုပ်ရှား တပ်ဖြန့်ထားတယ်လို့ KNDF ထုတ်ပြန်ထားပါတယ်။

ယင်းအပြင် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း၊ ဘောလခဲမြို့နယ်နှင့် ဖရူဆို မြို့နယ်အတွင်း နယ်မြေခံ တပ်ရင်းများအပြင် တပ်မ (၉၉) ၊ စကခ (၂) နဲ့ တပ်မ ( ၁၀၁) တပ်ရင်းများ စစ်ကြောင်းထိုးလှုပ်ရှား ရှိကြောင်း အဆိုပါ စစ်ရေးသတင်းတွင် ရေးသားဖော်ပြထားသည်။

KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက “ အခုက မိုးဗြဲဘက်မှာလည်း ဖြစ်တယ်။ မြို့ထဲမှာပဲ စစ်ကြောင်း ထိုးနေတဲ့ တပ်မ (၆၆) တို့ နယ်မြေခံတပ်ရင်းတွေနဲ့ ပေါင်းနေတဲ့ စစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်တယ်။ ပြီးတဲ့အခါမှာ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းပေါ့ မတ်လကစ လွိုင်ကော်ဖက်က ထိုးလာတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေနဲ့ ဒေါစဲ၊ ဒေါတငူး၊ တနီးလားလဲတို့မှာ တိုက်ပွဲဖြစ်တယ်။ အခုချိန်ထိလည်း ဖြစ်နေတုန်းပဲ” လို့ လတ်တလော စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြသည်။

တော်လှန်ရေး ၂ နှစ်တာ ကာလအတွင်း တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့သည့် ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲအကြိမ်ရေ စုစုပေါင်း ၃၄၀ ကြိမ် ၊ လွိုင်ကော်မြို့နယ်တွင် ၁၆၂ ကြိမ်၊ ဖရူဆိုမြို့နယ်တွင် ၁၁၃ ကြိမ်၊ ဖယ်ခုံမြို့နယ်တွင် ၁၇၀ ကြိမ်၊ ပင်လောင်းမြို့နယ်တွင် ၄၉ ကြိမ်၊ ဘောလခဲမြို့နယ်တွင် ၆၇ ကြိမ်၊ ရှားတောမြို့နယ်တွင် ၂၂ ကြိမ်၊ ဖားဆောင်းမြို့နယ်တွင် ၂ ကြိမ်နှင့် မယ်စဲ့မြို့နယ်တွင် ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် KNDF တပ်ဖွဲ့ဝင် ၁၅၃ ဦး ကျဆုံးခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။