စစ်ဘေးရှောင်များအတွက် နယ်စပ်ဖြတ်ကျော်အကူအညီများနှင့် လူသားချင်းစာနာထောက်ပံ့မှုများ အထူးလိုအပ်နေကြောင်း BPHWT ပြော

By MPM 5 ဇွန်, 2023 👁

စစ်ကောင်စီ၏ လုံခြုံရေးခြိမ်းခြောက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော နိုင်ငံတစ်ဝှမ်းရှိ စစ်ဘေးရှောင် ပြည်သူများအတွက် နယ်စပ်ဖြတ်ကျော်ရေး အကူအညီများနှင့် လူသားချင်းစာနာ ထောက်ပံ့မှုများ အထူးလိုအပ်နေကြောင်း နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ BPHWT က ဇွန်လ ၃ ရက် ထုတ်ပြန်ချက်တွင် ပြောဆိုသည်။

ဝေးလံသီခေါင်သည့် စစ်ဖြစ်ပွားရာ တိုင်းရင်းသားဒေသများတွင် အခြေခံကျန်းမာရေး ဝန်ဆောင်မှုများပေးရန် ဖွဲ့စည်းတည်ထောင်ခဲ့သော BPHWT ကို လက်ရှိ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်က ဦးဆောင်ပြီး အဖွဲ့ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့် မေလ ၂၉ ရက် ဇွန်လ ၂ ရက် အထိ ပြုလုပ်ခဲ့သော အဖွဲ့၏ “၉” ကြိမ်မြောက် ညီလာခံအပြီး ထုတ်ပြန်ချက်တွင် ထိုသို့ထောက်ပြ ပြောဆိုခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာသည့်အတွက် BPHWT အပါအဝင် အခြားအကူအညီပေးသည့် အဖွဲ့များသည် စစ်ဘေးရှောင်များအတွက် အကူအညီပေးသော ကျန်းမာရေး အထောက်အပံ့များ စစ်ကောင်စီသို့ မရောက်ရှိစေရန် သတိထားသွားလာရပြီး အကူအညီများအား နယ်စပ်ဖြတ်ကျော်ခြင်းမှတဆင့် ပေးနိုင်ခြင်းက ပိုကောင်းမွန်မည်ဟု ထင်မြင်ကြောင်း အဖွဲ့၏ အတွင်းရေးမှူးဖြစ်သည့် စောဝင်းကျော်က အခုလိုပြောသည်။

“ကျနော်တို့အနေနဲ့လည်း ပြည်တွင်းကနေ အကူအညီတွေပေးတဲ့နေရာမှာ လမ်းကြောင်း သတိထားရတာတွေ ရှိတယ်။ တောလမ်းတွေက သွားတဲ့အခါကျတော့ ကားသွားမရတဲ့နေရာတွေမှာ မြစ်ချောင်းတွေကို ဖြတ်သွားရတဲ့အခါ လမ်းချော်တာတွေရှိတယ်။ အဲ့ဒါကြောင့်အကောင်းဆုံးကတော့ ထိုင်းဘက်နေဖြစ်ဖြစ် အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်တို့ တရုတ်တို့ဘက်ကဖြစ်ဖြစ်ဝင်ပြီး ကူညီပေးနိုင်မယ်ဆိုရင် ပိုကောင်းမယ်” ဟု ၎င်းက ပြောသည်။

လတ်တလောတွင် BPHWT အနေဖြင့် ဆေးဝါးနှင့်ထောက်ပံ့ပစ္စည်းများအား ထိုင်းဘက်မှ အများဆုံး တင်သွင်း၍ အကူအညီပေးနေသော်လည်း လက်ရှိအချိန်တွင် ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်းပြောဆို ရသည့်အခါ ခက်ခဲမှုများလည်း ရှိကြောင်း စောဝင်းကျော်က ဆက်ပြောသည်။

Photo – KIC

ထို့အပြင် ထုတ်ပြန်ချက်တွင် အာဏာသိမ်းယူပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် စစ်ဘေးရှောင်ပြည်သူဦးရေ ၂ သန်း ခန့်ရှိလာပြီး စစ်ကောင်စီ၏ လုံခြုံရေးခြိမ်းခြောက်မှုများကြောင့် ၎င်းတို့၏ ဘဝရပ်တည်မှုသာမက ကိုယ်ရောစိတ်ပါ ထိခိုက်ခံစားနေကြရသလို စစ်ကောင်စီ၏ စီမံခန့်ခွဲမှုညံ့ဖျင်းမှုနှင့် အာဏာဖီဆန်ရေး လှုပ်ရှားမှုများကြောင့် ကျန်းမာရေးစနစ် ပြိုလဲ၍ လူထုကျန်းမာရေးစောင့်ရှောက်မှုများ အလှမ်းဝေး နေသည်ဟု ထည့်သွင်းဖော်ပြထားသည်။

“စစ်တပ်က လေကြောင်းနဲ့ဖြစ်စေ လက်နက်ကြီးနဲ့ဖြစ်စေ ဗုံးကျဲတိုက်ခိုက်လို့ ဆေးပေးခန်းတွေ ပျက်စီးတော့ ဆရာ၊ဆရာမ တော်တော်များများက ကြောက်ပြီးပြေးကြတယ်။ အဲဒီတော့ စစ်ဖြစ်ပွားတဲ့ဒေသတွေမှာ ဆေးပေးခန်းတွေအတွက် ဆရာဝန်လုံလောက်မှု မရှိတော့ဘူး။ ကျနော်တို့အဖွဲ့တွေလည်း ကိုယ်တတ်နိုင်သလောက်တော့ လုပ်နေပေမယ့် လိုအပ်ချက်က ရှိနေတုန်းပဲ” ဟု စစ်ဘေးသင့်ဒေသများတွင် ကျန်းမာရေးစနစ် ချို့တဲ့ရခြင်း၏ အခြေအနေနှင့်ပတ်သက်၍ စောဝင်းကျော်က ပြောသည်။

ထုတ်ပြန်ချက်တွင် BPHWT အနေဖြင့်လည်း ဖက်ဒရယ်ဒီမိုကရေစီ၏ ကျန်းမာရေးစနစ်ကို ဦးတည်၍ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များပါဝင်သော ကဏ္ဍပေါင်းစုံနှင့် ညှိနှိုင်းပူးပေါင်းကာ ရေရှည်ခိုင်မြဲသော ကျန်းမာရေးစနစ် တိုးတက်မှုနှင့် အခြေခံကျန်းမာရေးအခွင့်အလမ်းများ ရရှိရန် လက်လှမ်းမီအောင် ကြိုးပမ်းလုပ်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

BPHWT စတင်တည်ထောင်သည့် ၁၉၉၈ ခုနှစ်တွင် ကျန်းမာရေးလုပ်သား ၂၀ ဦး၊ ကျောပိုးအိတ် အဖွဲ့ငယ် ၃၂ ဖွဲ့ဖြင့် ကရင်၊ ကရင်နီနှင့် မွန် ဒေသများတွင် ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ စတင်ဆောင်ရွက် ပေးခဲ့သလို လက်ရှိတွင်လည်း တိုင်းရင်းသားဒေသများရှိ လူဦးရေ ၃ သိန်းခန့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ တိုးချဲ့လုပ်ဆောင်ခြင်းနှင့် စစ်မက်ဖြစ်ပွားရာဒေသများ၊ သဘာဝဘေးအန္တရာယ် ခံစားနေရသော ဒေသများတွင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကူအညီများ ပေးလျက်ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် BPHWT ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ဆရာ၊ဆရာမ စုစုပေါင်း ၅၆၀ ဦး ကျော် ထားရှိသလို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဆေးပေးခန်း တစ်ရာကျော်ရှိသည့်အနက် ကရင်တိုင်းရင်းသား ဒေသများတွင် ဆေးပေးခန်း ၆၆ လုံး ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း အဖွဲ့၏ပြောခွင့်ရပုဂ္ဂိုလ် စောဝင်းကျော်က ပြောသည်။

ကေအိုင်စီ – ပေးပို့သည်