ဇွန်လ ၁ ရက်နှင့် ၂ ရက်က ရှမ်းပြည်နယ် မိုင်းလားမြို့တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ တွေ့ဆုံပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်က မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်လာရာတွင် ဇွန်လ ၄ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) မူပန်ခရိုင်ထဲတွင် ဇွန်လ ၂ ရက် နံနက် ၉နာရီကျော်က စစ်ကောင်စီ တပ်ဖွဲ့သည် အထူးဒေသ (၁) မူပန်ခရိုင်၊ ပြင်းတောင်ရွာအနီးရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ ယာယီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှ နှစ်ဖက်တပ် အပြန်အလှန်ပစ်ခတ်ပြီး ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကိုးကန့်သတင်းဌာနက ဖော်ပြထားသည်။
ဇွန်လ ၃ ရက် နံနက်ပိုင်းတွင်လည်း ကိုးကန့်ခရိုင်၊ တုံရှမ်းဒေသ၌ အခြေချထားသည့် MNDAA တပ်စခန်း၌ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားကြောင်း၊ နေ့လယ် ၁၂ နာရီခွဲကျော်ခန့်တွင် စစ်ကောင်စီတပ်သည် လူအင်အား ၁၀၀ ခန့်ဖြင့် ရှောက်မင်ရှမ်းနှင့် ချောက်ချိုင့်ပါ့နေရာရှိ MNDAA တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီ အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲ၌ ကိုးကန့် (MNDAA) တပ်ဘက်မှ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အသေအပျောက်စာရင်း အသေးစိတ် မသိရသေးကြောင်း ကိုးကန့်သတင်းဌာနက ရေးသားဖော်ပြသည်။
ဇွန်လ ၄ ရက် နံနက် ၁၀နာရီခန့်တွင် ကိုးကန့်ခရိုင်၊ ရှိရှမ်းဒေသ၊ ကြာကျည်ရှူကျေးရွာအုပ်စု ကျန်တစ်ရှမ်းဘက်သို့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း ထိုသတင်းတွင် ဖော်ပြထားသည်။
ဇွန်လ ၁ ရက်နှင့် ၂ ရက်တွင် ရှမ်းပြည်နယ် မိုင်းလားမြို့တွင် ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့အပါအဝင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်တော် (AA) မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ဖွဲ့တို့နှင့် စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ ဆွေးနွေးပွဲကျင်းပနေစဉ်အတွင်း အခုလိုမြေပြင်၌ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က “ သူတို့အနေနဲ့ နစကနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရည်ရွယ်ချက် မရှိဘူး၊ တရုတ်က ဖိအားပေးလို့ ဆွေးနွေးရတယ်ဆိုတဲ့သဘောသာ အမှန်ဖြစ်တယ်ဆိုရင် ဒီဆွေးနွေးပွဲက ရလဒ်ကောင်းထွက်ဖို့ မမြင်ဘူး” ဟု သုံးသပ်ပြောသည်။
ယင်းဆွေးနွေးပွဲကို တရုတ်အစိုးရက ကြားဝင်စေ့စပ်ညှိုနှိုင်းပေးချက်အရ မိုင်းလားမြို့တွင် ဇွန်လ ၁ ရက်မှ ၃ ရက် အထိ ၃ ရက်တာဆွေးနွေးရန် ပြင်ဆင်ထားသော်လည်း ဒုတိယမြောက်နေ့တွင် ဆွေးနွေးပွဲကို ရပ်တန့်ခဲ့ရကြောင်း သိရှိရသည်။
ကိုးကန့်ဒေသ တိုက်ပွဲသတင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးသည်ကို တွေ့ရသည်။
နိရဉ္စရာ – ပေးပို့သည်