ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်တိုက်ပွဲ စစ်ကောင်စီ ၃၀ နီးပါး သေဆုံး

By MPM 5 ဇွန်, 2023 👁

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီမြစ်လွင်ပြင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၃၀ နီးပါး သေဆုံးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၁၀ ယောက်ကျော် ကျဆုံးမှု ရှိခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၅၀ ကျော်သည် ဟားခါးမြို့မှ ထန်တလန်မြို့ဘက်သို့ စစ်ကြောင်း ၂ ကြောင်းဖြင့် ချီတက်လာရာတွင် ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်အောက်ဘက်နှင့် အပေါ်ဘက်တွင် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် မေလ ၂၆ ရက်နေ ဇွန် ၅ ရက်အထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားလျှက်ကြောင်း သိရသည်။

“အခုက သူတို့တက်လာတာ ၂၆ ရက်နေ့က တက်လာတာ။ အဲ့ဒီ ၂၆ ရက်နေ့ မတိုင်ခင် သုံးရက် အလိုကနေ သူတို့ မြေပြင်တပ်ဖွဲ့တွေအတွက် လမ်းကြောင်းရှင်းဖို့ဆိုပြီးတော့ သုံးရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတယ်။ ပြီးတော့ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ ပြီးမှ ၂၆ ရက်နေ့မှာ တက်လာတယ်၊ တက်လာတော့ ၂၆ ရက်နေ့ကနေ ဒီနေ့အထိ အခုက တိုက်ပွဲက ဆက်ဖြစ်နေတယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

အဆိုပါတိုက်ပွဲတွင် မြေပြင်သတင်းအရ စစ်ကောင်စီတပ်ဖွဲ့ဘက်က ၂၇ ဦး သေဆုံးခဲ့ပြီး၊ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ၁၂ ဦး ကျဆုံးခဲ့ပြီး ၁၀ ဉီး ဒဏ်ရာရခဲ့သည်ဟု ဆလိုင်းထက်နီက ဆက်ပြောသည်။

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့များမှာ ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့မှ ရဲဘော် ၃ ဦးနှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ CDF မှ ရဲဘော် ၉ ဦး ဖြစ်ကြောင်းနှင့် ၎င်းတို့သည် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့် ရဲဘော်များအား သွားရောက်ကယ်ထုတ်စဉ်မှာ စစ်ကောင်စီ၏ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ကျဆုံးခဲ့ကြခြင်း ဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် သီမြစ်လွင်ပြင်တိုက်ပွဲတွင် လေကြောင်းစစ်ကူ အသုံးပြုသလို လက်နက်ကြီးများ အလွန်အကျွံ အသုံးပြုတာကြောင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ အကြီးအကျယ် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင်း သိရှိရသည်။

စစ်ကောင်စီက ထန်တလန်မြို့အား ပြန်လည်ထိန်းချုပ်ပြီး ချင်းအမျိုးသားတပ်ဦး ဗဟိုဌာနချုပ် ဝိတိုရိယစခန်းအထိ တိုက်ခိုက်ချေမှုန်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ဆလိုင်းထက်နီက ဆက်ပြောသည်။

“ဒီနှစ်ထဲမှာ ချင်းရယ်၊ ကရင်နီရယ် ပြီးတော့ စစ်ကိုင်းတိုင်းရယ် အဲ့ဒီမှာ လေကြောင်းရော ကုန်းကြောင်းရော ဖိပြီးတော့ ချေမှုန်းရေး စစ်ဆင်ရေး လုပ်မယ်ဆိုတာ ကျွန်တော်တို့ အတွင်းသတင်း ရထားတာရှိတယ်။ အဲ့ဒီကနေမှ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ချေမှုန်းမယ်။ ပြီးကာမှ ကျွန်တော်တို့ Victoria Base ချင်းအမျိုးသားတပ်ဦး/တပ်မတော်နေရာထိ ချေမှုန်းဖို့ ကြိုးစားလာတာဖြစ်တယ်” ဟု ဆလိုင်းထက်နီက ဆိုသည်။

သီမြစ်လွင်ပြင် တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်-CNA ၏ စစ်ရေးဦးဆောင်မှုဖြင့် CDF-Zophei၊ CDF-Lautu၊ CDF-Hakha နှင့် CDF-Thantlang စသည့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတော်လှန်တိုက်ခိုက်နေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ထန်တလန်မြို့သို့ ရောက်ရှိရန် မဖြစ်မနေ ကြိုးစားမည့်အနေအထားတွင် ရှိနေသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သည်ဟု လေ့လာစောင့်ကြည့်သူများထံက သိရသည်။

ခိုနူမ်းသုန်သတင်း (KMG) – ပေးပို့သည်