စစ်ရှောင် နေရပ်ပြန်ကျေးရွာတွင် ကျောင်းဆောင်ပြုပြင်ရန် ထောက်ပံ့ငွေမရသေး

By MPM 4 ဇွန်, 2023 👁

ယခုနှစ် ကျောင်းဖွင့်ရာသီချိန် ရောက်ရှိနေပြီဖြစ်သော်လည်း အရေးပေါ်ကျောင်းဆောင် ပြုပြင်ပေးရေးအတွက် ကူညီထောက်ပံ့ငွေများကို မရသေးကြောင်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ဒဘတ်ယန်ကျေးရွာရှိ နေရပ်ပြန် စစ်ရှောင်ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများက ပြောသည်။

ကျောင်းဆောင်အဟောင်းကို နေရပ်ပြန် ဒဘတ်ယန် စစ်ရှောင်ပြည်သူများက လက်ရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အမီ တတ်နိုင်သမျှ ကိုယ်ထူကိုယ်ထ ပြုပြင်ပြီး ဇွန်လ ၁ ရက်မှ စတင်ပြီး ကျောင်းပြန် ဖွင့်ထားရသည်ဟု ဒဘတ်ယန်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“ကျနော်တို့ အခုက ပထမဆုံး ယာယီကျောင်းဆောင် ဆောက်ပေးမယ်လို့ပြောတာ။ ကျနော်တို့ အဲ့ဒါကို မျှော်ကိုးနေတာ။ ဒါပေမယ့် အခု စာသင်လာတဲ့အချိန် နီးလာတဲ့အချိန် ရောက်လာရင်လည်း အဲ့ဒီ ယာယီကျောင်းဆောင်ဆောက်ဖို့ ဘတ်ဂျက်ကလည်း မကျလာဘူး” ဟု ၎င်းက ဆိုသည်။

ကျောင်းဆောင်ပြုပြင်ပေးရေးအတွက် ပြည်နယ်အစိုးရနှင့် မြို့နယ်ပညာရေးမှူးရုံးတို့အား အကြောင်းကြားထားရာတွင် မြို့နယ်ပညာရေးမှူးရုံးက ကျောင်းဆောင်သစ် တည်ဆောက်နိုင်ရေးအပြင် ပြည်နယ်အစိုးရ တာဝန်ရှိသူများကလည်း ကျောင်းဆောင်ဟောင်း ပြန်လည်ပြုပြင်ရန် ကျပ်သိန်း ၁၀၀ လှူဒါန်းမည်ဟု ပြောဆိုထားသော်လည်း ယနေ့အချိန်ထိ ပိုက်ဆံ မရရှိသေးကြောင်း ဒဘတ်ယန်ကျေးရွာ ဒေသခံများက ပြောသည်။

လက်ရှိတွင် ဒဘတ်ယန်ကျေးရွာ ရပ်မိ/ရပ်ဖများ၊ ကျောင်းသားမိဘများက ဦးဆောင်ပြီး ထည့်ဝင်ငွေ၊ ချေးငွေများဖြင့် ကျောင်းဆောင်ဟောင်းကို ပြုပြင်နေသော်လည်း ငွေလုံလောက်မှု မရှိသောကြောင့် ကျောင်းဆောင် ပြင်ဆင်မှု ၅၀ ရာခိုင်နှုန်းပင် ပြီးမြောက်ခြင်း မရှိသေးကြောင့် ဒေသခံများက ပြောသည်။

ဒဘတ်ယန်ကျေးရွာခံ အမျိုးသားတစ်ဦးက “ပြောမယ်ဆိုရင်တော့ ဒီကျောင်းဆောင် ပြုပြင်ဆောက်လုပ်ဖို့ အချိန်က နည်းနည်းနောက်ကျသွားတာပေါ့။ ၂၈ ရက်နေ့ကမှ စတင်ပြီး ပြုပြင်တယ်ဆိုတော့ အခုက ၅၀ ရာ ခိုင်နှုန်းကတော့ ပြီးတော့ ပြီးထားပြီပေါ့။ အမိုးအကာက အစ ကျနော်တို့ ကြည့်တဲ့အချိန်က မိုးလုံတယ်လို့ ထင် တာ။ အခုမိုးရွာတဲ့အချိန် ပြန်စစ်ကြည့်တော့ မိုးယိုတဲ့နေရာက ၅ နေရာ ၆ နေရာလောက် ရှိနေတာ။ အခုအမိုး မိုးဖို့တော့လို သေးတယ်။ သွပ်ဝယ်ဖို့လည်း မလောက်ဘူး။ ကျောင်းဆောင်က အခန်း ၅ ခန်းရှိတာပေါ့။ အခန်းတိုင်းကို သစ်အခင်းပျဉ်တွေ လိုအပ်နေသေးတယ်” ဟု ပြောသည်။

အခြားလိုအပ်ချက်များဖြစ်သည့် ကျောင်းသုံးကိရိယာ၊ သင်ထောက်ကူပစ္စည်းများ၊ စားပွဲများ၊ ထိုင်ခုံများ၊ ကျောက်သင်ပုန်းနှင့် ကျောင်းအုပ်ကြီး အပါအဝင် ဆရာ၊ ဆရာမ ၄ ဦး ရရှိထားပြီး ဖြစ်သည်ဟု ဒဘတ်ယန်ကျေးရွာခံ ကျောင်းသားမိဘများက ပြောသည်။

လူဦးရေ ၁၅၀၀ နီးပါး နေထိုင်သည့် ဒဘတ်ယန်ကျေးရွာတွင် ကျောင်းသူ/ကျောင်းသား စုစုပေါင်း ၂၈၂ ဦးရှိသည့်အနက် မေလ ၃၁ ရက်အထိ ကျောင်းလာအပ်သူ ၉၆ ဦးသာ ရှိသေးကြောင်း ကျောင်းသားမိဘများက ပြောသည်။

သတင်းနှင့် မီဒီယာကွန်ရက် – ပေးပို့သည်