မွတ်ဆလင် (ရိုဟင်ဂျာ) ၆၀ ကျော် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံရ

By MPM 4 ဇွန်, 2023 👁

ပြီးခဲ့သည့် မေလပထမပတ်က ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်မှာ ဖမ်းဆီးခံခဲ့ရသည့် မွတ်ဆလင် (ရိုဟင်ဂျာ) ၆၂ ဦးကို ငပုတောမြို့နယ် စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၅ နှစ်စီ အသီးသီးချမှတ်ကြောင်း သိရသည်။

“လဝက ဦးစီးဌာန စစ်ဆေးချက်တွေ ရဲတပ်ဖွဲ့ စစ်ဆေးချက်တွေနဲ့ အမိန့်ချ လိုက်တာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေ ဘက်ကနေ ဥပဒေအရ ဘာမှလျှောက်လဲခွင့် မရတဲ့အပြင် ချမှတ်တဲ့ ထောင်ဒဏ် ၅ နှစ်ကလည်း များလွန်းနေတယ်” ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။

ဖမ်းဆီးထောင်ချခံရသည့် မွတ်ဆလင် (ရိုဟင်ဂျာ) ၆၂ ဦးမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ စသည့် ဒေသများတွင် မွေးဖွားကြသူများဖြစ်ပြီး မြန်မာနိုင်ငံသားများ ဖြစ်ပါလျှက် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေသူများဖြစ်သည်ဟု အဆိုပါ တရားလွှတ်တော်ရှေ့က ဆက်ပြောသည်။

ဖမ်းဆီးထောင်ချခြင်း ခံရသော မွတ်ဆလင် (ရိုဟင်ဂျာ) အမျိုးသား ၅၀ ဦးနှင့် အမျိုးသမီး ၁၂ ဦးသည် ပြီးခဲ့သည့် မေလ ၅ ရက်က ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်တွင် စစ်ကောင်စီလက်အောက် ဟိုင်းကြီးကျွန်း ရေတပ် စခန်းက စစ်ရေယာဉ်ဖြင့် လိုက်လံဖမ်းဆီးမှုကို ခံရခြင်း ဖြစ်သည်။

၎င်းတို့ကို မေလ ၃၁ ရက်က ငပုတောမြို့နယ် စစ်ကောင်စီတရားရုံးက နိုင်ငံသား မှတ်ပုံတင်အက်ဥပဒေ ပုဒ်မ ၆၃ ဖြင့် အမိန့်ချ လိုက်သည်ဟု တရားရုံးနှင့် နီးစပ်သူများက ပြောပြသည်။

ဒေသခံမွတ်ဆလင် လူမှုကူညီရေးအဖွဲ့ဝင် တစ်ဦးက ထောင်ချခံရသည့် မွတ်ဆလင် (ရိုဟင်ဂျာ) ၆၂ ဦးတွင် အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးငယ် ၈ ဦး ပါဝင်ပြီး ၎င်းတို့ကိုလည်း ထောင် ၅ နှစ်စီ ချလိုက်သည့် အတွက် ကလေးငယ်များမှာ မိဘများနှင့် ခွဲခွာပြီး ကလေးထောင်တွင် ကျခံရမည်ဖြစ်ရာ တရားသူကြီးက သားသမီးချင်း စာနာစိတ်ကင်းမဲ့လွန်းစွာ အမိန့်ချလိုက်သည်ဟု ထောက်ပြပြောဆိုသည်။

“သူတို့ (ရိုဟင်ဂျာ) တွေဆီက အဖမ်းခံရတုန်းက ဖုန်းတွေနဲ့ငွေတွေကို ‌ရေတပ်က သိမ်းထားတာ။ ပြန်မပေးသေးဘူး။ အဲ့ဒါတွေကို သိမ်းထားတဲ့ အဖွဲ့အစည်းက ဒေသခံ မွတ်ဆလင် ဘာသာရေးအဖွဲ့အစည်း ဒါမှမဟုတ် ဗလီကို အပ်နှံရမှာ ဖြစ်တယ်။ ဖမ်းထားတုန်းကလည်း အာဏာရှိ အဖွဲ့အစည်းက မကျွေးနိုင်လို့ ဗလီက ကျွေးထားရတယ်” ဟု အဆိုပါ ဒေသခံမွတ်ဆလင် လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖမ်းဆီးထောင်ချခံရသည့် မွတ်ဆလင် (ရိုဟင်ဂျာ) ၆၂ ဦးမှာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သူအများစု ပါဝင်ပြီး မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ရန် စက်လှေဖြင့် ထွက်ခွာလာကြစဉ် ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်တွင် စစ်ကောင်စီရေတပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်ကလည်း ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများမှ ထွက်ခွာလာသော မွတ်ဆလင် (ရိုဟင်ဂျာ) အယောက် ၇၀ ကျော်ကို ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့အနီး ပင်လယ်ပြင်တွင် စစ်ကောင်စီ ရေတပ်က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခဲ့သည့် မွတ်ဆလင် (ရိုဟင်ဂျာ) ၇၀ ကျော် ကို ငပုတောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံသား မှတ်ပုံတင်အက်ဥပဒေပုဒ်မ – ၆၃(က) ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ပြီး ငပုတောမြို့နယ် စစ်ကောင်စီ တရားရုံးက ဧပြီလ ၂၅ ရက်တွင် ထောင်ဒဏ် ၂ နှစ်စီ အသီးသီး ချမှတ်ခဲ့သည်။

သတင်းနှင့်မီဒီယာကွန်ရက် – ပေးပို့သည်