တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဒေသခံ ၂၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း တနင်္သာရီမြို့နယ် (ပကဖ) က သံလွင်တိုင်းမ်ကို ပြောဆိုသည်။
ပြီးခဲ့သည့် ဇွန် ၁ ရက် မနက်ပိုင်းကစတင်ပြီး တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းနှင့် ဆန်းသစ်ရွာတောင်ပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကနေ လယ်သစ်၊ ချောင်းဝ၊ သောင်ဖြူ ကျေးရွာများထဲသို့ လက်နက်ကြီး အချက် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီးရန်ကြောင့် လယ်သစ်နှင့်သောင်ဖြူကျေးရွာမှ ဒေသခံ ၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာများကို ထွက်ပြေးတိမ်း ရှောင်နေရသည်။
လက်နက်ကြီး ပစ်ခတ်မှုဖြစ်စဉ်အတွင်း ထိုကျေးရွာများရှိ လူနေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိသော်လည်း အရေအတွက်အတိအကျ မသိရသေးကြောင်း တနင်္သာရီမြို့နယ် (ပကဖ) ပြန်ကြားရေး တာဝန်ခံက ပြောသည်။
တိုက်ပွဲမရှိဘဲ လယ်သစ်ဒေသထဲသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုဟာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ဆက်စပ်နိုင်ကြောင်း တော်လှန်ရေးအင်အားစုများဘက်က သုံးသပ်ထားသည်။
ပြီးခဲ့သည့် မေ ၃၁ ရက်က မြိတ်ဘက်မှ တနင်္သာရီဘက်ကို လာရောက်သည့် စစ်ကောင်စီယာဉ်တန်းကို ဆင်ဒင်၊ ချောင်းညီကို၊ ရမ်းဖိုးနှင့် ဘန်းလမွန်ရွာများကြားမှာ ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
တနင်္သာရီတိုင်းတွင် စစ်တပ်အာဏာသိမ်းကာလအတွင်း တိုက်ပွဲများအပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၄၀,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်အရေး ကူညီနေသူများထံက သိရသည်။
သံလွင်တိုင်းမ် – ပေးပို့သည်။