“ကျနော်တို့ စစ်ကိုင်းဖိုရမ်ပြုလုပ်ခြင်းက အချို့တွေထင်နေသလိုမျိုး နောက်ထပ် Third Party တစ်ခုထူထောင်ဖို့လည်း မဟုတ်ဘူး။ စစ်ကိုင်းတိုင်းသူ တိုင်းသားတွေရဲ့နိုင်ငံရေးမျှော်မှန်းချက်နဲ့ လက်ရှိတော်လှန်ရေးကာလမှာ စုစည်းညီညွှတ်မှုနဲ့သွားမယ်ဆိုတဲ့ သဘောထားကြောင့်ပဲ ဖြစ်တယ်” ကိုလွမ်းသူ (ပြောရေးဆိုခွင့်ရှိသူ၊ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့)

By MPM 2 ဇွန်, 2023 👁

စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုလွမ်းသူနှင့် အမေးအဖြေ

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်ပေါင်း နှစ်ဆယ်ကျော်တွင် အခြေစိုက်သော တော်လှန်ရေးအဖွဲ့ပေါင်း (၁၇၃) ဖွဲ့နှင့် တက်ရောက်လေ့လာသူ (၃၁) ဦးတို့ပါဝင်သော စစ်ကိုင်းဖိုရမ်ကို မေလ (၃၀) ရက်နေ့မှ (၃၁) ရက်နေ့အထိ ပထမအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဖိုရမ်ကျင်းပပြုလုပ်ခဲ့ကြသည့် ရည်ရွယ်ချက်နှင့်ဖိုရမ်မှတဆင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် တော်လှန်ရေးအခြေပြုလုပ်ငန်းစဥ်များ၊ နောက်လာမည့် ဖိုရမ်များစီစဥ်ဆောင်ရွက်မှုအခြေအနေတို့ကို သိရှိနိုင်ရန် စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ကိုလွမ်းသူနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး ။ စစ်ကိုင်းဖိုရမ်ပြုလုပ်ဖြစ်တဲ့ရည်ရွယ်ချက်ကို ပြောပြပေးပါ။

ဖြေ ။ ကျနော်တို့ရည်ရွယ်ချက်ကတော့ စစ်ကိုင်းတိုင်းက တော်လှန်ရေးအားကောင်းပြီးတော့ ဆုံးရှုံးမှုတွေများတဲ့အခါမှာ ကျနော်တို့ရဲ့အားကောင်းပြီး ကျစ်လစ်တဲ့စုဖွဲ့မှုတစ်ခုကို မျှော်မှန်းတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအခြေစိုက်တော်လှန်ရေးအင်အားစုတွေအားလုံးကနေ စစ်ကိုင်းတိုင်းရဲ့အနာဂတ်ကို ဘယ်လိုရှေ့ဆက်ချီတက်ကြမလဲဆိုတာကိုလည်း တိတိပပသိဖို့အတွက် သဘောထားစုစည်းရရှိဖို့ တွေ့ဆုံဆွေးနွေးကြတာပဲဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဟာလည်း စစ်ကောင်စီရဲ့ဖိနှိပ်ချုပ်ချယ်မှုကို အများအပြားခံထားရတဲ့ဒေသတစ်ခုဖြစ်တဲ့အတွက် ကျနော်တို့လူထုတွေဖြစ်စေချင်တဲ့ မျှော်ရည်နေတဲ့ အားကောင်းတဲ့တော်လှန်ရေးဖြစ်ပေါ်လာရအောင် စစ်ကိုင်းတိုင်းအတွင်းကတော်လှန်ရေးအင်အားစုတွေက လူထုရဲ့စုစည်းညီညွှတ်မှုရအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ဒီဖိုရမ်ကိုကျင်းပရခြင်းဖြစ်ပါတယ်။

မေး ။ ဖိုရမ်မှာ ဘယ်သူတွေကဦးဆောင်ဆွေးနွေးလဲ၊ ဘာအကြောင်းအရာတွေ အဓိကထားဆွေးနွေးဖြစ်ခဲ့သလဲဆိုတာ ပြောပြပေးပါဦးရှင့်။

ဖြေ ။ ဖိုရမ်ဦးဆောင်ဆွေးနွေးတာကတော့ စစ်ကိုင်းတိုင်းအတွင်းကတော်လှန်ရေးအင်အားစုတွေပဲပေါ့နော်။ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကတော့ အဓိကက ကျနော်တို့အားလုံး ဒီဖိုရမ်ကနေ တိုင်ပင်ဆွေးနွေးပြီးတော့ဆောင်ရွက်ထားတဲ့ကလေးခု ရှိပါတယ်။ ဒါတွေကတော့ နိုင်ငံရေး၊ စစ်ရေး၊ အထွေထွေနဲ့ဒေသန္တရ အုပ်ချုပ်ရေးတို့ဖြစ်ပါတယ်။ အထွေအထွေကထဲမှာဆိုရင်လည်း CDM ရေးရာ၊ သဃံဇာတရေးရာနဲ့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးရာ စတဲ့ အခြေခံကတွေကိုမူတည်ပြီး ဆွေးနွေးသွားခဲ့တာပါ။

မေး ။ ဒီဖိုရမ်ကနေ ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဥ်တွေကို ပြောလို့ရရင် အကျဥ်းချုံးပြောပြပေးပါလား။

ဖြေ ။ လုပ်ငန်းစဥ်ကတော့ ကျနော်တို့ရဲ့ထုတ်ပြန်ချက်ထဲမှာလည်းပါပါတယ်။ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံး အပြီးတိုင်ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်အုပ်ချုပ်ခွင့်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးနဲ့ နိုင်ငံရေးရာတိုင်းအတိုင်ပင်ခံကောင်စီတစ်ခု ဖော်ထုတ်ဖို့ဆိုတာ ပါရှိပါတယ်။ ပထမဆုံးကျင်းပတဲ့ဖိုရမ်ကနေ ဒီအတိုင်ပင်ခံကောင်စီ(သို့မဟုတ်)အစုအဖွဲ့ ပေါ်ပေါက်ဖို့မလွယ်သေးတဲ့နေရာမှာ နောက်ထပ်ဆင့်ကဲသောဖိုရမ်တွေ ဆောင်ရွက်သွားပြီးတော့ ပထမဖိုရမ်မှာ မချိတ်ဆက်မိသေးလို့ပဲဖြစ်စေ အကြောင်းကြောင်းကြောင့် ကျန်ရစ်ခဲ့တဲ့တော်လှန်ရေးအင်အားစုတွေကို ပွင့်ပွင့်လင်းလင်း ထပ်မံဖိတ်ခေါ်ပြီးတော့ နောက်ထပ်ဖိုရမ်တွေကျင်းပသွားဖို့ရှိတယ်။ ပြီးတော့ ထုတ်ပြန်ချက်မှာပါတဲ့ မူဝါဒရေးဆွဲဖို့နဲ့ ကြားကာလအစီအမံတွေဆောင်ရွက်ဖို့စတဲ့ လုပ်ငန်းစဥ်တွေကို နောက်တစ်ကြိမ်မှာ ပြုလုပ်သွားဖို့ ရည်ရွယ်ထားတာပါ။

မေး ။ စစ်ကိုင်းဖိုရမ်ကနေ ပြုလုပ်ရာမှာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့အခန်းကရော ပါဝင်ပါသလား။

ဖြေ ။ ဖိုရမ်လုပ်မယ်ဆိုတော့ ကျနော်တို့ NUG ဆီကို ဖိတ်ကြားလွှာ ပို့ခဲ့ပါတယ်။ NUG က ဝန်ကြီးအချို့နဲ့လည်း အလွတ်တန်းတွေ့ဆုံစကားပြောဆိုခဲ့တာတွေလည်း ရှိတယ်။ NUG ဆီကလည်း သဝဏ်လွှာလက်ခံရရှိခဲ့ပါတယ်။

မေး ။ ဖြည့်စွက်ပြောလိုတာရှိရင် ပြောပြပေးပါဦး။

ဖြေ ။ ကျနော်တို့စစ်ကိုင်းဖိုရမ်ပြုလုပ်ခြင်းက အချို့တွေထင်နေသလိုမျိုး နောက်ထပ် Third Party တစ်ခုထူထောင်ဖို့လည်း မဟုတ်ဘူး။ စစ်ကိုင်းတိုင်းသူ တိုင်းသားတွေရဲ့နိုင်ငံရေးမျှော်မှန်းချက်နဲ့ လက်ရှိတော်လှန်ရေးကာလမှာ စုစည်းညီညွှတ်မှုနဲ့သွားမယ်ဆိုတဲ့ သဘောထားကြောင့်ပဲ ဖြစ်တယ်။ ပြီးတော့ တော်လှန်ရေး စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်နေကြတဲ့တော်လှန်ရေးအင်အားစုတွေနဲ့ ပွင့်ပွင့်လင်းလင်း မဟာမိတ်ပြုချိတ်ဆက်ပြီးတော့ ပိုမိုကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုဖြစ်စေဖို့ပဲ မျှော်ရည်ထားတယ်လို့ ပြောချင်ပါတယ်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။