ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးရှိ ရွှေမျှောဖောင်နှင့် တဲများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

0
414

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည် အနီးဝန်းကျင်တစ်ဝိုက်တွင် ရွှေတူးဖော်နေသည့် ရွှေမျှောဖောင်များနှင့် လူနေတဲများကို စစ်ကောင်စီတပ်က မေလ ၂၄ ရက်နေ့မှစတင်ကာ မီးရှို့ဖျက်ဆီးပြီး ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရှိရသည်။

စစ်ကောင်စီတပ်များက ကျွန်းလှမြို့ပေါ်ကနေ သဖန်းဆိပ်ဆည်ဘက်ကို စစ်ကြောင်းထိုးတက်လာပြီး ဆည်အနီးဝန်းကျင်တစ်ဝိုက် ရွှေတူးဖော်နေတဲ့ ရွှေမျှောဖောင်များနှင့် လူနေတဲများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရွှေမျှောလုပ်ကိုင်နေသူတွေက ပြောဆိုကြပါတယ်။

“တိုက်ပွဲ မဟုတ်ရပါဘူးကွယ်။ ဖောင်တွေ တဲတွေ မီးရှို့တာ၊ ဖမ်းတယ်ပါ့အေး တဲဘက်ကတွေက ဖမ်းကုန်တာ။ နည်းနည်းပါးပါး အခြေအနေမကောင်းတော့ ဖောင်ဆွဲပြန်ခဲ့တာ။ နောက်ရက်ကျတော့ မရတော့ဘူး မီးရှို့သွားတာ။ ဆင်းလို့လည်း မရတော့ဘူး ပိတ်ထားတာ။အဲ့လို ဖြစ်သွားပြီ” လို့ ဒေသခံရွှေလုပ်ငန်းရှင်က ပြောသည်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာမှုကြောင့် သဖန်းဆိပ်ဆည် အနီးဝန်းကျင်တစ်ဝိုက် ရွှေတူးဖော်နေသည့် ရွှေမျှောဖောင်များနှင့် ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းပြီး တဲစောင့်ထားကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဒါ့ပြင် ဒီရွှေမျှောများသည် ဒေသကာကွယ်ရေးတပ်များကို ထောက်ပံ့သည့် စွပ်စွဲချက်များဖြင့်လည်း မီးရှို့ခြင်းဖြစ်ကြောင်း ရွှေမျှောလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“လူတွေက မရှိဘူး။ လူတွေက စောင့်နေတာ တစ်ယောက်ထဲလေ။ ပစ္စည်းတွေက အကုန်သိမ်းပြန်ခဲ့ပြီ ဘယ်သူမှ မရှိတော့ဘူး။ တဲလေးတွေက တစ်ယောက်တစ်လေစောင့်တာပါ့။ အဓိကကတော့ ဒီဘက်က PDF တွေကို ထောက်ပံ့တယ်ဆိုပြီးတော့မှ ရှို့တာပါ့မောင်” လို့ တိမ်းရှောင်လာသည့် ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

သဖန်းဆိပ်ဆည်အနီးတွင် မီးရှို့ဖျက်ဆီးခဲ့သည့် ရွှေမျှောဖောင် အကြီး (၃၃) စီး ၊ ၆ လုံးထိုးအင်ဂျင် ၃၃ လုံး၊ ဒီဇင် ဂါလံ ၉၉၀၊ ဆီပီပါခွံ ၄၉၅၀ ကျော်နှင့် ရွှေမျှောတူးဖော်မှုနဲ့ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ရှမ်းနီးအသံ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here