မိုးညှင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် တစ်ရာကျော်အတွက် နေထိုင်ရေး အခက်အခဲဖြစ်နေ

0
399

ဗန်းမောက်မြို့နယ် မံလူဒေသစိတ်ထဲရှိ ပါထွန်၊ နားပင်၊ မံလူ ၊ ကံကြီးစသည့် ကျေးရွာများမှ ရွာသူ/သား တစ်ရာကျော်သည် မိုးညှင်းမြို့ပေါ် တိုက်ပွဲရှောင်ပြေးရှောင်လာခဲ့ပြီး နေထိုင်ရေးများ အခက်အခဲဖြစ်နေကြကြောင်း စုံစမ်းသိရသည်။

စစ်ဘေးတိမ်းရှောင်လာသူ တစ်ရာကျော်သည် လွန်ခဲ့သော ဧပြီလ ၁၇ ရက်နေ့ (သင်္ကြန်အတက်နေ့) မှာ မိုးညှင်းမြို့ပေါ်ကို တိမ်းရှောင်ခဲ့ကာ ဆွေမျိုးသားချင်းနေအိမ်များ၊ မြို့နှင့်နီးသည့်ကျေးရွာတချို့တွင် ခိုလှုံနေကြရသည်မှာ တစ်လနီးပါးကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

“ဘကြီးတို့ရွာကလေးတွေဆို မီးသတ်ရုံးမှာအိတ်ရတာ တမံတလင်းမှာအိပ်ရတယ် ခုံမရှိဘူး။ ခြံပေါက်ဝမှာခြံစောင့်ထားတဲ့ တစ်ခန်းလေးမှာ စုနေရတယ်။ ရပ်ကွက်ထဲမှာ ဆွေမျိုးအိမ်မှာနေတဲ့ဟာလည်းမငှားနိုင်တော့ မိသားစု လေးငါးစုဟာ လူပေါင်း ဆယ့်လေးငါးယောက် အယောက် ၂၀ ဟာလည်း တစ်ခန်းတည်းနေရတယ်အဲ့လိုတွေပါ့လေနော်” လို့ စစ်ဘေးရှောင်လာသူ အသက် ၆၀ ကျော်အရွယ် အဖိုးတစ်ယောက်က ပြောဆိုသည်။

စစ်ဘေးရှောင်တချို့က ပါလာသည့်ငွေကြေးတချို့ဖြင့် အိမ်ခန်းငှားရမ်းနေထိုင်မှုများရှိသော်လည်း အများအားဖြင့် ဆွေမျိုးသားချင်းများ၊ အသိမိတ်ဆွေများ၏ နေအိမ်တွေမှာသာ စုပေါင်းနေထိုင်နေကြရဆဲဖြစ်ကြောင်း စစ်ဘေးရှောင်သူများထံမှသိရသည်။

တိုက်ပွဲကြောင့် အဆိုပါရွာသားတချို့ဟာလည်း ဗန်းမောက်မြို့ပေါ်အပါအဝင် ရွှေကျောင်၊ ပင်းခါးစသည့် ရွာတွေကို တိမ်းရှောင်နေကြရတာလည်းဖြစ်တယ်လို့ သိရသည်။

ဒါ့အပြင် မေလ ၂၀ ရက်နေ့စပြီး ကချင်လွတ်လပ်ရေးတပ် (KIA)၊ ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံတချို့ဟာ တောလမ်းတွေကိုဖြတ်ပြီး မိုးညှင်းမြို့ကို တိမ်းရှောင်လာမှုတွေရှိပြီး စုံစမ်းသိရပေမယ့် စာရင်းအတိအကျမသိရှိရသေးပါဘူး။

လတ်တလော ဗန်းမောက်မြို့နယ် မံလူဒေသစိတ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲတွေကြောင့် ကျေးရွာ ၁၀ ရွာမှ ဒေသခံများက စစ်ပွဲမဖြစ်ပွားသည့်ကျေးရွာတွင် သွားရောက်ခိုလှုံနေရသလို တိုက်ပွဲအတွင်း ပိတ်မိနေသူများလည်းရှိကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ရှမ်းနီအသံ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here