စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ် မံလူဒေသစိတ်တွင် ကချင်လွတ်လပ်ရေးတပ် (KIA)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ (၄) ရက်တိုက်ဖြစ်ပွားနေပြီး ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
ဗန်းမောက်အနောက်ပိုင်း မံလူဒေသစိတ် ထုံးတောင်အနီးတဝိုက်မှာ KIA-PDF တပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်တို့ မေလ ၂၁ ရက်နေ့ နံနက် (၁၁) နာရီကစပြီး (၃) နာရီအထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ညနေပိုင်း ၅ နာရီအချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ လေယာဥ်သုံးစီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
“ဖြစ်တာက ထုံးတောင်မှာ။ ဒီဘက်တောင်ကို ပိုနီးလာပြီ။ ၁၁ နာရီကနေ ၃ နာရီလောက်မှာ အသံတွေက ငြိမ်သွားတယ်။ အဲ့ဒီနောက် ၅ နာရီ ဝန်းကျင်မှာတော့ လေယာဥ် သုံးစီးလောက်လာပြီး လာချသွားတယ်။” လို့ မံလူဒေသစိတ် ဒေသခံတစ်ဦးက ပြောပြသည်။
တိုက်ပွဲကြောင့် နှစ်ဖက်စလုံးအထိအခိုက်ရှိနေပြီး နှစ်ဖက် စစ်ရေး တင်းမာမှုများကြောင့် စစ်ဘေးရှောင်အရေအတွက် များစွာရှိနေသည်ဟုလည်း ဆိုပါသည်။
“အခုပါထွန်ရွာမှာ တစ်ယောက်မှ မရှိတော့ဘူး။ သူတို့ (KIA+PDF) က စီကတောင်ထဲဘက်ကိုပို့ချင်တာ၊ သူများ (စစ်ရှောင်) တွေက အဲ့ဒီဘက်က လူအရမ်းများတော့ စစ်ဘေးရှောင်တွေ အရမ်းများတယ် စားဝတ်နေရေးက အဆင်မပြေတော့ သူများ (စစ်ရှောင်) တွေက ဒီဘက် (ဗန်းမောက်) ကို ထွက်ချင်တာ အဲ့လို။ ဒီဘက်က လမ်းလည်း သာတော့ စစ်ရှောင်တွေက ဒီဘက်ကို ထွက်ချင်တာ။ ထွက်မယ်ဆိုလည်း မရဘူး ပိတ်ထားတာ PDF တွေက။ ကြောင်လည်ဘက်ကို ဝင်လာမယ်ဆိုလည်း အစိမ်း (စစ်ကောင်စီ) က မဝင်ခိုင်းဘူး အထပ်ထပ်ကိုကာထားတာ” လို့ ပါထွန်ကျေးရွာ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပြသည်။
တိုက်ပွဲဖြစ်ပွားမှု (၄) ရက်အတွင်း စစ်ကောင်စီက လေကြောင်းကနေ (၄) ကြိမ်ထက်မနည်း လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲဖြစ်စဉ်ကိုသိသည့် ဒေသခံများ၏ ပြောဆိုမှုအရသိရသည်။
နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှုတွေကြောင့် တော်လှန်ရေးအင်အားစုများက ဗန်းမောက်မြို့အနောက်ပိုင်းကို ခရီးသွားလာခွင့် ၅ ရက် ပိတ်ပင်ထားဆဲဖြစ်ကြောင်း ဗန်းမောက်မြို့ပေါ်နေသူတွေထံမှသိရသည်။
ရှမ်းနီအသံ – ပေးပို့သည်။