ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မစဲကမ်းဒေသ ညောင်ပင်ကြီး မူဆလင်ကျေးရွာတွင် မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်စဥ်အတွင်း ကလေးငယ် ၁၃ ဦးအပါအဝင် ရွာသား ၁၉ ဦး ရေနစ်သေဆုံးခဲ့ပြီး တစ်ဦးမှာ ယနေ့ထိ ပျောက်ဆုံးနေကြောင်း ကျေးရွာသားများက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
အဆိုပါရွာသားများမှာ ဆိုင်ကလုန်းမုန်တိုင်းပြင်းထန် တိုက်ခတ်နေစဥ် ကျေးရွာရှိ နေအိမ်တစ်လုံးတွင် မုန်တိုင်းခိုလှုံနေကြပြီး ဒီရေတက်လာသည့်အချိန် ကြက်ရိုးဆိတ်ကျေးရွာဖက်သို့ ထွက်ပြေးရာတွင် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ညောင်ပင်ကြီး ကြေးရှာသား ကိုအောင်နိုင်စိုးက ပြောပါသည်။
” မုန်တိုင်းအားနဲ့တိုက်နေတုန်းမှာ ရွာကအိမ်တစ်အိမ် လူနှစ်ဆယ်လောက် စုနေကြတာပါ။ မုန်တိုင်းလည်း ပြင်းလာပြီးတော့ ရေတွေတက်လာလို့ ကြောက်ပြီးတော့ ကြက်ရိုးဆိတ်ရွာဖက်ကို ထွက်ပြေးကြတာ။ ထွက်ပြေးတဲ့အချိန် ရေနစ်ပြီးသေသွားကြတာပါ” ဟု သူက ပြောသည်။
သေဆုံးသွားသူများတွင် အသက် ၁ နှစ်ခွဲမှ ၁၅ နှစ်အထိကလေးငယ် ၁၃ ဦး၊ အသက် ၁၈ နှစ်တစ်ဦး၊ အသက် ၃၀ မှ ၆၅ နှစ်အထိ ၅ ဦးတို့ဖြစ်ကြသည်။
“သေဆုံးတာက အမျိုးသမီးများပါတယ်။ ၁၁ ဦးပါ။ အမျိုးသား ၈ ဦး ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
သေဆုံးသူကလေးငယ်များမှာ မောင်လာလူ (၆) နှစ်၊ မောင်အာနော့စ် (၃) နှစ်၊ မောင်ချော်ဖီအာလာမ် (၆) နှစ်၊ မောင်အေနော့်စ် (၄) နှစ်၊ မောင်ဟာဘဲစ်အာမတ် (၅) နှစ်၊ မောင်ဘော်ဒေါ (၈) နှစ်၊ မောင်နုရ်ဟာချိမ် (၅) နှစ်၊ မောင်ချာကဲရ် (၉) နှစ်နှင့် မိန်းကလေးငယ်များမှာ မတောစ်မိန် (၁၅) နှစ်၊ မယာစ်မိန် (၁) နှစ်ခွဲ၊ မအမေနာ (၂) နှစ်၊ မအာဂျီဒါ (၁၅) နှစ်၊ မဟူဆေနာ (၁၈) နှစ်တို့ ဖြစ်သည်။
တခြားသေဆုံးသူများမှာ ဒေါ်ကော်ရီမာ (၃၀) နှစ်၊ ဒေါ်အာယေချာ (၃၇) နှစ်၊ ဒေါ်ဖာတေမာ (၄၄) နှစ်၊ ဒေါ်တာဟဲရာ (၄၆) နှစ်နှင့် ဒေါ်ဘုလ်ကီဇာ (၆၅) တို့ဖြစ်သည်။
ညောင်ပင်ကြီးကျေးရွာသည် အိမ်ခြေ ၄၁၂ အိမ်၊ လူဦးရေ ၂၀၉၇ ယောက်ရှိသည့် ကျေးရွာဖြစ်ပြီး မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် တစ်ရွာလုံးရှိနေအိမ်များ ပျက်စီးခဲ့ရကြောင်း သူကပြောသည်။
မုန်တိုင်းစတင်တိုက်ခတ်စဥ် လေဘေးနှင့်တွေ့ကြုံနေရသူများကို ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များ ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးပြီး ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့သဖြင့် ကျန်သည့် ကျေးရွာသားများမှာ အသက်ရှင်ကျန်ရစ်ခဲ့သည်ဟု ကိုအောင်စိုးနိုင်က ဆက်ပြောသည်။
” မုန်တိုင်းသင့်နေတဲ့ကျေးရွာသားတွေကို တပ်တော်က ကူညီကယ်ဆယ်ပေးတာတွေ ရှိတယ်။ အဲဒါကြောင့်ကျန်တဲ့ ရွာသားတွေ အသက်ရှင်ကြတာပေါ့။ မဟုတ်ရင် အခုထက်အသေအပျောက် များနိုင်ပါသေးတယ်” ဟု သူကပြောသည်။
လက်ရှိတွင် ကျေးရွာသားများမှာ သောက်သုံးရေပြတ်လတ်မှုကိုကြုံတွေ့နေရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများလည်း အရေးတကြီး လိုအပ်နေပြီဟု သူကပြောသည်။
“ လောလောဆယ်ကျနော်တို့ရွာသားတွေမှာ သောက်ရေအခက်အခဲကြုံနေကြရပါတယ်။ တခြားရခိုင်ရွာတွေမှာ သွားခပ် နေရပါတယ်။ သူတို့ရခိုင်ရွာတွေလည်း မုန်တိုင်းဒဏ် အကြီးကျယ်ခံထားရတော့ သူတို့လည်း အဆင်ပြေကြတာမဟုတ်ဘူး။ စားရေးသောက်ရေးကတော့ မုန်တိုင်းမတိုက်ခင်က အိမ်မှာရှိတဲ့ဆန်လေးအနည်းအပါးကို စားနေရပါတယ်။ အဲဒါလည်း ရွာသားတိုင်းမှာ ကျန်လိုက်တာတော့မဟုတ်ဘူး။ကျနော်တို့ကို ကူညီပေးစေချင်ပါတယ်” ဟု သူကဆက်ပြောသည်။
ယင်းအပြင် ကျေးရွာတစ်ရွာလုံးပျက်စီးသွားသည့်အတွက် ယာယီခိုလှုံနေထိုင်စရာ အမိုးအကာများ လိုအပ်နေသော်လည်း ကူညီကယ်ဆယ်ရေးများမရောက်လာသေး၍ ဟင်းလင်းပြင်ထဲတွင်ဖြစ်သလို နေထိုင်နေရကြောင်း သူကပြောသည်။
မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရသေ့တောင် မြို့နယ်တွင်လည်း ကျေးရွာအမြောက်အများ ပျက်စီးဆုံးရှုံးပြီး လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံတွင် မုန်တိုင်းခိုလှုံနေသည့် ကျေးရွာသား ၁၃ ဦးလည်း ဓမ္မာရုံပြိုကျပျက်စီးမှု ကြောင့် သေဆုံးခဲ့ရကြောင်း ကျေးရွာသားများက နိရဉ်စရာသတင်းဌာနသို့ ပြောဆိုကြသည်။
ပြီးခဲ့သည့်မေလ (၁၄) ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေနှင့် မြောက်ပိုင်းကို ဖြတ်သန်းတိုက်ခတ်သွားသည့် အလွန်ပြင်းထန်သည့် မိုခါမုန်တိုင်းကြောင့် သေဆုံးသူဦးရေမှာ ၁၄၅ ဦးရှိသွားပြီး အများစုမှာ ဒုက္ခသည်စခန်းများတွင် နေထိုင်သော မွတ်ဆလင်များဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။