စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်အနောက်ပိုင်းဒေသ မံအင်မင်းကုန်းကျေးရွာတွင် ဒေသခံအမျိုးသမီးနှစ်ဦး စစ်လက်ကျန်မိုင်း နင်းမိလို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။
မံအင်-မင်းကုန်းကျေးရွာရှိ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီးများသည် မေလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်တွင် တောထဲတောင်ထဲ ဟင်းသီးဟင်းရွက်ခူးဖို့ သွားသည့်လမ်းမှာ မိုင်းနင်းမိလို့ အမျိုးသမီးကြီးနှစ်ဦး သေဆုံးခဲ့တာဖြစ်တယ်။
“စသွားတုန်းပဲ ရှိသေးတာဆိုတော့ ၁၀ နာရီ ဝန်းကျင်လောက်ပဲ ရှိဦးမယ်။ ဝုန်း ဆိုတဲ့အသံကို ကြားလိုက်တော့ ခဏနေလောက်တော့ သူများက လာပြောပြီလေ။ မင်းကုန်းရွာက မိုင်းကွဲလို့ ကားတင်ပြန်သွားတယ်။ တစ်ယောက်က သေသွားတယ်။ တစ်ယောက်က ဒဏ်ရာရသွားတော့ ဆေးရုံကို ပို့လိုက်တယ်ဆိုပြီးပြောတယ် ဒေါ်တင်မြကို။ ဒေါ်သိန်းကြည်ကတော့ မိုင်းကွဲတာနဲ့ တပြိုင်တည်း သေသွားတယ် ပြောတယ်” လို့ မံအင်-မကျည်းကုန်းကျေးရွာသားတစ်ဦးက ဆိုပါတယ်။
မိုင်းနင်းမိသူတွေထဲမှ ဒေါ်သိန်းကြည်ဆိုသူက မိုင်းကွဲပြီးပြီးချင်း သေဆုံးသွားခဲ့ပြီး ပြင်းထန်ဒဏ်ရာရခဲ့သည့် ဒေါ်တင်မြက မေလ ၁၈ ရက်နေ့မှာမှ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
“သူက ဒေါ်တင်မြလေ။ သူက ခြေထောက်ပြတ်သွားတော့ သွေးအထွက်လွန်ပြီး ဖြူဖွေးနေတာတဲ့ အဲ့လို သေသွားတာလို့ ပြောတယ်” မံအင်-မကျည်းကုန်းကျေးရွာသား တစ်ဦးက ဆိုပါတယ်။
မံအင်မကျည်းကုန်းကျေးရွာအနီးရှိ တောတွေဟာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပေါင်းတပ်တွေ ပြီးခဲ့တဲ့ (၆) လအတွင်း အထိုင်ချထားတဲ့နေရာဖြစ်ကြောင်း မံအင်-မကျည်းကုန်းကျေးရွာသားတွေက ပြောဆိုပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ မိုင်းများ၊ မပေါက်ကွဲသည့် စစ်လက်နက်ကျည်များကြောင့် ကလေးငယ်များ အရပ်သားများ ထိခိုက်မှုရှိခဲ့သလို ကျွဲ၊နွား ဆယ်နှင့်ချီကလည်း သေဆုံးခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။
ရှမ်းနီအသံ – ပေးပို့သည်။