သထုံတွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှုများရှိနေပြီး ဒေသခံပြည်သူများ စိုးရိမ်ကြောက်လန့်နေ

By MPM 18 မေ, 2023 👁

ကေအဲန်ယူ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ကျေးရွာအုပ်စုအတွင်းရှိ အရပ်သားများနေထိုင်သည့် နေရာများသို့ ပြီးခဲ့သည့်မေလ (၁၄) ရက်နေ့က လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် လူထိခိုက်သေဆုံးမှုများရှိလာပြီး ဒေသခံများ အသက်အန္တရာယ်စိုးရိမ်ကြောက်လန့်နေရကြောင်း နယ်မြေခံများကပြောသည်။

အဆိုပါနေ့က စစ်ကောင်စီပစ်ခတ်လိုက်သော လက်နက်ကြီးရှစ်လုံးအနက် တစ်လုံးသည် ပိန္နဲတောကျေးရွာအုပ်စုအတွင်းရှိ သာသနာကုန်းရွာရှိ ဒေသခံတစ်ဦး၏နေအိမ်အနီးကျရောက်ပေါက်ကွဲခဲ့ရာ အသက် (၄၅) နှစ်အရွယ် အမျိုးသားတစ်ဦး ကျည်စထိမှန်သေဆုံး၍ အသက် (၅) နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့်အသက် (၄၉) နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

ထို့အတူ လက်နက်ကြီးတစ်လုံးမှာ ပိန္နဲတောအထက်ရွာသို့ ကျရောက်ပေါက်ကွဲ၍ ဒေသခံအမျိုးသားတစ်ဦး ဝမ်းဗိုက်ထိမှန်ဒဏ်ရာရရှိခဲ့သလို ကျန်ရှိလက်နက်ကြီးများမှာလည်း အလယ်ရွာ၊ ဝမ်းဘဲအင်းရွာနှင့်ထီးညာလူရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။

ထိုသို့ စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်မှုများကြောင့် လူထိခိုက်သေဆုံးမှုများရှိလာသဖြင့် ကျေးရွာနေဒေသခံများ လုံခြုံမှုကင်းမဲ့၍ အသက်အန္တရာယ်စိုးရိမ်ကြောက်လန့်မှုရှိနေကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“လက်နက်ကြီးတွေပစ်ခတ်နေတော့ နေထိုင်သွားလာပြီး အလုပ်လုပ်ကိုင်ရတာ လုံခြုံမှုမရှိတော့ဘူး။ တချို့အိမ်ထောင်စုတွေဆိုရင်လည်း အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာဆွေမျိုးတွေဆီသွားနေကြတယ်။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ပိန္နဲတောရွာစစ်ကောင်စီတပ်စခန်းအား ပြီးခဲ့သည့် မေလ (၁၄) ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့များ ဒရုန်းဖြင့် နှစ်ကြိမ်တိတိသွားရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးသေဆုံး၍ (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီဘက်က ထိုသို့လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ၏သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်ကပြောသည်။

၎င်းက “တချို့ရွာသားတွေကတော့ လွတ်တဲ့နေရာသွားနေကြတယ်။ ရွာထဲကျန်နေသူတွေကလည်း လွတ်လွတ်လပ်လပ်အလုပ်လုပ်ကိုင်ရတာမျိုး မဟုတ်တော့ စီးပွားရေးကြပ်တည်းပြီး စားဝတ်နေရေးခက်ခဲလာတယ်။ ထွက်ပြေးတိမ်းရှောင်ရတဲ့အရေအတွက် တိတိကျကျတော့ ကျနော်တို့ကောက်ခံနေဆဲပါ။” ဟု ယနေ့ ကေအိုင်စီသို့ပြောသည်။

အလားတူ မတ်လ (၂၂) ရက်နေ့ကလည်း ပိန္နဲတောရွာစစ်ကောင်စီတပ်စခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့်သွားရောက်တိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများမှ သိရသည်။

၎င်းအပြင် ပြီးခဲ့သည့် ဧပြီလအတွင်း ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်၏လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ ခုနှစ်ထောင်ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို အစူးချောင်းကျေးရွာနှင့်နတ်ကြီးကျေးရွာတွင် မေလ (၁၅) ရက်နှင့် (၁၆) ရက် နှစ်ရက်အတွင်း ပူးပေါင်းတပ်များနှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း (၆) ကြိမ်ဖြစ်ပွား၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့ရကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။