ဖားကန့်လမ်းရှိ ကျေးရွာပြည်သူ ၄၀ ကျော် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

By MPM 18 မေ, 2023 👁

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ နန့်ယားကျေးရွာ၊ရေကာတာကျေးရွာနဲ့ ခင်တောင်ကျေးရွာမှ ဒေသခံ ၄၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အင်အား ၂၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် နန့်ယားကျေးရွာမှ ကာမိုင်းဘက်သို့ထွက်ခွာစဥ် နန့်ယားကျေးရွာဒေသခံများနဲ့ ခင်တောင်၊ ရေကာတာရွာဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားကြောင်း လဝါးကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“ အဲ့နန့်ယားတို့ဘက်ကရွာတွေတ ဒေသခံအချို့က လွန်ခဲ့တဲ့ရက်တွေကတည်းက တိမ်းရှောင်သွားကြတာ အခုက ရွာထဲကျန်ခဲ့တဲ့ထဲက လမ်းသွားလမ်းလာတွေဖမ်းသွားတာ။ နန့်ယားကပါတယ်၊ ရေကာတာရွာတွေဘက်လည်းပါတယ်။ နန့်ယားကလူတွေက မနက်အစောကြီး စျေးသွားတဲ့ခါ ဖမ်းခံရတာ” ဟု ပြောသည်။

ခင်တောင်ရွာနဲ့ ရေကာတာကျေးရွာသည် နန့်ယားနဲ့ ကာမိုင်းကြားတွင်ရှိပြီး နန့်ယားကျေးရွာနဲ့ ငါးမိုင်ခန့်အကွာတွင်ရှိကြောင်းသိရသည်။

“ ရေကာတာဘက်ကလူတွေကတော့ မနက် ၈ နာရီ ၉နာရီလောက်မှာဖမ်းခံရတာ စစ်ကြောင်းနဲ့တိုးပြီးလမ်းပေါ်မဖမ်းခံလိုက်ကြတာ” ဟု အထက်ပါအမျိုးသားကပြောသည်။

အဆိုပါလူသားဒိုင်းများကိုဖမ်းခေါ်သွားသည့် စစ်ကြောင်းသည် ယနေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ကာမိုင်းသို့ရောက်သွားပြီဟုသိရပြီး ဒေသခံများမှာ ပြန်လွတ်လာခြင်းမရှိသေးကြောင်း သိရသည်။

ဖမ်းခံရသည့်ဒေသခံ ၄၀ ကျော်တွင် အမျိုးသား၊အမျိုးသမီးများနဲ့ ကလေးငယ်များလည်းပါဝင်ကြောင်း သိရသည်။

“ အဲ့စစ်ကြောင်းက တပ်အချိန်းအပြောင်းလို့လည်း သိရတယ်။ သူတို့ကတော့ ဒါမျိုးလုပ်နေကြပဲလေ သူတို့စစ်ကြောင်းသွားပြီဆိုဒါနဲ့ အရပ်သားတွေကိုဖမ်းမယ် ဆီးမယ် လူသားဒိုင်းလုပ်မယ်။ ဒါမျိုးတွေက သူတို့တွေလုပ်နေကြပဲ” ဟု တော်လှန်ရေးတွင် ပါဝင်နေသည့် ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မေလ ၁၄ ရက်နေ့တွင်လည်း အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်း တစ်ကြောင်းသည် နန့်တိန်းဘက်ရှိ KIA တပ်ရင်း ၄၄ ဘက်သို့စစ်ကြောင်းထိုးလာရာ KIA ဘက်မှနန့်တိန်းအနီးတွင် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီအထိနာပြီး တပ်ဆုတ်ခဲ့ရကြောင်း သိရသည်။

စစ်ကောင််စီတပ်သည် မေလ ၂ ရက်နေ့ကတည်း ကာမိုင်းမြို့အနီးရှိ မလန်းယန်နဲ့ ဒွမ်ဘန်ရွာသား ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုတစ်ကြိမ်နဲ့ မေလ ၄ ရက်နေ့ကလည်း မလန်းယန်ရွာသားအချို့ ဖမ်းဆီးခံခဲ့ရသည်။

KNG – ပေးပို့သည်။