တနင်္သာရီတိုင်းရေဖြူမြို့နယ် နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ အခြေစိုက်စခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ စခန်းစွန့်ခွာသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရပါသည်။
စစ်ကောင်စီတပ်၊ ရဲနဲ့ပြည်သူ့စစ်အဖွဲ့ဝင် ၂၀ ကျော် တပ်စွဲနေထိုင်သည့် နဘုလယ်စခန်းကို ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အင်အားအလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲတွင် PDF ပူးပေါင်းတပ်ဖွဲ့က စခန်းသိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် စစ်ကောင်စီတပ်ကနေ လေယာဉ်နှင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရပါသည်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး လက်နက်ခဲယမ်းနှင့်ဆက် စပ်ပစ္စည်းတချို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။
စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီး နောက်တစ်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းစွန့်ခွာသွားခဲ့ပြီး အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် ပူးပေါင်းသွားကြောင်းလည်း သိရပါတယ်။
ထို့နောက် မေ ၁၅ ရက်နေ့မှာတော့ တပ်အင်အား ၆၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းဟာ နဘုလယ်၊ မူဒူးအပါအဝင် ကျေးရွာ ၅ ရွာကို စစ်ကြောင်းထိုးနေသလို ဝေဟင်ကနေလည်း လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း တနင်္သာရီစစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားပါသည်။
မြေပြင်ကနေစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဟာ စစ်ကြောင်းချီတက်ရာ လမ်းတလျှောက်ရှိ ကျေးရွာက ဒေသခံ ၁၀ ဦးထက်မနည်းကို လူသားဒိုင်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း ဒေသခံများက ပြောပါသည်။
ဝေဟင်အပြင် မြေပြင်ကနေပါ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် နဘုလယ်ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ဒေသခံများ၏ပြောဆိုချက်များအရ သိရပါသည်။
သံလွင်တိုင်းမ် – ပေးပို့သည်။