တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ဘန်ဂလားကျေးရွာအနီးရှိ လေညာ-ဘန်ဂလားတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားကြောင်း ဘုတ်ပြင်းမြို့နယ် ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါသည်။
တပ်အင်အား ၂၀ ကျော် တပ်စွဲနေထိုင်သည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မေ ၈ ရက်နေ့ ည ၈ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းနှင့် ဘုတ်ပြင်းမြို့နယ် flying star Force အပါအဝင် ပကဖပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတစ်နာရီနီးပါးအကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါသည်။
နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရမှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
တိုက်ပွဲပြီးနောက် စစ်ကောင်စီဘက်က တပ်အင်အား ၂၀ ကျော် ထပ်မံဖြည့်တင်းပြီး လုံခြုံရေး အထူးတင်းကျပ်ထားသလို ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေလည်း လုပ်ဆောင်နေကြောင်း ဒေသခံတွေထံကနေ သိရပါသည်။
ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ကောင်စီ၏ စစ်ဖက်လုံခြုံရေးဆိုင်ရာ (စရဖ) ရုံးကို ဒေသ PDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးယူနေသည့် ပြည်သူ့စစ်တစ်ဦး သေဆုံးခဲ့ပါသည်။
သံလွင်တိုင်းမ် – ပေးပို့သည်။