နမ့်ခမ်းမြို့နယ်၊ မိုင်းဝီး စစ်ရှောင်စခန်းအတွင်း TNLA စစ်သား ဝင်ရောက်နေထိုင်

0
429

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသမှ စစ်ဘေးရှောင်စခန်းအတွင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သားများက ဝင်ရောက်နေထိုင်ပြီး စစ်ရှောင်များထံမှ ဆန် တောင်းယူနေကြောင်း သိရသည်။

ယခု ရက်သတ္တပတ် အတွင်းတွင် မိုင်းဝီးဒေသရှိ စစ်ရှောင်စခန်းအတွင်းသို့ TNLA စစ်သားများ ဝင်ရောက်နေထိုင်သည့်အပြင် ဆန် ၅ အိတ် ပေးဆောင်ရန် တောင်းဆိုမှုလည်းရှိနေကြောင်း ဖြစ်စဥ်ကို သိရှိသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ရှောင်စခန်းထဲကို ဝင်လာတဲ့ TNLA စစ်သားက စုစုပေါင်း ၂၀၀ နီးပါးလောက်တော့ ရှိတယ်၊ စခန်းထဲမှာပဲ စခန်းချ နေထိုင်တာ၊ ပြီးတော့ ဆန် ၅ အိတ် ပေးဖို့လည်း တောင်းဆိုထားတယ်၊ သူတို့က ဒုက္ခသည်စခန်းလေ ဘယ်လိုပေးနိုင်မလဲ” ဟု ဖြစ်စဥ်ကို သိရှိသည့် အမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါ TNLA စစ်သား ဝင်ရောက်နေထိုင်သည့် စစ်ဘေးရှောင်စခန်းနှင့် မနီးမဝေးတွင်လည်း စစ်ကောင်စီတပ်စခန်းတစ်ခု ရှိနေသည့်အတွက် ဒေသခံများက ထိတွေ့တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

“ထိတွေ့ ပစ်ခတ်မှု ဖြစ်မှာလည်း ကြောက်ရတယ်၊ အခုတောင်းလာတဲ့ ဆန် ၅ အိတ်ကို မပေးနိုင်ရင်လည်း လူကို ရန်ပြုမှာ ကြောက်ရတယ်။ အခု ဒီ စခန်းကလူတွေက တစ်နေ့လုပ် တစ်နေ့စားတွေပဲ ဖြစ်တယ်၊ ဒါကြောင့် တိုက်ပွဲဖြစ်ရင် သူတို့ထပ်ပြီး စစ်ရှောင်ဖို့လည်း မလွယ်ဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းအတွင်းတွင် သျှမ်း လူမျိုး အများစု နေထိုင်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် TNLA တပ်ဖွဲ့တို့၏ တိုက်ပွဲ၊ TNLA တပ်ဖွဲ့ နှင့် RCSS/SSA တို့၏ တိုက်ပွဲ ကြောင့် စစ်ရှောင်ထွက်ပြေးလာခဲ့ရသူများ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းမှာလည်း သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ – နမ့်ခမ်းမြို့အကြား TNLA တပ်ဖွဲ့၏ ဆက်ကြေးတောင်းခံမှုနှင့် ပြည်သူ အိမ်ဝန်းထဲ ဝင်ရောက်နေထိုင်မှုရှိခဲ့သည်။

TNLA တပ်ဖွဲ့သည် မူဆယ် – နမ့်ခမ်း ကြား လမ်းပိုင်းတစ်လျှောက်ရှိ ကားများကို တားမြစ် အခွန်ကောက်ခြင်း၊ ဆိုင်ကယ်ဖြင့် လိုက်လံ အခွန်ကောက်ခြင်းများ၊ ရပ်ရွာ အသီးသီးရှိ အရပ်သားအိမ်ဝန်းထဲ လှည့်လည်ဝင်ရောက် နေထိုင်ခြင်းများ ပြုလုပ်နေသည်မှာ တစ်လကျော်ရှိနေကြောင်းလည်း သိရသည်။

ယင်းကိစ္စ ဖြစ်စဥ်များနှင့် ပတ်သက်ပြီး ဖြစ်စဥ် သိရှိနိုင်ရန် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး တားအိုက်ကျော်ထံသို့ အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

လက်နက်ကိုင် တပ်ဖွဲ့များမှ လူနေကျေးရွာအတွင်း ရပ်ရွာအတွင်း ဝင်ရောက်နေထိုင်ခြင်း၊ လူထုနှင့်အတူ ရောနှောနေထိုင်ခြင်းတို့သည် ဂျီနီဗာကော (Geneva Call) ဥပဒေနှင့် ဆန့်ကျင်သည့်အပြင် စစ်ရာဇဝတ်မှုမြောက်ကြောင်းလည်း သိရသည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here