“မြို့ပြစစ်ဆင်ရေးတွေ လုပ်ရမယ်။ ဒီကြမ်းတမ်းတဲ့လေ့ကျင့်မှုတွေလုပ်ပြီးရင် မြို့ပြစစ်ဆင်ရေးတွေ သွားရမယ်ဆိုပြီး ကမ်းလှမ်းလာတဲ့အခါမှာ ညီမတို့အနေနဲ့ စိတ်ဝင်စားတာလည်း ပါတယ်။ မြို့ပြစစ်ဆင်ရေးတွေလည်း သွားချင်တယ်။ အိမ်ပြန်လမ်းကိုလည်း ဖောက်ချင်နေပြီဖြစ်တဲ့အတွက်ကြောင့် ဒီတော်ဝင်ဒေါင်းစစ်ကြောင်းမှာ ပါဝင်ဖြစ်ခဲ့တာပါ” ရဲမေရေချယ် (တော်ဝင်ဒေါင်းစစ်ကြောင်း)

0
684

တော်ဝင်ဒေါင်းစစ်ကြောင်း ကွန်မန်ဒိုကင်းထောက်နှင့် ဆက်သွယ်ရေးတာဝန်ခံ ရဲမေရေချယ်နှင့် အမေးအဖြေ

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ အသီးသီးမှာရှိကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေကို ရွေးချယ်ခေါ်ယူ စုဖွဲ့ထားတဲ့ တော်ဝင်ဒေါင်းစစ်ကြောင်း Royak Peacock Columnက ကွန်မန်ဒိုကင်းထောက်နဲ့ ဆက်သွယ်ရေးတာဝန်ခံ ရဲမေရေချယ်ကို ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

အသက်၂၁ နှစ်သာရှိသေးတဲ့ ရဲမေရေချယ်ဟာ လက်ရှိမှာ KNU တပ်မဟာ ၅ ရှေ့တန်းတစ်နေရာမှာ တာဝန်ထမ်းဆောင်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။ တောင်ဝင်ဒေါင်းစစ်ကြောင်းရဲ့ Hell Week (ငရဲခန်းလေ့ကျင့်မှု) ကို ဖြတ်သန်းနိုင်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးလို့ သိရပါတယ်။ အခု အင်တာဗျူးမှာ လူငယ်အမျိုးသမီးတစ်ဦးရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဖြတ်သန်းမှုအတွေ့အကြုံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

မေး-တော်လှန်ရေးမှာ လက်နက်ကိုင်ရဲမေတစ်ဦးအဖြစ် စတင်ပါဝင်လာဖြစ်ပုံကို အရင်ဆုံးပြောပြပေးပါဦး။

ဖြေ-ဘယ်လိုပါဝင်ဖြစ်ခဲ့လဲဆိုတော့ strikeတွေမှာလည်းပါဝင်ခဲ့တယ် မြို့ပေါ်မှာနေဖို့ ဘယ်လိုမှအဆင်မပြေတော့ဘူး။ အရင်ထဲကလည်း တောခိုဖို့ အစီအစဉ်ရှိတယ်။ အဲ့ဒီအတွက်ကြောင့် နောက်အာဏာသိမ်းပြီး ၇လအကြာမှာ ဒီလက်နက်ကိုင်အဖွဲ့အစည်းနဲ့ဆက်သွယ်ပြီးတော့မှ တောခိုဖြစ်ခဲ့တာပါ။ ဒီလက်နက်ကိုင်ရဲမေအဖြစ်တာဝန်မထမ်းဆောင်ခင်တုန်းကတော့ CDMဆယ်တန်းကျောင်းသူပါ။

မေး-တော်ဝင်ဒေါင်းစစ်ကြောင်းမှာ ဘယ်လိုကြောင့် ပါဝင်ဖြစ်ခဲ့ပါသလဲ။

ဖြေ-တော်ဝင်ဒေါင်းစစ်ကြောင်းမှာ ပါဝင်ဖြစ်ခဲ့တာက ညီမတို့ကို အကြီးပိုင်းတွေက ပြောလာတယ်။ မြို့ပြစစ်ဆင်ရေးတွေ လုပ်ရမယ်။ ဒီကြမ်းတမ်းတဲ့လေ့ကျင့်မှုတွေလုပ်ပြီးရင် မြို့ပြစစ်ဆင်ရေးတွေ သွားရမယ်ဆိုပြီး ကမ်းလှမ်းလာတဲ့အခါမှာ ညီမတို့အနေနဲ့ စိတ်ဝင်စားတာလည်း ပါတယ်။ မြို့ပြစစ်ဆင်ရေးတွေလည်း သွားချင်တယ်။ အိမ်ပြန်လမ်းကိုလည်း ဖောက်ချင်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီတော်ဝင်ဒေါင်းစစ်ကြောင်းမှာ ပါဝင်ဖြစ်ခဲ့တာပါ။

မေး-တောင်ဝင်ဒေါင်းစစ်ကြောင်းရဲ့ Hell Week (ငရဲခန်းလေ့ကျင့်မှု) ကို ဖြတ်သန်းနိုင်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးလို့ သိရပါတယ်။ ငရဲခန်းလေ့ကျင့်မှုဆိုတာ ဘယ်လိုမျိုးပါလဲ။

ဖြေ-ဒီငရဲခန်းလေ့ကျင့်မှုက ဘာတွေလည်းဆိုရင် ပထမအချက်က တနေ့တာလေ့ကျင့်မှုမှာ အိပ်ချိန်က နှစ်နာရီ၊ သုံးနာရီ အဲ့လောက်ပဲရှိတယ်။ တုံးတွေထမ်းပြီးတော့မှ မိုင်ပေါင်းများစွာခရီးစဉ်တွေ တောင်တွေတက်ရတယ်။ မိုင်တွေများစွာဝေးတဲ့ခရီးကို အိပ်ချိန်မတိုင်ခင်အထိ လျောက်ပြီးတော့မှသွားရတယ်။ ပြီးရင် ဒီSkylineတောင်အမြင့်ကြီးတွေပေါ်ကို လမ်းမရှိတဲ့တောင်တွေပေါ်ကို ညဘက်ကြီးတွေမှာ လုံးဝမမြင်မစမ်းနဲ့ မီးလည်းမထွန်းရဘဲ အဲ့လိုမျိုးတွေသွားရတယ်။ပြီးတော့ ပြစ်ဒဏ်တွေလည်းပါတယ်။ ဘယ်လိုပြစ်ဒဏ်တွေလည်းဆိုတော့ ပြစ်ဒဏ်ကြီးရင် ကြီးသ‌လောက်ပေါ့နော် မြေကြီးပေါ်မှာ ခေါင်းထောက်နေရတာမျိူး၊ နာရီဝက်ဆိုလည်း နာရီဝက်ဆိုလည်း နာရီဝက် အဲ့လိုမျိုးနေရတယ်။ ပြစ်ဒဏ်အဲ့ထက်ကြီးလာရင်တော့ ညီမတို့ အရိုက်ခံရတယ်။ တစ်ယောက်ကို ၅ချက်၊ မိန်းကလေးဆို ညီမတစ်ယောက်ထဲပါတယ်။ ဒါပေမယ့် မိန်းကလေးဆိုပြီး လုံးဝသက်ညှာမှုမျိုး ရိုက်တုန်းကမပေးခဲ့ဘူး။ ယောင်္ကျားလေးတွေနဲ့တန်းတူပဲ အရိုက်ခံရတယ်။ ဆိုးတာတစ်ခုက လုံးဝtoilet(အိမ်သာ)သွားခွင့်မရှိဘူး။ သေးပေါက်မယ်ဆို ဘောင်းဘီထဲမှာပဲပေါက်ချ။ မအောင့်နိုင်ရင် ဘောင်းဘီထဲမှာပဲ ပါချပလိုက်ဆိုပြီး ထရိန်နာ(ဖော်ရိန်နာ)က အဲ့လိုမျိုးပဲပြောခဲ့တယ်။ ဆောင်းတွင်းမနက်ခင်းကြီးမှာလည်း ရေစိမ်ရတယ်။ ရေစိမ်ပြီးရင် PDကွင်း ဂရောင်းကွင်းအကျယ်ကြီးကို အပတ်၅၀ပြေးရတယ်။ PD တစ်ထောင် နှစ်ထောင် အဲ့လိုမျိုးခုန်ရတယ်။အဲ့လိုမျိုးတွေ အများကြီးလုပ်ခဲ့ရတယ်။

မေး-ဒီခက်ခဲတဲ့လေ့ကျင့်မှုတွေကို အမျိုးသားတွေတောင် ခက်ခဲလို့ မကျော်ဖြတ်နိုင်လို့ လက်လျော့မှုတွေရှိခဲ့တယ်ဆိုတော့ အခုအမျိုးသမီးတစ်ယောက်အနေနဲ့ ဒါတွေကို ကျော်ဖြတ်နိုင်ခဲ့တယ် အောင်မြင်ခဲ့တယ်ဆိုတော့ ဒါတွေကိုဘယ်လိုစိတ်ဓါတ်ခွန်အားမျိုးနဲ့ ဖြတ်ကျော်ခဲ့ပါသလဲ။

ဖြေ-ဘယ်လိုစိတ်ဓါတ်နဲ့ ဖြတ်ကျော်ခဲ့လဲဆိုရင်တော့ ပထမတစ်ချက်က ညီမတို့ရဲ့ ပြည်သူတွေပေါ့နော်။ ပြည်သူတွေ ငါတို့ကိုစောင့်နေတယ်ဆိုတဲ့ စိတ်ရယ်၊ ပြီးတော့ ငါဒါကြီးကို ဘာလို့မလုပ်နိုင်ရမှာလဲ။ ဒါကဘာမို့လို့လဲဆိုတဲ့ စိတ်နဲ့ အဲ့စိတ်၂ခုနဲ့ ဖြည့်ပြီး ဖြတ်သန်းခဲ့တယ်။ ပြီးတော့ ဒီအကိုတွေ၊ မောင်တွေရဲ့ supportingလည်းပါတာပေါ့နော်။ အဲ့ဒီစိတ်တွေနဲ့ပဲ ဖြတ်သန်းခဲ့ပါတယ်။

မေး-အဲ့ဒီငရဲခန်း လေ့ကျင့်မှုတွေရော ခက်ခဲတဲ့လေ့ကျင့်မှုလို့ မြင်လား။ ကိုယ့်ကိုပိုပြီးသန်မာလာအောင်လုပ်ပေးတဲ့ လေ့ကျင့်မှုတွေလို့မြင်ခဲ့ပါလား။ ဘယ်လိုထင်မြင်ပါသလဲ။

ဖြေ-အဲ့ဒါကတော့ ၂ခုလုံးပဲ။ ဘာလို့လည်းဆိုတော့ တစ်ချိန်တုန်းက ဒါတွေကကိုယ့်အတွက် ခက်ခဲကြမ်းတမ်းတဲ့အရာတွေ ဒါတွေကိုဒီလိုမျိုးဖြတ်ကျော်ခဲ့လို့ အခုဆိုရင် ညီမတို့ဘယ်အရာကိုမှ တော်ရုံတန်ယုံ သိပ်ပြီးတော့မှ မမှုတတ်တော့ဘူး။ ဖြစ်သလိုနေ ဖြစ်သလိုစား အဲ့လိုမျိုးတွေနဲ့ အဆင်ပြေလာတယ်။ သိပ်ပြီးတော့မှ ဒုက္ခဆိုတာကို သိပ်မမြင်တော့ဘူး။ ဒီ Hell Weekဖြတ်ကတည်းက တချို့အရာတွေဆို ဒုက္ခရောက်ရတဲ့အရာမျိုးတွေဆို ဟာ ဒါကြီးက Hell Weekတုန်းကလောက် မဆိုးပါဘူး။ Hell Weekတုန်းကဆို ဒီထက်ပိုပြီး ငါတို့မအိပ်ရ,မစားရနဲ့နေခဲ့သေးတာပဲ အဲ့လောက်ထိမဆိုးသေးပါဘူး၊ ဒီ့ထက်ဖြစ်နိုင်ပါသေးတယ်ဆိုပြီး အဲ့လိုမျိုးအမြဲတမ်းစိတ်ဓါတ်ခွန်အားရခဲ့တယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ဒါကတော့ ၂ခုလုံးပဲပေါ့နော်။ ခက်ခဲတာတွေဖြတ်သန်းပြီးတဲ့အချိန်မှာ ညီမတို့ကို သန်မာမှုအဖြစ်ပြောင်းလဲပေးလိုက်တယ် ဒီသင်တန်းကနေ။

မေး-ဒီခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေကို အမျိုးသမီးတစ်ယောက်အနေနဲ့ ကျော်ဖြတ်နိုင်ခဲ့တယ် အောင်မြင်ခဲ့တယ် ဒီအပေါ်မှာရော ကိုယ့်ကိုကိုယ်ဂုဏ်ယူကျေနပ်မှုရှိပါလား။

ဖြေ-ရှိတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ ဂုဏ်ယူကျေနပ်မှုရှိခဲ့တယ်။ ညီမတို့ပင်ပန်းခဲ့သမျှတွေအားလုံး ပေါ့နော် ဒီနောက်ဆုံးရက်မှာ ပြီးခါနီးအချိန်မှာ လေ့ကျင့်ရေးတွေလုပ်ပြီးတဲ့အချိန်မှာ အဲ့ဒီမှာဖော်ရိန်နာကြီးက ကြေညာခဲ့တယ်။ မင်းတို့ရဲ့ခက်ခဲကြမ်းတမ်းမှုတွေဟာ ဒီနေ့နောက်ဆုံးပါပဲ။ ဒီနေ့ပြီးပြီဆိုပြီး ကြေညာလိုက်တဲ့အချိန်မှာ အဲ့ဒီအချိန်မှာ ပြေးတဲ့အခါမောဟိုက်နေတာတွေ, အရိုက်ခံရတဲ့ဟာတွေ ဒဏ်တွေ, ခေါင်းတွေဆိုရင်လည်း ကျိန်းနေတာလေ, အဲ့နေ့က ညီမဆိုဘယ်လောက်ဆိုးနေလဲဆိုရင် လမ်းလျောက်တာတွေများပြီး ယူနီဖောင်းကလည်းပြဲနေတာ တောင်တွေတက်တာများပြီး ပေါင်တွေ ဒူးခေါင်းတွေဆိုရင်လည်း ပွန်းနေတာ။ အရေပြားတွေဆိုလည်း အကွင်းလိုက် ကွာကျနေတာ။ အဲ့ဒီကြေညာလိုက်ချိန်မှာ အဲ့ဒဏ်တွေခဏမေ့သွားတယ်။ အရမ်းပျော်သွားတယ်။ ဟာ ငါ ဒီလောက်ဆိုးတဲ့ဟာကြီးကိုကျော်ဖြတ်နိုင်ပြီပဲဆိုတဲ့ စိတ်ဝင်လာပြီး အရမ်းကို ပျော်သွားခဲ့တာ။ အဲ့ဒီစိတ်ကြီးကလည်း တစ်သက်မှာ တစ်ခါပဲကြုံဖူးမယ်ထင်တယ်။ ဒီအခက်အခဲကြီးကိုလည်း ပထမဆုံးအကြိမ်ကြုံဖူးတဲ့အတွက်ကြောင့်မို့လို့ ဒီပေါ်မှာ ကိုယ့်ကိုကိုယ့် ဂုဏ်ယူကျေနပ်မှုရှိတယ်။ ပထမဆုံးအကြိမ် ဒီလိုအခက်အခဲကြီးကို လုပ်နိုင်ခဲ့လို့ ဂုဏ်ယူကျေနပ်မှုရှိခဲ့တယ်။

မေး-လက်ရှိရှေ့တန်းမှာ တာဝန်ထမ်းဆောင်ရတဲ့အခါမှာရော အမျိုးသမီးတစ်ယောက်အနေနဲ့ အခက်အခဲ တွေရှိပါလား။

ဖြေ-အခက်အခဲကတော့ မရှိသလောက်ရှားပါတယ်။ ဘာလို့လည်းဆိုတော့ ခုနကပြောသလိုပဲ ဒီHell Weekတုန်းက လုပ်ခဲ့တဲ့ဟာတွေလောက် သိပ်ဆိုးတာမျိုး အခုချိန်ထိမတွေ့သေးဘူး။ တချို့အခက်အခဲ တွေကိုဆိုလည်း အရင်က ကြမ်းတမ်းတာတွေလုပ်ခဲ့တော့ သိပ်မမှုတတ်တော့ပါဘူး။ အခက်အခဲမရှိဘူးဆိုတာ ဒီညီအကို မောင်နှမတွေရဲ့အကူအညီလည်းပါတာပေါ့နော်။ Hell Weekဖြစ်ခဲ့တုန်းက လူတွေက အခုအတူတူတိုက်ပွဲဝင် တသွေးတည်းတသားတည်း၊ တ‌ရေထဲသောာက်ပြီးတော့မှ တူတူအငတ်ခံခဲ့တဲ့ ညီအကို မောင်နှမတွေနဲ့ပဲ တူတူတိုက်ပွဲဝင်နေရတာဖြစ်တဲ့အတွက် အခုက‌တော့ အခက်အခဲကတော့ သိပ်မရှိပါဘူးရှင့်။

မေး-လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့အပေါ်မှာရော မိသားစုကရောဘယ်လို သဘောထားရှိပါသလဲ။

ဖြေ- မောင်နှမ သုံးယောက်ရှိပါတယ် အကြီးဆုံးပါ။မိသားစုက သေရင်တောင်တန်ဖိုးရှိရှိနဲ့ သေရမှာမလို့ အမြဲဂုဏ်ယူနေမှာပါတဲ့။

မေး-တိုက်ပွဲဝင် ရဲမေတစ်ဦးအနေနဲ့ တခြားရဲမေတွေအတွက်လည်း သတင်းစကား ပါးပေးပါဦး။

ဖြေ-တခြားရဲမေတွေအတွက် သတင်းစကားမျှဝေချင်တာက, မဖြစ်နိုင်ဘူးဆိုတာကြီးကို မတွေးလိုက်ပါနဲ့။ မဖြစ်နိုင်ဘူးဆိုတာက မရှိသလောက်ရှားပါတယ်။ ညီမတို့ မိန်းမသားတွေက ဒီလိုမျိုးယောင်္ကျားလေးတွေနဲ့ တခြားသူတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ရာအတွက် ညီမတို့လုပ်နိုင်တာတစ်ခုထက်ကျော်လွန်ပြီး ကြိုးစားပြီးတော့မှ လုပ်ရမှာပါ။ အဲ့ဒါမှသာ တခြားသူတွေ၊ ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်းပြီးနေနိုင်မှာ ဖြစ်တယ်။ အဲ့ဒါကြောင့် မဖြစ်နိုင်ဘူးဆိုတာ မတွေးပါနဲ့။ ဖြစ်နိုင်တာတစ်ခုထက် ကျော်လွန်ပြီးလုပ်ပါ။ ညီမတို့မိန်းမသားတွေကမှ ပျော့ညံ့တယ်ဆိုပြီး ထင်နေတဲ့လူတွေရဲ့စိတ်တွေကိုလည်း ရိုက်ချိုးပြလိုက်ပါလို့ပဲ သတင်းစကားပါးချင်ပါတယ်။

ရှမ်းနီအသံ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here