“ဒီစစ်ကောင်စီနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာနေတဲ့ လူတွေကိုတော့ သူတို့ကို ပြောစရာလည်း ဘာမှမရှိတော့ ဘူး။ ဘယ်လို ပြောရတော့မှာလဲ။ ဒါပေမယ့် တချို့ကလည်း သူတို့ရဲ့ အနေအထား၊ သူတို့ရဲ့ ဘယ်လို အခြေအနေ တွေကြောင့် စစ်ကောင်စီကို သွားပြီး နိုင်ငံရေးနည်းနဲ့ အဖြေရှာနေလဲဆိုတာတော့ သူတို့ အသိဆုံးလေနော်။ ကျနော်တို့ကတော့ စစ်ကောင်စီနဲ့ ပတ်သက်ပြီး နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ မရှိဘူး” ဗွေဖုန်း (ပြန်ကြားရေးတာဝန်ခံ၊ PNDF-KK)

0
726

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF-KK) ပြန်ကြားရေးတာဝန်ခံနှင့် အမေးအဖြေ

ရှမ်းပြည်နယ်တောင်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်နေသည့် ပအိုဝ်းအမျိုးသား အဖွဲချုပ် PNO အပါအဝင် အာဏာရှင် နှင့် ပူးပေါင်းသည့် မည်သည့်အဖွဲအစည်းကိုမဆို တွန်းလှန်တိုက်ခိုက်သွားမည်ဟု ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF-KK) မှ ပြန်ကြားရေး တာဝန်ရှိသူ ဗွေဖုန်းက ပြောသည်။ PNDF တွင် ခမ်းကောင် တောင်ပေါ်အဖွဲ့ (PNDF-KK) နှင့် ခမ်းဒေါင် မြေပြန့်အဖွဲ့ဟူ၍ ၂ ဖွဲ့ရှိပြီး လက်ရှိတွင် စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်လျက်ရှိသည်။

PNDF-KK အနေနဲ့ ဘာကြောင့် ဒီလို ပြောဆိုရတာလဲ၊ ဘာကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ရတာလဲ။ PNDF-KK တိုက်ထုတ်မယ့်သူတွေက မျိုးနွယ်စုတူ အချင်းချင်းဖြစ်နေရင်ရော ဘယ်လို ရှေ့ဆက်သွားဖို့ရှိလဲ။ နိုင်ငံရေးလမ်းစဉ်အနေနဲ့ ဘယ်အဖွဲ့တွေက ဦးဆောင်နေလဲ စတဲ့အကြောင်းအရာတွေကို မေးမြန်းသွားရာမှာ တော့ PNDF-KK ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗွေဖုန်းက အခုလို စတင်ဖြေကြားခဲ့သည်။

မေး – စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကို တိုက်ခိုက်သွားမယ်လို့ ပြောထားတာပေါ့နော်။ ဘယ်လိုအခြေအနေတွေကြောင့် အခုလို ပြောရတာလဲ။

ဖြေ – ကျနော်တို့ကတော့ ရှင်းရှင်းပဲ။ ကျနော်တို့ လုပ်စရာရှိတာ လုပ်မှာပဲ။ အဓိကက ကျနော်တို့လုပ်နေတာက အာဏာရှင် တိုက်ထုတ်တာပဲဆိုတော့ အာဏာရှင် တိုက်ထုတ်တဲ့အတွက် အာဏာရှင်နဲ့ ပါလာတဲ့ ဘယ်သူ့ကိုမဆို အာဏာရှင်နဲ့ ပါလာရင် အာဏာရှင်ပဲလေ ကျနော်တို့ကတော့ အာဏာရှင်ကို တိုက်တာပဲ ဘယ်သူ့ကို တိုက်နေ တာ မဟုတ်ဘူး။ ကျနော်တို့ တိုက်နေတာက အာဏာရှင်ပဲ။ ကျနော်တို့ လုပ်စရာရှိတာလုပ်မှာပဲ။ ကျနော် တို့ လုပ်ရမှာက ကျနော်တို အာဏာရှင်ကို တိုက်မယ်။ ကျနော်တို့ အာဏာရှင်ကို တိုက်မယ် ဒါပဲ အာဏာရှင် ပြုတ်ကျရေး အတွက် ကျနော်တို့က အခုတိုက်နေတာ ကျနော်တို့ လိုချင်နေတဲ့ ဖက်ဒရယ် ပြည်ထောင်စုဆီကိုပဲ သွားနေတယ်။ ဒါပဲ ကျနော်တို့ဆက်လုပ်ရမှာက အာဏာရှင်ကို တိုက်ထုတ်ဖို့ပဲ။

မေး – PNDF KK အနေနဲ့ အာဏာနဲ့ ပူးပေါင်းတဲ့ ဘယ်အဖွဲ့မဆို တိုက်ထုတ်သွားဖို့ အစီစဉ်ရှိလား။

ဖြေ – ကျနော်တို့ အနေနဲ့ အာဏာရှင်နဲ့ ပူးပေါင်းတဲ့ ဘယ်အဖွဲ့အစည်းမဆို တိုက်ခိုက်သွားရမှာပဲပေါ့နော်။ ဆက် ပြီးလည်း တိုက်ခိုက်သွားမှာပဲ။ ဘာကြောင့်လဲဆိုတော့ အာဏာရှင်နဲ့ ပါလာတဲ့ လူတွေမှန်သမျှ အာဏာရှင်ပဲ။ ကျနော်တို့က ဘယ်အဖွဲ့အစည်း ဆိုတာထက် အာဏာရှင်ကို တိုက်ခိုက်နေတာ ဖြစ်တဲ့အတွက် အာဏာရှင်နဲ့ ပါ လာရင်တော့ ကျနော်တို့က ဆက်ပြီး တိုက်ခိုက်နေဦးမှာပဲ။ အဲတော့ ဒီဟာပေါ်မှာလေ အာဏာရှင်ထဲ ပါနေတဲ့ အခါမှာ အာဏာရှင်နဲ့ လက်တွဲလုပ်နေတဲ့ လူမှန်သမျှ ဘယ်လူမျိုးမဆိုပေါ့နော်။ ကျနော်တို့က လူမျိုးကို တိုက် တာလည်း မဟုတ်ဘူး။ တိုင်းရင်းသားတွေနဲ့ တိုက်တာလည်း မဟုတ်ဘူး။ ကျနော်တို့က အာဏာရှင်ကို တိုက် နေတာ ဖြစ်တဲ့အတွက် အာဏာရှင်ရဲ့နောက်မှာ အာဏာရှင်နဲ့အတူ ပူးပေါင်းနေတဲ့ တိုင်းရင်းသားလူမျိုးဆိုတဲ့ စကားလုံးထက်ပေါ့နော်။ ဘယ်သူ ဘယ်သူဖြစ်လို့ ဘယ်သူဘက်ဖြစ်လို့ မတိုက်ဘူး ဆိုတာမျိုး ကျနော်တို့က မလုပ်ဘူး။ ကျနော်တို့က အဲလို မရှိဘူးပေါ့နော်။

မေး – PNDF-KK ရဲ့ တော်လှန်ရေး ရည်မှန်းချက်က ဘာများဖြစ်မလဲ။

ဖြေ – ကျနော်တို့ ရည်မှန်းချက်က စစ်အာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်မဆို ချုပ်ငြိမ်းစေဖို့၊ အမျိုးသား တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကို တည်ဆောက်တဲ့အထိပေါ့နော်။ ဒါက ကျနော်တို့ရဲ့ ရည်ရွယ်ချက် ဖြစ်တယ်။

မေး – PNDF-KK အနေနဲ့ ဘာကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ဖြစ်သွားတာလဲ။

ဖြေ – ဒီနွေဦးတော်လှန်ရေး ဖြစ်လာတဲ့အခါမှာ တိုင်းရင်းသား လူမျိုးစု အသီးသီးကနေလည်း တော်လှန်ရေးမှာ ပါဝင်လုပ်ဆောင်ကြတယ်ပေါ့နော်။ အဲတော့ ကျနော်တို့ PNDF-KK မှာရောက်နေတဲ့ လူငယ်တွေကလည်း နွေဦးတော်လှန်ရေးထဲမှာ ထွက်ပေါ်လာတဲ့ လူငယ်တွေပေါ့။ အဲတော့ ကျနော်တို့က ဒီနွေဦးတော်လှန်ရေး ဖြစ်တဲ့ အတွက် တိုက်ခိုက်ရေးကို သွားရတော့မှာ ဖြစ်တယ်။ အဲလိုအနေအထားမှာ ကျနော်တို့ ပအိုဝ်းအမျိုးသား လူမျိုးစုကို ကိုယ်စားပြုပြီး ဒါတော်လှန်ရေးမှာက အဲအချိန်မှာ ထွက်မလာနိုင်သေးဘူး။ အဲတော့ ကျနော်တို့ PNDF-KK အနေနဲ့ အခါကျတော့ တော်လှန်ရေးမှာ ပအိုဝ်းလူမျိုးစုအနေနဲ့ ပါတဲ့ အဖွဲ့အစည်းရှိတယ် ဆိုတာ ကိုလည်း လူငယ်တွေက လိုအပ်တယ်လို့ မြင်လာတဲ့အခါမှာ တစ်ဖက်ကနေ ကျနော်တို့က PNDF-KK ဖြစ်ပေါ် လာခဲ့တာပေါ့နော်။ ဒါကျနော်တို့ လွယ်အော အထူးဒေသ လာဗွေစခန်းမှာ ၂၀၂၂ ခုနှစ် ဧပြီလ ၁၅ ရက် တန်ခူး လပြည့် သင်္ကြန်အတက်နေ့မှာဒါ ကျနော်တို့ PNDF-KK ကို ဖွဲ့စည်း ဖြစ်တာပေါ့နော်။ တော်လှန်ရေး လက်နက် ကိုင် လမ်းစဉ်ကို တိုက်ခိုက်ရေးကို ရွေးတဲ့အခါမှာ ကျနော်တို့ ပအိုဝ်းအနေနဲ့လည်း ပါဝင်တယ်။ တစ်နေ့တစ်ချိန် ကြရင်လည်း ပအိုဝ်းသည် နွေဦးတော်လှန်ရေးမှာ မပါဝင်ခဲ့ဘူး ဆိုတာမျိုးလည်း ဖြစ်မလာဖို့ကို မျှော်လင့်တဲ့ အတွက် ဒီတော်လှန်ရေး လမ်းစဉ်ကို ရွေးတယ်။ ဒီအဖွဲ့ကို ကျနော်တို့ ဖွဲ့တယ်ပေါ့နော်။ ဘာကြောင့်လဲဆိုရင် ဒီတော်လှန်ရေးမှာ ပအိုဝ်းလူမျိုးအနေနဲ့ ဒါကျနော်တို့လည်း လုပ်ဆောင်တယ်ပေါ့နော်။

မေး – PNDF ကို ပအိုဝ်းလူမျိုးတွေနဲ့ပဲ ဖွဲ့စည်းထာတာလား။ တခြားလူမျိုးတွေရော ပါဝင်ထားတာမျိုးရှိလား။

ဖြေ – ကျနော်တို့ PNDF ၂ ဖွဲ့လုံးမှာပေါ့။ ပအိုဝ်းအမျိုးသားရေးလူမျိုးစုကို ကိုယ်စားပြုပြီး သွားနေတာ ဖြစ် တယ်ဆိုပေမယ့် ကျနော်တို့မှာ ဘယ်တိုင်းရင်းသား လူမျိုးမဆို ပါဝင်တယ်၊ လက်ခံတယ်။ ကျနော်တို့ ပအိုဝ်းမှာမှ မဟုတ်ဘူး။ ပြီးရင် ကျနော်တို့လည်း မူတွေဘာတွေနဲ့ သွားနေတဲ့ အနေအထားလည်း ရှိတယ်ပေါ့နော်။ ဆက် လက်ပြီးလည်း PNDF ၂ ဖွဲ့လုံးမှာကလည်း ကျနော်တို့ရဲ့ ဒီလက်နက်ကိုင် လမ်းစဉ် တိုက်ခိုက်ရေး လမ်းစဉ်နဲ့ ပတ်သက်ပြီး မူအသီးသီးရှိတယ်။ ထို့အတူပဲ ကျနော်တို့ ၂ ဖွဲ့လုံးကလည်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ရဲ့ နိုင်ငံရေး ဦးဆောင်မှုကို ခံယူတယ်။ သူတို့ရဲ့ ဦးဆောင်မှုကို ခံယူပြီး ဒီတိုက်ခိုက်ရေး လမ်းစဉ်ကို ကျနော်တို့ သွားနေတယ်ပေါ့။

မေး- PNDF-KK အနေနဲ့ အခုလက်ရှိ တော်လှန်ရေးမှာ ဘယ်လောက်အထိ ခရီးရောက်ပြီလို့ ဆိုနိုင်မလဲ။

ဖြေ – လက်ရှိ ကျနော်တို့ အနေနဲ့ ဒီနွေဦးတော်လှန်ရေးမှာ ခရီးကတော့ ၅၀/၅၀ အနေအထားလောက်ပဲ သွားနိုင်သေးတယ်ဆိုတာကို သုံးသပ်မိတာပေါ့နော်။ ဘာလို့လဲဆိုရင် ခရီးက မှန်းဆသလို ဖြစ်လာတာမျိုးရှိသလို တစ်ခါတစ်လေကျရင်လည်း အခက်အခဲတွေလည်း ရှိတာဖြစ်တော့ လက်ရှိခရီးကတော့ ၅၀/၅၀ ပေါ့နော်။ ခရီးက ဒီထက်ပိုရောက်ရင်လည်း ရောက်နေပြီပေါ့နော်။ ရာခိုင်နှုန်းအနေနဲ့တွက်ရင်တော့ ဒီလောက်ပဲ ပြောနိုင် သေးတယ်ပေါ့။

မေး – PNDF အနေနဲ့ ပအိုဝ်းလူထုရဲ့ ဘယ်နှစ်ရာခိုင်နှုန်းလာက်ကို ထောက်ခံမှု ရထားပြီလို့ ပြောလို့ရလဲ။

ဖြေ – ကျနော်တို့အနေနဲ့ ပအိုဝ်းလူထု ထောက်ခံမှုက လူထုအပေါ်မှာပဲ မူတည်တယ်လို့ တွေးလို့ရတယ်ပေါ့နော်။ လူထုရဲ့ ဘယ်နစ်ရာခိုင်နှုန်း ထောက်ခံမှု ရပြီလဲဆိုတာ လူထုရဲ့ စိတ်ထဲမှာပဲ ရှိတယ်လေ။ ကျနော်တို့အနေနဲ့ အခါကျတော့ အခုဖြစ်နေတဲ့ပွဲ တိုက်နေတဲ့ပွဲ လုပ်ဆောင်နေတဲ့အရာက ကျနော်တို့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက်ရော ကျနော်တို့ အမျိုးသားရေးအတွက်ရော ပါဝင်ပြီး လုပ်နေတာ ဖြစ်တဲ့အတွက် ကျနော်တို့လုပ်ရပ်က မှန်လား၊ မှားလားဆိုတာ လူထုကသိတဲ့အတွက် လူထုရဲ့ထောက်ခံမှုက ကျနော်တို့ဘက်ကနေ ရာခိုင်နှုန်းပြောကြားတာထက် လူထုမှာပဲ အဖြေရှိတယ်ပေါ့နော်။ လူထုက ဘယ်သူက အမှန်တရားလုပ်နေလဲဆိုတာ သိတယ်။ ကျနော်တို့ကို ဘယ်သူက ထောက်ခံတာ၊ မထောက်ခံတာ ကျနော်တို့ မပြော လိုဘူး။ ကျနော်တို့ အဖွဲ့က ဘာလုပ်နေလဲဆိုတာ လူထု အသိဆုံးပဲ။ အဲတော့ ကျနော်တို့ကို ထောက်ခံတယ်၊ မထောက်ခံဘူး ဆိုတာထက် ဘယ်သူက ဘာလုပ်နေလဲဆိုတာ လူထုကသိပြီး သူတို့လိုချင်တဲ့ အရာပေါ်မှာ လုပ် နေတဲ့ အဖွဲအစည်းကို လူထုက ထောက်ခံနေမှာပဲ။ လူထုအတွက် အလုပ်လုပ်နေတဲ့ အဖွဲအစည်းကိုပဲ ထောက်ခံဖို့ ပြောချင်တယ်။

မေး – လက်ရှိ NUG ရဲ့ ထောက်ပံ့မှုကရော ဘယ်လိုရှိလဲ။

ဖြေ – NUG အနေနဲ့အခါကျတော့ ကျနော်တို့ကို ထောက်ပံ့နေတာသည် လူထုပဲ။ တော်လှန်ရးမှာ လူထုရဲ့ ထောက်ပံ့မှုသည် နံပါတ် တစ်ပဲ။ လူထုရဲ့ ထောက်ပံ့မှု၊ လူထုရဲ့ ပံ့ပိုးမှုက နံပါတ်တစ်ပဲလေ။ ပြီးရင် နိုင်ငံတကာ ရောက် ပအိုဝ်းညီနောင်တွေရဲ့ ထောက်ပံ့မှုပေါ့။ NUG နဲ့ ပတ်သက်ပြီးအခါကျတော့ ထောက်ပံ့မှုရလား မရလားဆိုတာကို ကျနော်တို့အနေနဲ့ ပြောရခက်တယ်။

မေး- စစ်ကောင်စီလက်အောက်မှာ နိုင်ငံရေးနည်းအရ ညှိနှိုင်းအဖြေရှာနေတဲ့ အဖွဲ့အစည်းတွေကိုရော ဘယ်လိုမြင်လဲ။

ဖြေ – စစ်ကောင်စီနဲ့က ကျနော်တို့ နိုင်ငံရေးနည်းနဲ့ အဖြေရှာလို့မှ မရတာ။ အဲတော့ နိုင်ငံရေးနည်းနဲ့သွားပြီး အဖြေရှာနေတဲ့ လူတွေက ဒီအချိန်မှာ သူတို့က စဉ်းစားရမှာလေ ဘယ်သူမဆိုပေါ့။ စစ်ကောင်စီနဲ့က နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာနေစရာလည်း မလိုဘူး။ ဘာလို့လဲဆိုတော့ ဒီလောက်ကြီး အာဏာရှင်ဆန်တဲ့လူ မတရား တဲ့လူကို နိုင်ငံရေးနည်းနဲ့သွားပြီး အဖြေရှာမယ်ဆိုရင် ဘာထူးမှာလဲ ဘာထိရောက်မှာလဲ။ ကျနော်တို့ကတော့ ဒီစစ်ကောင်စီနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာနေတဲ့ လူတွေကိုတော့ သူတို့ကို ပြောစရာလည်း ဘာမှမရှိတော့ဘူး။ ဘယ်လိုပြောရတော့မှာလဲ။ ဒါပေမယ့် တချို့ကလည်း သူတို့ရဲ့ အနေအထား၊ သူတို့ရဲ့ ဘယ်လိုအခြေအနေတွေကြောင့် စစ်ကောင်စီကိုသွားပြီး နိုင်ငံရေးနည်းနဲ့ အဖြေရှာနေလဲဆိုတာတော့ သူတို့ အသိဆုံးလေနော်။ ကျနော်တို့ကတော့ စစ်ကောင်စီနဲ့ ပတ်သက်ပြီး နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ မရှိဘူး။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here