တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို ရွာစဉ်လှည့် လိုက်လံဖမ်းဆီးပြီး ရိုက်နက်ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောသည်။
စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဟာ ဧပြီ ၂၃ ရက်နေ့ကစပြီး သရက်ချောင်းမြို့နယ် ရငဲ၊ ဝဲရစ် ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာများက ဒေသခံတွေကို လိုက်လံဖမ်းဆီးနေတာဖြစ်သည်။
ဧပြီ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့မှာ စစ်ကောင်စီတပ်ဟာ ရငဲနဲ့ ဝဲရစ်ကျေးရွာက ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးပြီးနောက် ရိုက်နက်စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး ပြန်လွှတ်ပေးခဲ့သည်။
ဧပြီ ၂၅ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ ပိန်းတောရွာနှင့် ကဇိကျေးရွာက ဒေသခံ ၅ ဦးကို လက်ပြန်ကြိုးတုပ် ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။
စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော ဒေသခံ အမျိုးသား ၅ ဦးဟာ သာမာန်အရပ်သား ကြုံရာကျပန်း လုပ်ကိုင် စားသောက်သူတွေဖြစ်ပြီး စစ်ကောင်စီတပ်ကတော့ ပိန်းတောနဲ့ကဇိရွာကြား မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်နေသည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါသည်။
ဒေသခံ အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်က လက်ပြန်ကြိုးတုပ် ဖမ်းဆီးသွားတာကြောင့် မိသားစုဝင်တွေက ၎င်းတို့ရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေကြောင်းလည်း သိရပါသည်။
စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများရှိ ပြည်သူများကို ယခုလို လိုက်လံဖမ်းဆီးနေတာဟာ အကြောက်တရားသွင်းသည့် လုပ်ရပ်ဖြစ်သာဖြစ်ကြောင်း ဒေသခံများက ဝေဖန်နေကြပါသည်။
သံလွင်တိုင်းမ် – ပေးပို့သည်။

