မုဒုံမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ လက်နက်ကိုင်‌ဆောင်မှုများ ရှိလာဟုဆို

0
476

အာဏာသိမ်းစစ်ကောင်စီက လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် ဥပဒေ ထုတ်ပြန်လိုက်ပြီးနောက် မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း၌ အထိန်းအကွပ်မဲ့ လက်နက်ကိုင်ဆောင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုးတစ်ချို့ ရှိလာကြောင်း အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှုးတစ်ဦးက ပြောသည်။

အဆိုပါ ဥပဒေအရ တရားဝင်လက်နက်ကိုင်ဆောင်လိုသည့် မည်သူမဆို လိုင်စင်လျှောက်တင်ရမည်ဟု ဖော်ပြထားသော်လည်း ကျေးရွာအုပ်ချုပ်ရေးမှုးများက မှောင်ခိုစျေးကွက်ဖြင့်လည်းကောင်း၊ စစ်တပ်နှင့် နားလည်မှုရယူပြီးသော်လည်းကောင်း လက်နက်များကို ဝယ်ယူကိုင်ဆောင်နေကြသည်ဟု မုဒုံမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှုးအသိုင်းအဝိုင်းတို့ထံမှ သိရသည်။

“မုဒုံမြောက်ပိုင်းက ရွာအုပ်ချုပ်ရေးမှုးတစ်ဦးဆိုရင် KTV စားသောက်ဆိုင်တစ်ခုကို ဝင်ထိုင်ပြီးတော့မှ အဲဒီဆိုင်က ဝန်ထမ်းလေးတွေကို သူကိုင်ထားတဲ့သေနတ်နဲ့ ခြိမ်းခြောက်တဲ့ဖြစ်ရပ်တွေရှိခဲ့တယ်၊ ဒါက ဒီတစ်ရက်နှစ်ရက်အတွင်းမှာပဲ လောလောလတ်လတ် ဖြစ်သွားတဲ့ကိစ္စပါ” ဟု အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှုးတစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

KTV စားသောက်ဆိုင်တစ်ခုတွင် လက်နက်ထုတ်ပြ ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည့် အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှုးအား အရေးယူမှုပြုလုပ်နိုင်ရန် မြို့နယ်စစ်ကောင်စီက ဆောင်ရွက်နေသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။

၎င်းပြင် မုဒုံမြို့နယ်တောင်ပိုင်းဘက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှုးတစ်ချို့လည်း သေနတ်လက်ဝယ်ကိုင်ဆောင်ထားသည်ကို အခွင့်အကောင်းယူပြီး မိမိ၏ကျေးရွာသူ ကျေးရွာသားများအပေါ် အနိုင်ကျင့်သည့်အပြုအမှု ပိုမိုလုပ်ဆောင်လာကြသည်လည်း ရှိလာသည်။

“လက်ရှိအခြေအနေအရ ကျွန်တော်တို့ မုဒုံမြို့နယ်ဘက်မှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှုး အတော်များများဟာ မှောင်ခိုးစျေးကွက်နဲ့ပဲ သေနတ်တွေကို ကိုယ်စီ ကိုင်ထားကြပါတယ်။ ဒါက သူတို့ (စစ်ကောင်စီ) ဥပဒေတွေ ထုတ်ပြန်ပြီးနောက်ပိုင်းမှ ဖြစ်လာတဲ့ ကိစ္စပါ။ ဒါကြောင့် သေနတ် လက်ဝယ်ရှိတဲ့ တစ်ချို့ အုပ်ချုပ်ရေးမှုးတွေကတော့ ပြည်သူတွေကို ခြိမ်းခြောက်တဲ့ဖြစ်ရပ်တွေ၊ ပြောချင်တာက သေနတ်အားကိုးနဲ့ အထိန်းအကွပ်မဲ့တဲ့ဖြစ်ရပ်တွေ အမျိုးမျိုးပေါ်ပေါက်လာတယ်၊ ဒါက ကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူး” ဟု မြို့နယ်အဆင့်စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုကြောင့် လက်ရှိနိုင်ငံရေးအခြေအနေအရ လူ့အဖွဲ့အစည်းထဲ လက်နက်များရောက်လာလျှင် ပဋိပက္ခများကို ပိုမိုအရှိန်းမြှင့်ပေးသလို ဖြစ်လာနိုင်သည်သည် သုံးသပ်နေကြသည်လည်းရှိသည်။

လက်နက် ခဲယမ်းကိုင်ဆောင်ခွင့်ဥပဒေကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သော်လည်း လိုအပ်သည့် နည်းဥပဒေ၊ စည်းကမ်းသတ်မှတ်ချက်များ အသေးစိတ်ကို လက်ရှိအချိန်ထိ ထုတ်ပြန်လာခြင်းမရှိသေးပေ။

IMNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here