ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများအနက် ပကဖ၊ ပလဖနှင့် ပအဖအဖွဲ့ဝင် ၁၈ ဦး ပါဝင်နေဟုဆို

0
434

ဧပြီလ ၁၁ ရက်၊ စစ်ကောင်စီတပ်ရဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာက ဒေသခံအရပ်သားပြည်သူ ၁၆၈ ဦး သေဆုံးခဲ့ပြီး အဲ့ဒီထဲမှာ ပြည်သူ့ကာကွယ်ရေး (ပကဖ)၊ ပြည်သူ့လုံခြုံရေး (ပလဖ) နဲ့ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) တာဝန်ယူထားသူ ၁၈ ဦးပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲ့ဒီ ၁၈ ဦးထဲမှာ တိုက်ရပ်ရွာအဆင့်ပြည်သူ့ကာကွယ်ရေး (ပကဖ) တာဝန်ထမ်းဆောင်နေသူ ၁၂ ဦး၊ ပြည်သူ့လုံခြုံရေး (ပလဖ) တာဝန်ထမ်းဆောင်နေသူ ၂ ဦးနဲ့ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) တာဝန်ထမ်းဆောင်နေသူ ၄ ဦးတို့ဖြစ်တယ်လို့ သေဆုံးသူ ၁၆၈ ဦးစာရင်း ထုတ်ပြန်ထားတဲ့ NUGရဲ့စာရင်းအရ သိရပါတယ်။

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “အဲ့ဒီဒေသတွေမှာက သိတဲ့အတိုင်းပဲ ပြည်သူက ပြည်သူကို ပြန်ပြီးအုပ်ချုပ်ဖို့ ပြည်သူ့အုပ်ချုပ်ရေးကို ဖော်ဆောင်ဖို့ ကြိုးစားနေတာပါ။ အဲ့လိုပဲ ပြည်သူက ပြည်သူကို ပြန်ပြီးလုံခြုံရေးယူထားနေရတဲ့ အနေအထားပါ။ အဲ့တော့အများစုကတော့ ပြည်သူတွေဖြစ်တယ်။ အဲ့ဒီထဲမှာ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး စသဖြင့်ပေါ့နော် တာဝန်ယူထားသူ ၁၈ ဦးခန့် ပါဝင်ပါတယ်။ ၁၆၈ ဦးထဲမှာ ကျန်တဲ့သူတွေကတော့ အရပ်သား ရွာသူ၊ ရွာသား၊ ကလေးတွေ၊ မိန်းကလေးတွေ ဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ၁၆၈ဦးဟာ အမျိုးသား ၁၁၈ ဦး၊ အမျိုးသမီး ၄၆ ဦးနဲ့ ကျား/မ ခွဲခြားမရသူ ၄ ဦးပါဝင်ပြီး အဲ့ဒီထဲမှာ ၆ လအရွယ် ကလေးငယ်ကနေ အသက် ၇၆ နှစ်အရွယ် အဘိုး၊ အဘွားတွေအထိ ပါဝင်နေပါတယ်။

ရှမ်းနီအသံမှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here