ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်တပ်ဖက်က ၃၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း KNIC တာဝန်ရှိသူ ပြောဆို

0
172

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီလက်နက်ကိုင်ပူး ပေါင်းတပ်ဖွဲ့တို့ ဧပြီ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ၃ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၃၀ ကျော် သေဆုံးခဲ့ပြီး လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ပြန်ကြားရေး ဗဟို KNIC တာဝန်ခံ ခူးညေးရယ်က နိရဉ္စရာသတင်းဌာနကို ပြောသည်။

စစ်ကောင်စီဖက်က မြေပြင်မှာ ထိခိုက်သေဆုံးမှုတွေများနေပြီး ဂျက်လေယာဉ်များနှင့်လည်း ၃ ရက်လုံး ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“စစ်ကောင်စီဖက်က တက်လာတဲ့အင်အားကတော့အများကြီးပဲ၊ တပ်ရင်း ၃ ရင်းလောက် ပေါင်းပြီးတိုက်တာ၊ ၁၆ ရက် နေ့လယ် ၁၂နာရီနဲ့ ညနေ ၃နာရီလောက်က ဂျက်ဖိုက်တာနဲ့လာပစ်တယ်၊ နောက်နေ့ ၁၇ ရက်နေ့ ည ၁၂နာရီမှာလည်းလာပစ်တယ်၊ မနေ့က ၁၈ ရက် ညနေ ၅နာရီ လောက်မှာလည်း လာပစ် တယ်၊ ၃ ရက်အတွင်းမှာ ၄ကြိမ်လာပစ်တယ်။”

လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဧပြီ ၁၆ ရက် နံနက် ၇ နာရီကျော်လောက်ကစပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်း ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါညီရွာကို စစ်ကောင်စီဖက်က တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၅ ၊ ခလရ ၅၅ ၊ ခလရ ၈၀ တို့ ပူးပေါင်းထားသည့် အင်အား ၁၇၀ ကျော်နှင့် စစ်ကြောင်းထိုးလာရင်း တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု KMIC တာဝန်ခံ ခူးညေးရယ်က ပြောသည်။

ပြီးခဲ့သည့်မတ်လကတည်းက ဒေါညီရွာအနီး၌ စစ်ကောင်စီတပ်စခန်းနှစ်ခု အထိုင်ချထားပေမယ့် ၃ ရက် တာတိုက်ပွဲအတွင်း အဆိုပါစခန်းနှစ်ခုစလုံးကို ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်း နိုင်ခဲ့ကြောင်းလည်း ပြောသည်။

တိုက်ပွဲတွင် ပူးပေါင်းတိုက်နေကြေသည့် တော်လှန်ရေးတပ်ဖွဲ့များမှာ KA၊ KNDF B/10၊ B/05၊ B/06 ၊ B/01 ၊ B/16၊ B/15 ၊ KNDF ETD၊ လွိုင်ကော် PDF တို့ဖြစ်ကြပြီး တိုက်ပွဲအတွင်း KA မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိထားသည့်အထဲ၌ စစ်ကောင်စီတပ်မှ တပ်ရင်းမှုး ဒု-ဗိုလ်မှုးကြီး ငြိမ်းချမ်းဆိုသူ၏ အသုံးအဆောင်များကိုလည်း သိမ်းဆည်းရမိထားပြီး အဆိုပါတပ်ရင်းမှုး တိုက်ပွဲ၌ သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးကြောင်း ခူးညေးရယ်က ပြောသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here