“ဒီအမှုကို အမြန်ပြီးချင်ပါပြီ။ အားလုံးက ကိုယ့်ဝမ်းစာအတွက် ရှာစားနေရတဲ့သူတွေ ဖြစ်တယ်။ စစ်မှန်ပြီး တရာမျှတတဲ့အမှုအနေနဲ့ အမြန်ဆုံးပြီးဆုံးချင်ပါပြီ” အမှုမှန်ပေါ်ပေါက်ရေး လူထုကော်မတီဝင် အမျိုးသားတစ်ဦး

0
189

ဖားကန့်မြို့နယ်အတွင်း အရပ်သား ၉ ဦး အသတ်ခံရမှု နောက်ဆုံးအခြေအနေ မေးမြန်းချက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာတွင် အရပ်သား ၉ ဦးကို KIA တပ်ရင်း ၂၀ မှ သတ်ဖြတ်လိုက်သော ဖြစ်စဉ်သည် ၂ လကျော်ပြီဖြစ်သော်လည်း တရားမျှတမှုကို မရရှိသေးသလို KIA တပ်မဟာ ၂ ဘက်မှလည်း အချိန်ကြန့်ကြာအောင် လုပ်ဆောင်နေကြောင်း မိသားစုဝင်များ ပြောဆိုနေကြသည်။

ဖြစ်စဉ်သည် ဇန်နဝါရီလ ၂၄ ရက်နေ့ ဖြစ်ပွားခဲ့ပြီး အဖမ်းခံရပြီးနောက် ၆ နာရီအကြာတွင် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။

ထို့နောက် KIA တပ်မဟာ ၂ အနေဖြင့် ပြစ်မှုကျူးလွန်သော တပ်သားအချို့ကို ဖမ်းဆီးထားသော်လည်း ထိုသို့ သတ်ဖြတ်မှုဖြစ်လာအောင် သတင်းပေးသူများကိုမူ ဖမ်းဆီးခြင်းမရှိဘဲ လွတ်မြောက်စေသောကြောင့် KIO ၏ ကိုင်တွယ်မှုကို သတ်ဖြတ်ခံရသူများ၏ မိသားစုဝင်များက မေးခွန်းထုတ်နေကြသည်။

အသတ်ခံရသူများမှာ အသက် (၄၇) နှစ် ဦးယောဟန်၊ ဦးကျော်စိုး အသက် (၄၉) နှစ်၊ ဦးလဇွမ်တူးလွမ် အသက် (၅၆) နှစ်၊ ဦးလဇွမ်ထွယ်ရှောင် (ခ) ထွန်းအေး အသက် (၃၅) နှစ်၊ ဒေါ်ဖောင်န ခေါန်ဘူ အသက် (၂၈) နှစ်၊ ဒေါ် အင်ဒေါင်ထုနန် အသက် (၂၈) နှစ်၊ ထွန်းယုံ အသက် (၂၇) နှစ်၊ ဦးမြင့်ထွေး အသက် (၅၀)နှစ်၊ ဖိုးလေး အသက် (၂၇) နှစ်တို့ဖြစ်သည်။

ကချင်ပြည်သူများကို ထိတ်လန့်စေခဲ့သော အဆိုပါ ဖြစ်စဉ်အသေးစိတ်နှင့် နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး အသက် ၅၀ နှစ်ခန့်အရွယ်ရှိ အမှုမှန်ပေါ်ပေါက်ရေး လူထုကော်မတီဝင် အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ သူတို့ကို ဘာကြောင့် ဖမ်းခေါ်သွားတယ်ဆိုတဲ့ အကြောင်းအရင်း သိပြီလား။

ဖြေ။ ။ KIA ဘက်က တရားခံတွေကို ဖမ်းဆီးပြီး မေးမြန်းထားတဲ့အဖြေ နဲ့ ကျွန်တော်တို့အဖြေကို မတိုက်ရသေးဘူး။ ကျွန်တော်တို့ ထင်သလောက်တော့ မြေကိစ္စ ဖြစ်မယ်လို့ထင်တယ်။ တော်တော် အငြင်းအခုံ ဖြစ်ခဲ့ကြတယ်။ အဲဒီအထဲမှာ ကျော်စိုးက KIO နဲ့ စစ်ကောင်စီတပ်ကြား ကြားဝင်ဖြေရှင်းပေးတဲ့အတွက်ကြောင့် ပြေလည်ပြီး တစ်ချို့က ဝမ်းသာပေမယ့် တစ်ချို့ကတော့ စိတ်မကောင်းဖြစ်ကြတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့တယ်။

မေး။ ။မေးမြန်းစစ်ဆေးတာမျိုးမရှိဘဲ ဘာကြောင့် အဲဒီလို တစ်ညတည်းမှာပဲ သတ်ဖြတ်လိုက်ကြတယ်လို့ ထင်သလဲ။

ဖြေ။ ။ကျွန်တော်အထင်ကတော့ ဘယ်လိုပဲ စဉ်းစား၊ စဉ်းစား အံ့ဩစရာလို့ပဲ မြင်တယ်။ KIA မှာလည်း အဲဒီလိုပေါ်လစီမရှိဘူး။ နတ်ဆိုးဝင်လို့ ပြောရမလား။

မေး။ ။ကော်မတီဝင်တွေ အမှုမှန်ပေါ်ပေါက်ဖို့ လုပ်ဆောင်နေကြတာ ဘယ်အခြေအနေထိရှိပြီလဲ။

ဖြေ။ ။ကျွန်တော်တို့က ကျွန်တော်တို့ ကိုယ်ပိုင်အလုပ်တွေကိုတောင် ပစ်ထားပြီး အမှုမှန်ပေါ်ပေါက်ဖို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြတယ်။ တပ်မဟာချုပ်က ကော်မတီတွေနဲ့ ကျွန်တော်တို့ဘက်ကကော်မတီတွေနဲ့တွေ့ပြီး ဒီအမှုကို အတူစုံစမ်းဖို့ သဘောတူခဲ့ကြတယ်။ ဒါပေမယ့် သူတို့နဲ့ကျနော်တို့ ဝေးလွန်တဲ့အတွက်ကြောင့် အတူတူအလုပ်လုပ်ဖို့ကြတော့ ပြန်မဖြစ်နိုင်တော့ဘူး။ နောက်တော့ တပ်မဟာချုပ်ဘက်က ပြန်ပြောလာတာက KIO ဌာနချုပ်က လမ်းညွန်ချက်နဲ့ပဲ လုပ်ဆောင်သွားတော့မယ်ဆိုပြီး ပြန်ပြောလာတယ်။ ဌာနချုပ်က အမိန့်ကို စောင့်နေတာနဲ့ အခုထိကြာနေတာဖြစ်တယ်။ ၂ လကြာပေမယ့် ကျွန်တော်တို့ဘက်က လုပ်နိုင်ခဲ့တာက အလောင်းတွေကို ပြန်ဖော်ပြီး မီးသဂြိုလ်နိုင်ခဲ့တယ်၊ ကျွန်တော်တို့ဘက်က သက်သေကို သွားပို့နိုင်တယ်၊ သေဆုံးသွားသူတွေအတွက် ဆုတောင်းတဲ့အစီအစဉ်တွေလုပ်နိုင်ခဲ့တယ်။ ဒါပဲလုပ်နိုင်သေးတယ်။

မေး။ ။အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့မှ ဘယ်လောက်ထိ ရှေ့ဆက်လုပ်ဆောင်သွားဖို့ရှိပါလဲ။

ဖြေ။ ။ကျွန်တော်တို့ အမှုမှန်ပေါ်ပေါက်ရေအဖွဲ့အနေနဲ့ အခုဒီဟာ ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိုကြောင့်ဖြစ်တယ်ဆိုတဲ့ အဖြေရအောင်ဆိုတဲ့ ပန်းတိုင်းရှိပါတယ်။ ဒီဟာကိုပဲ အာသွန်ခွန်စိုက်နဲ့ ကိုယ့်အလုပ်တွေကို ပစ်ထားခဲ့ပြီး လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်တယ်။ သေချာတဲ့အဖြေ တစ်ခု ရတဲ့ထိ ဆောင်ရွက်သွားဖို့ရှိပါတယ်။

မေး။ ။အမှုမှပေါ်ပေါက်ရေးအတွက် ဆောင်ရွက်တဲ့နေရာမှ ဘာတွေက စိန်ခေါ်မှုဖြစ်လဲ။ ဘာတွေခက်ခဲလဲ။

ဖြေ။ ။ခက်ခဲတာတွေတော့ အများကြီးရှိတယ်။ ဘယ်လိုခက်ခဲလဲဆိုတော့ ကျွှန်တော်တို့တပ်ရင်း ထဲကိုလာမယ်ဆိုရင် မလာနဲ့ဦးဆိုပြီး ပြောတာမျိုး၊ ပြီးတော့ ကျွန်တော်တို့ တွေ့ရှိတာတွေကို ဖော်ထုတ်မေးရင်လည်း အဖြေပြန်မပေးတာမျိုးတွေ၊ သွားရေးလာရေး တွေမှာလည်း စစ်တပ်ဂိတ်ဖြတ်ရတာနဲ့၊ ကေအိုင်အေ ဌာနချူပ်ကို သွားရင်လည်း တစ်ခါတည်း ပေးမတွေ့၊ ဒါမျိုးတွေ အများကြီးအခက်အခဲရှိပါတယ်။

မေး။ ။အခုဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူလူထုတွေကို ချပြ ရှင်းပြနိုင်ဖို့အတွက် ဘယ်လောက်ထိ ဆက်ကြာနိုင်အုံးမှာလဲ။

ဖြေ။ ။အခုသူတို့တပ်ထဲမှာလဲ သေချာလေး မေးမြန်းစစ်ဆေးနေတယ်လို့ပြောတယ်။ ပြီးတော့မယ်ပေါ့။ ပြီးရင်ကျွန်တော်တို့နှင့် တွေ့ဖို့ပြောထားတယ်။ တစ်လ လောက်တော့လိုအုံးမယ်ထင်တယ်။ ဒါခန့်မှန်းတာပါ။

မေး။ ။KIA ဘက်က စစ်ဆေးမေးမြန်းတဲ့ခါ ယခုအမှုထဲတွေပါဝင်ပတ်သက်တဲ့ သူတွေအားလုံးကို စစ်ဆေးမေးမြန်းပြီးပြီး လာ။ ဘယ်လိုရှိလဲ။

ဖြေ။ ။သူတို့က အခုတကယ် လက်လွန်သွားတဲ့ သူတွေလောက်ကိုပဲ ဖမ်းထားသေးတယ်။ တကယ် ဒီအဖြစ်ဆိုးဖြစ်သွားအောင် သတင်းပေးတဲ့သူတွေကိုကျတော့ ဖမ်ဆီးစစ်ဆေးတာတွေ မတွေ့ရဘူး။ အခု ဒီအဖြစ်ပျက်မှာ တကယ်အရေးကြီးတဲ့သူတွေက သတင်းပေးတဲ့သူတွေ ဖြစ်နေတယ်။

မေး။ ။ဒီအဖြစ်ပျက်မှာ ဘယ်သူတွေမှာ တာဝန်ရှိတယ်လို့ထင်လဲ။

ဖြေ။ ။တကယ်တာဝန် ရှိတာက KIA မှာဖြစ်တယ်။ ဘာကြောင့်လဲဆို ဗိုလ်ကြီးအဆင့်ရှိသူ ကိုယ်တိုင်က ကျူးလွန်ထားတာဖြစ်တယ်။ ဒုတပ်ရင်းမှူး ကိုယ်တိုင်မှားတာဖြစ်တဲ့အတွက် KIA မှာ တာဝန်ရှိတယ်လို့ပြောလို့ ရတယ်။

မေး။ ။ဒီအပေါ်မှာ ဘယ်သူက အမိန့်ပေးစေခိုင်းခဲ့တာလဲ။

ဖြေ။ ။ ကျွန်တော်တို့ သိရသလောက်က အဓိကအမိန့်ပေးတာက KIA တပ်ရင်း ၂၀ က ဒု-တပ်ရင်းမှူး ဗိုလ်ကြီးဂေါ်မော်ယော်ချန်း ဖြစ်ပြီး သတ်တဲ့နေရာမှာ ဦးဆောင်တာက တပ်ကြပ်ကြီး မဟော် လဆိုင်းအောင်၊ အဓိက သူတို့နှစ်ယောက်ဖြစ်တယ်။

မေး။ ။ အခုလိုအပြစ်မဲ့ပြည်သူတွေ သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး မိသားစုဝင်တွေက ဘယ်လိုပြောနေကြသလဲ။

ဖြေ။ ။မိသားစုဝင်တွေက အရမ်းခံစားနေကျရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး အမြန်ဖော်ဆောင်ပေးပါ။ အမြန်လုပ်ပေးပါ။ ဆိုပြီးပြောနေကြပါတယ်။ သူတို့က ကျွန်တော်တို့ကို အရမ်းအားကိုးနေပါတယ်။ ဒီမှာပါတဲ့သူတွေက ဗန်မော်၊ ဆားမှော်၊ နမ္မတီး၊ မိုးကောင်း နေရာချင်မတူတော့ သူတို့ကိုယ်တိုင် သွားရောက် စုံစမ်းဖို့ခက်တယ်။ ဆိုတော့ ကျွန်တော်တို့ ကော်မရှင်ဖွဲ့ပြီး အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်မယ်ဆိုပြီးလုပ်တော့ မိသားစုဝင် တွေက ကျွန်တော်တို့ ကိုပဲ အားကိုးနေရတဲ့ အခြေအနေမှာရှိပါတယ်။

မေး။ ။ဒီအခြေအနေပေါ် ဘယ်လောက်ထိ အမှုမှန်ပေါ်ပေါက်နိုင်မယ်လို့ ဆရာတို့မျှော်လင့်လဲ။

ဖြေ။ ။ကျွန်တော်တို့မျှော်လင့်တာက အများကြီး မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ KIO အစိုးရရဲ့ သိက္ခာပြန်ဆယ်နိုင်ဖို့ ဘယ်လိုလုပ်မယ်၊ အသတ်ခံလိုက်ရတဲ့ မိသားစုတွေအပေါ် ဘယ်လိုဆောင်ရွက်ပေးမယ်၊ ကျွန်တော်တို့ပိုပြီး မျှော်လင့်တာက ကျွန်တော်တို့အစိုးရ တပ်ရင်းတွေမှာ ပိုပြီးအုပ်ချူပ်မှုတွေ ကောင်းလာဖို့၊ ကျွန်တော်တို့ အများကြီးမျှော်လင့်ထားပါတယ်။

မေး။ ။ ဒီအမှုအပေါ်ဆရာတို့ ဘယ်လိုဖြစ်ချင်လဲ။

ဖြေ။ ။ ကျွန်တော်တို့ ဒီအမှုကို အမြန်ပြီးချင်ပါပြီ။ အားလုံးက ကိုယ့်ဝမ်းစာအတွက် ရှာစားနေရတဲ့သူတွေ ဖြစ်တယ်။ စစ်မှန်ပြီး တရာမျှတတဲ့အမှုအနေနဲ့ အမြန်ဆုံးပြီးဆုံးချင်ပါပြီ။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here