AA နှင့်ပတ်သက်၍ ဖမ်းဆီးထောင်ချထားသူတစ်ဦးမျှ စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်တွင် မပါဝင်

0
134

မြန်မာနှစ်ဆန်းတစ်ရက် စစ်ကောင်စီလွတ်ငြိမ်းခွင့်တွင် ရခိုင်ပြည်နယ်အတွင်းက အကျဉ်းသား ၁၇၃ ဦးကို လွှတ်ပေးခဲ့သော်လည်း ထိုအထဲတွင် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်ဖမ်းဆီး ထောင်ချခံထားရသူ တစ်ဦးတစ်ယောက်မှ မပါဝင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

စစ်ကောင်စီသည် လွန်ခဲ့နှစ် နိုဝင်ဘာလအတွင်းက ရက္ခိုင့်တပ်တော်နှင့် နားလည်မှုဖြင့် အပစ်ရပ်စဲရာတွင် အေအေနှင့် ဆက်စပ်ဖမ်းဆီးထားသူများကို လွှတ်ပေးမည်ဆိုသည့် အချက်လည်း ပါဝင်သည်ဟု သိရသည်။

ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက “ နိုင်/ကျဉ်းတွေမပါတာတော့ မဖြစ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ULA နဲ့ မြန်မာစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲတဲ့အခါလည်း AA နဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးထားတဲ့ လူတွေကို လွှတ်ပေးရမယ်ဆိုတာက ပါပြီးသားဖြစ်တယ်။ အဲဒီလူတွေကို ဦးစားပေးပြီးတော့ လွှတ်ပေးသင့်တယ်” ဟု ပြောဆိုသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်ကောင်စီတို့ နားလည်မှုဖြင့် အပစ်ရပ်စဲခဲ့ပြီး ၎င်းနောက်ပိုင်း အေအေနှင့် ဆက်စပ်ဖမ်းဆီးခံထားရသူများ ပြန်လည် လွှတ်မြောက်လာလိမ့်မည်ဟု အများက မျှော်လင့်ထားခဲ့ကြသော်လည်း ၎င်းတို့ မလွတ်လာသည့်အပြင် လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးရာတွင်လည်း ပါဝင်လာခြင်းမရှိမှုအပေါ် မိသားစုများက စိတ်ပျက်နေကြသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် သက်သေအထောက်အထား တစ်စုံတစ်ရာ မရှိဘဲ အေအေနှင့် ဆက်စပ်သည်ဟုဆိုကာ မတရားစွပ်စွဲ ဖမ်းဆီးခံနေရသူ အများအပြားရှိနေပြီး ယခု လွတ်ငြိမ်းခွင့်တွင် ၄င်းတို့ကို ပြန်လည်လွှတ်မပေးခြင်းမှာ စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအရ ကစားနေသည်ဟု မြင်မိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“ ဒါက သက်သက်နိုင်ငံရေးကစားကွက်တစ်ခုလို့ ယူဆရတယ်။ နောက်ပြီးတော့ သက်သေ အထောက်အထား တစ်စုံတရာ မတွေ့ရှိရဘဲနဲ့ မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ ဖမ်းဆီးထားတာတွေကိုလည်း တွေ့ရတယ်။ ဒါတွေကို လူ့အခွင့်အရေးရှုထောင့်ကနေ ကြည့်ပြီး ပြန်လွှတ်ပေးသင့်တယ်။ သက်သေမခိုင်လုံဘဲ အချိန်ကြာကြီး နှစ်နဲ့ချီပြီး ဖမ်းဆီးထားတာဟာ စစ်ကောင်စီအနေနဲ့ လူ့အခွင့်အရေးတစ်ရပ်ကို ချိုးဖောက်နေတယ်လို့ ပြောချင်တယ်” ဟု ပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့ ပြီးခဲ့နှစ်ကဖြစ်ပွားခဲ့သည့် တကျော့ပြန် (၄) လတာ တိုက်ပွဲကာလအတွင်းတွင် စစ်ကောင်စီက ရခိုင်မြို့နယ်အသီးသီးမှ အပြစ်မဲ့ အရပ်သားပြည်သူ ၅၉၄ ဦးကို ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ ၃၉၁ ဦးသာ ပြန်လွတ်မြောက်လာခဲ့ပြီး ကျန်သည့် ၂၀၃ ဦးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်ဟု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က အွန်လိုင်းကတဆင့်ပြုလုပ်သည့် (၇) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။

ယမန်နေ့ နှစ်ဆန်းတစ်ရက်တွင် လွှတ်ပေးလိုက်သည့် ရခိုင်မှ အကျဉ်းသား (၁၇၃) ဦးတွင် စစ်တွေအကျဉ်းထောင်မှ ၁၇ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်မှ ၁၂၄ ဦး (အကျဉ်းသား ၇၆ ဦးနှင့် အကျဉ်းသူ ၄၈ ဦး)၊ ကျောက်ဖြူအကျဉ်းထောင်မှ ၁၉ ဦး (အကျဉ်းသား ၁၅ ဦးနှင့် အကျဉ်းသူ ၄ ဦး) ၊ သံတွဲအကျဉ်းထောင်မှ ၁၃ ဦးတို့ဖြစ်ကြသည်။

ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အကျဉ်းသား ၃၀၁၅ ဦးလွတ်မြောက်လာခဲ့သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဌေးဌေးအောင် (နိရဉ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here