ကချင်ပြည်နယ် ဖားကန့်လမ်းမပေါ် ဆိုင်းဖရာကျေးရွာတွင် ဧပြီ ၁၈ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စီးနင်းပြီး ဒေသခံ အရပ်သား ၃၀ ခန့်ကို လူသားဒိုင်းကာအနေဖြင့် ဖမ်းဆီးခေါ်ဆောင်ထားသည်ဟု သိရသည်။
ထိုနေ့ နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် နန့်ယားစစ်တပ်မှ စစ်အင်အား ၃၀ ဝန်းကျင်ပါသော စစ်ကြောင်းသည် ဆိုင်းဖရာကျေးရွာသို့ ဝင်ရောက်လာခဲ့ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးကာ ဒေသခံအရောက် ၅၀ ခန့်ကို ဖမ်းဆီးသွားပြီး ကလေးမိခင်တွေနှင့် သက်ကြီးရွယ်အို ပိုင်းတွေကို ပြန်လွှတ်ပေးခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကို ပြောသည်။
“မနက် ၅ နာရီလောက်မှာပဲ ရွာမှာရှိတဲ့ မိန်းကလေး ယောင်္ကျားလေး အကုန်ဖမ်းသွားတယ်။ တစ်အိမ်ဝင်တစ်အိမ်ထွက် ပြီးဖမ်းတာ။ တစ်ရွာလုံးဆိုတော့ ရာကျော်ရှိတယ်။ အခုချိန်အထိ ဘယ်ကို ခေါ်သွားတယ်လို့ ပြောရခက်တယ်။ အဆက်အသွယ်လည်းမရှိဘူး။ သူတို့ကိုင်တဲ့ ဖုန်းတွေလည်း အကုန်သိမ်းယူပေးလိုက်ကြတယ်ဆိုတော့ အဆက်အသွယ်တွေ မရကြတော့ဘူး။ ဖမ်းခံရတဲ့သူတွေထဲမှာ အမျိုးသမီးတွေ ပိုများတယ်။ တစ်ချို့ကလေးငယ်ပါတဲ့သူတွေကိုတော့ ပြန်လွတ်လာတယ်လို့တော့ကြားတယ်။ ဒါပေမယ့် သေချာမသိရသေးဘူး” ဟု ပြောသည်။
ဆိုင်းဖရာကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့စိုးမိုးထားသော ကျေးရွာဖြစ်သည်ဟု စွပ်စွဲကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး တစ်ရွာလုံးအသက်လု ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် လက်ရှိအခြေအနေတွင် ဖမ်းဆီးခံရသူများနှင့် ထွက်ပြေးနေရသူများ၏ အခြေအနေကို အသေးစိတ်မသိရသေးကြောင်း ဆိုသည်။
“ကျနော်တောင်မှ အရမ်းဝင်ဖမ်းနေလို့ခဏ ရှောင်ပြေးတာကို နောက်ကနေ သေနတ်နဲ့လှမ်းပစ်ခံရတာ ထိဖို့နည်းနည်းပဲ လိုတယ်။ ပြီးရင် ဒီမနက် သူတို့ဝင်လာတဲ့အချိန်မှာ ရွာကိုမီးရှို့ဖို့လုပ်နေကြတယ် ဒါပေမယ့် အခုချိန်ထိတော့ မရှို့သေးဘူး။ အဓိကတော့ ဒီရွာကို KIA က ညွန်ကြားပြီးတော့ အုပ်ချုပ်နေတဲ့ ရွာဖြစ်တယ်ဆိုပြီး ဝင်လုပ်နေတဲ့သဘောမှာရှိနေတယ်” ဟု ပြောသည်။
ထိုသို့ ဆိုင်းဖရာကျေးရွာတွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နံနက်ပိုင်း ၉ နာရီခွဲခန့်တွင် ဆိုင်းဖရာကျေးရွာမှ စစ်ကောင်စီ စစ်သားတစ်ချို့ နန့်ယားကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားချိန် ဂတ်နွယ် (ပျားအုံ) ရွာထိပ်အရောက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ စောင့်ကြိုတိုက်ခိုက်ခဲ့သောကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။
ထို တိုက်ပွဲကြောင့် ခွမ်ဆိုင်ဇွပ်၊ တံတားညီနောင်၊ ပျားအုံ စသည့်ကျေးရွာပြည်သူအများအပြားလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဖားကန့် KIA တပ်မဟာ ၉ ဒေသ အနန့်ပါကို စစ်ကောင်စီတပ်မှ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးနောက် တစ်ဆက်တည်း ဖားကန့်မြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းကာ ဒေသခံများကို အစုပြုံလိုက် ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
ဧပြီ ၁၈ရက် နံနက်ပိုင်းက ဆိုင်းဖရာကျေးရွာသို့ ဝင်စီးခဲ့သော စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၁၂ ရက်နေ့ နောက်ပိုင်း မိုးကောင်းမြို့နယ်ဘက်မှ စစ်အင်အား ၈၀ ခန့်ဖြင့် နန့်ယားစစ်တပ်ဂိတ်တွင် အားဖြည့်ထားသော စစ်ကြောင်းများဖြစ်သည်ဟု သိရသည်။
နမ့်ယာစစ်တပ်ဂိတ်သည် ဖားကန့်သို့သွားလာရသော လမ်းကြောင်းပေါ်တွင် တည်ရှိပြီး ခရီးသွားများကို စစ်ဆေးခြင်း၊ ဖားကန့်သို့ တင်ပို့မည့် ဆန်နှင့် စက်သုံးဆီများကို ကန့်သတ်ပိတ်ပင်နေသော စစ်ဆေးမှု ပြင်းထည်သည့် ဂိတ်တစ်ခုဖြစ်ကြောင်း ဒေသခံများနှင့် ခရီးသွားများ ပြောဆိုနေကြပါသည်။
KNG – ပေးပို့သည်။

