ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်း စစ်တပ်က လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။
မိုးညှင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာထဲသို့ ဧပြီလ ၁၀ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်တွင် စစ်တပ်က လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ဒေသခံတစ်ဦးက “ထိတဲ့ကလေးကို အခုက မြစ်ကြီးနားကို လွှဲလိုက်ပြီ။ ထိတာက ညာဘက်က ပေါင်မှာထိတယ်။ ဘယ်ဘက်ကတော့ ခြေသလုံးမှာမှန်တယ်။ သူ့အသက်က ၁၆ နှစ်ပါ့။ နေကြာသွားကောက်ရင်းနဲ့ မှန် တယ်။ နေကြာခင်းထဲ မိုင်းကျတာ၊ အဲ့ဒါ အစမှန်တဲ့သဘောပေ့ါ။ ဒီတိုင်းဘာမှ မဖြစ်ပဲ ပစ်သွားတဲ့သဘောပေါ့။ သူ့အဖေနာမည်က ဦးစိုးမြင့်တဲ့။ အခုထိတဲ့ကောင်လေးနာမည်က ကြယ်စင်အောင်တဲ့” ဟု ပြောသည်။
မိုးညှင်းမြို့နယ်အတွင်းရှိ စာထား၊ နန့်လှိုင်ကျေးရွာမှ စစ်ကောင်စီတပ်က လက်နက်ကြီးဆင်၍ ပစ်ခတ်ခဲ့သောကြောင့် ညောင်ကုန်းကျေးရွာရှိ နေကြာခင်းထဲသို့ ကျရောက်ပေါက်ကွဲရာမှ မောင်ကြယ်စင်အောင် ဆိုသူ ထိမှန် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။
လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည့် မောင်ကြယ်စင်အောင်အား မိုးညှင်းဆေးရုံမှ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ထားရသည်ဟုလည်း ဒေသခံများက ပြောသည်။
မိုးညှင်းမြို့နယ်အတွင်း တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဝင်ရောက် လှုပ်ရှားလျှက်ရှိသည့်အပြင် လက်နက်ကြီးကျည်များဖြင့် ရမ်းသန်းပစ်ခတ်နေသေကြောင့် ဒေသခံများက စိုးရိမ်နေကြသည်။
မိုးညှင်းဒေသခံ လူငယ်တစ်ဦးက “စစ်သားတွေက ရှိတာကတော့ ညောင်ကုန်းထိပ်မှာလည်းရှိတယ်။ အထွက်ရော အဝင်ရော စစ်နေတာလည်း ရှိတယ်။ နောက်ပြီး ဘုန်းကြီးကျောင်းတွေထဲလည်း နေထားတယ်” ဟု ပြောသည်။
မိုးညှင်းမြို့နယ်နှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ စစ်ရေးလှုပ်ရှားနေပြီး မကြာခဏလည်း ပစ်ခတ်မှုများ ဖြစ်ပွားလျှက်ရှိသည်။
ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ကြသည့် ဒေသခံပြည်သူများနှင့် CDM လှုပ်ရှားမှုတွေ ပါဝင်ကြသူများကို စစ်ကောင်စီလက်အောက်ခံ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခြင်းများရှိခဲ့သည်။
မတ်လ ၂၆ ရက်နေ့က မိုးညှင်းမြို့တွင် CDM ဝန်ထမ်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးနှိပ်စက်နေသည့် စစ်ဘက်ရေးရာ ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ဦးလမင်းထွန်းဆိုသူ အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။
NMG – ပေးပို့သည်။