ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်နယ်ကို လက်တွေ့ကျင့်သုံးမည်ဖြစ်ကြောင်း KSCC ပြောဆို

0
323

ဖက်ဒရယ်ကို အခြေခံပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် အုပ်ချုပ်ရေးစနစ်မျိုးကို တော်လှန်ရေးကာလအတွင်း ကရင်နီပြည်နယ်ထဲ ကျင့်သုံးနိုင်အောင် လုပ်ဆောင်သွားမည်ဟု ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC က ပြောဆိုလိုက်သည်။

ကရင်နီပြည်နယ်အတွင်း အုပ်ချုပ်ရေးကဏ္ဍအပြင် တရားစီရင်ရေးနဲ့ ဖက်ဒရယ်ကို အခြေခံပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် အုပ်ချုပ်ရေးစနစ်မျိုးကို ယခုတော်လှန်ရေးကာအတွင်း ကျင့်သုံးသွားနိုင်ရေး လုပ်ဆောင်နေသည်ဟု KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြောသည်။

“ကျနော်တို့ အုပ်ချုပ်ရေးကို ဒီလိုလုပ်နေရုံတင် မကဘူး နောက်တစ်ခုက တရားစီရင်ရေး လုပ်ငန်းတွေကို လည်း ကျနော်တို့ စတင်လုပ်ဆောင်နေတာရှိပါပြီ။ ကျနော်တို့အနေနဲ့ ဒီလိုမျိုးပေါ့နော။ အုပ်ချုပ်ရေး ဥပဒေ ပြုရေး တရားစီရင်ရေးကို ကျနော်တို့ မကြာခင်မှာပေါ့ ကျနော်တို့ အတည့်အလင်း ကြေညာပြီးတော့မှ ကျနော် တို့ရဲ့ ဖက်ဒရယ် Concept အရပေါ့နော ကျနော်တို့ ပြည်နယ်ရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို ကျနော်တို့ အပြည့်အဝ ကျင့်သုံးနိုင်အောင် ကျနော်တို့ ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

မတ်လ ၉ ရက်နေ့က ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ KSCC ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် မိန့်ခွန်းထဲတွင် KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC ၏ အဓိက နိုင်ငံရေး ဦးတည်ချက် ၄ ရပ်မှာ စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနှင့် အမျိုးသားတန်းတူရေး၊ တရားမျှတရေး ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ အာမခံပေးနိုင်သည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ ပေါ်ပေါက်လာရေးနှင့် ပြည်နယ်အတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အပြည့်အဝ ကျင့်သုံးဖော်ဆောင်နိုင်ရေးတို့ ဖြစ် သည်ဟု ပြောသည်။

ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် KSCC အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်နေမှုများ ရှိသည်ဟု ဆိုသည်။

KSCC က ဖက်ဒရယ်ကို အခြေခံပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် အုပ်ချုပ်ရေးစနစ်မျိုးကို တော်လှန်ရေးကာလအတွင်း ကရင်နီပြည်နယ်ထဲ ကျင့်သုံးနိုင်ရေး လုပ်ဆောင်နေပြီး အာဏာသိမ်းထားသည့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများက အဖက်ဖက်တွင် ပြိုလဲပျက်စီးလာနေသည်ဟု KSCC က ပြောသည်။

“စစ်အာဏာရှင်ဟာ တပ်တွင်းမှာ ဖွဲ့စည်းပုံတွေ ပျက်ပြား နေတယ်ဆိုတာကို ကျနော်တို့ ပြည်နယ်အတွင်းမှာ ကျနော်တို့ အင်အားစုတွေနဲ့ ဖြစ်တဲ့တိုက်ပွဲတွေမှာ ကျနော်တို့ ကြည့်လို့ရှိရင် မြင်နိုင်ပါ တယ်။ ကျနော်တို့ ကရင် နီပြည်နယ်မှာ အကြမ်းဖက် စစ်တပ်က အုပ်ချုပ်ရေး ဥပဒေပြုရေး၊ တရားစီရင်ရေး လုပ်ငန်းတွေကို ဘာတစ်ခု မှ လုပ်ကိုင်ဆောင်ရွက်နိုင်တော့တာ မရှိပါဘူး။ စစ်တပ်စခန်းတွေကို အခြေပြုပြီး လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ကျနော်တို့ လက်နက်ကိုင် အင်အားစုအားလုံး နိုင်ငံရေးအင်အားစုတွေအားလုံး ပြည်သူလူထုတစ်ရပ်လုံးက ဒီ အချိန်မှာ ကျနော်တို့ ဟန်ချက်ညီညီနဲ့ တွန်းလှန်ကြမယ်ဆိုရင် ကျနော်တို့ အောင်ပွဲကို အမြန်ဆုံးရောက်ရှိမယ် လို့ ကျနော်အနေနဲ့ ယုံကြည်ပါတယ်။”

ထို့ကြောင့် လက်ရှိအခြေအနေများအောက်တွင် သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများဖက်က စည်းလုံးညီ ညွတ်စွာနှင့် အာဏာရှင်စနစ်ကို အဆုံးသတ်ရန်အတွက် အချိန်ကောင်းဖြစ်သည်ဟုလည်း KSCC က ဆိုသည်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က ကရင်နီပြည် အတွင်းရှိ ၂၀၂၀ ခုနှစ် ရွေးကောက်ခံ အမတ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူငယ်နှင့် အမျိုးသမီး အဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ စသည့် အစုအဖွဲ့ ၅ စုက စုစုပေါင်း အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် ၃၇ ယောက်နှင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖွဲ့စည်းပြီးနောက် KSCC ၏ ပထမအကြိမ် ညီလာခံကိုလည်း ၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၇ ရက်နေ့မှ ၂၀ ရက် နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ညီလာခံတွင် ကြားကာလအစီအမံအရ လုပ်ငန်းလုပ်ဆောင်ရာတွင် ပိုမိုထိရောက်နိုင်ရန်အတွက် အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်များကို မဲစနစ်နှင့် ရွေးချယ်ကာ ပြန်လည်ဖွဲ့စည်းခဲ့သည်ဟု KSCC က ဆိုသည်။

လက်ရှိ KSCC တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များ၊ ကရင်နီပြည်တွင်းရှိ လူငယ် အဖွဲ့အစည်း ၇ ဖွဲ့၊ ကရင်နီ အရပ်ဖက်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် ကရင်နီ အမျိုးသမီး အဖွဲ့အစည်း ၄ ဖွဲ့ တို့ပါဝင်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here