မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးလေးအလယ်ကျေးရွာတွင် ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲဝန်းကျင်အချိန်ခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
အဆိုပါ တိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့လည်းရှိကြောင်း ဒေသခံတို့က ပြောသည်။
ထိုတိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်တို့က အလူးလေးအလယ်ကျေးရွာရှိ ဦးသေးသေးနေအိမ်၊ ဦးစိုးနေအိမ်နှင့် ဦးသာလိနေအိမ် စသည့် နေအိမ် ၃ လုံးကို မီးရှို့လိုက်သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်သည် အလူးအရှေ့ရွာဘက်သို့ ကျရောက်ပေါက်ကွဲပြီး ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ မနက် (ဧပြီ ၁၂ ရက်) က တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ညနေပိုင်းတွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်တို့က ထပ်မံစစ်ကြောင်းထိုးဝင်ရောက်လာသည့်အပြင် ညပိုင်းတွင် လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေခြင်း၊ ရဟတ်လည်း ပျံသန်းနေသည့်အတွက်ကြောင့် ဒေသခံများ စိုးရိမ်ထိန့်လန့် နေကြသည်။
ထိုသို့သောအခြေအနေကြောင့် တိမ်းရှောင်နေကြရသူများ ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးပဲ အခြေအနေစောင့်ကြည့်နေကြကြောင်း ဒေသခံများ၏ပြောကြားချက်များ အရ သိရသည်။
IMNA – ပေးပို့သည်။

