တစ်နှစ်အတွင်း အကြမ်းဖက်မှု (၂၁) ခုမှ ကျူးလွန်ခံရသူများအား ကူညီဆောင်ရွက်ခဲ့ကြောင်း ကယန်းအမျိုးသမီးအစည်းအရုံးဆို

0
333

ကရင်နီပြည်နယ်တွင်း ၂၀၂၂ ခုနှစ် မတ်လကနေ ၂၀၂၃ ခုနှစ် မတ်လထိ တစ်နှစ်အတွင်း အကြမ်းဖက်မှု (၂၁) ခုမှ ကျူးလွန်ခံရသူနှင့် နစ်နာသူများအား ကူညီဆောင်ရွက်ခဲ့ကြောင်း ကယန်းအမျိုးသမီးအစည်းအရုံး၏ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကာကွယ်တားဆီးရေးလုပ်ငန်းစဉ် တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ အကြမ်းဖက်မှုတွေထဲတွင် အိမ်တွင်းအကြမ်းဖက်မှု (၃) မှု၊ မုဒိမ်းမှု (၂) မှု၊ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက် ရောက်နှောက်ယှက်စော်ကားမှု (၂) ခု၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်စော်ကားမှု(အွန်လိုင်း) (၁) ခု၊ အိမ်ထောင် ရေးဖောက်ပြန်မှု (၂) ခု၊ အဓမ္မပြုရန်ကြံရွယ်မှု (၁) ခု၊ သက်ငယ်မုဒိမ်းမှု (၅) ခု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၂) ခု၊ လင်မယားကွာရှင်းလိုမှု (၂) ခုနဲ့ လိမ်လည်ကာမရယူမှု (၁) ခု စုစုပေါင်း အကြမ်းဖက်မှု (၂၁) ခု ပါဝင်ကြောင်း သိရသည်။

ကယန်းအမျိုးသမီးအစည်းအရုံး၏ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်တာဝန်ခံက ”ကျမတို့ အဖွဲ့အစည်းအနေနဲ့က ကျူးလွန်ခံရတဲ့သူ၊ နစ်နာတဲ့သူကိုပေါ့နော်။ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး မှုတွေ ပေးတဲ့ဟာပေါ့နော်။ အဲ့ဒါရှိတယ်။ နောက်တစ်ခုကတော့ အရေးပေါ်လိုအပ်တဲ့ အထောက်အပံ့တွေ ပေးတာတွေရှိတယ်။ ပြီးတော့မှ အမှုလွှဲပြောင်းတဲ့ ကိစ္စတွေပေါ့နော် ကူညီပေးတာရှိတယ်။ ပြီးရင်တော့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေ ပေးတာရှိတယ်။ ပြီးရင်တော့ တရားရုံးတွေမှာ တရားရင်ဆိုင်တဲ့ ဟာပေါ့နော်။ သူတို့ တရားရင်ဆိုင်တဲ့ ကာလပေါ့နော်။ သူတို့ လိုအပ်တဲ့ ခရီးစရိတ်သော်လည်းကောင်း၊ စားစရိတ်သော် လည်းကောင်း ကူညီထောက်ပံ့ပေးတဲ့ဟာမျိုးတွေ လုပ်တာရှိတယ်” ဟု ပြောသည်။

ဒါတွေအပြင် ကျေးရွာ၊ ဒေသ၊ အုပ်စု၊ မြို့နယ်နှင့် ခရိုင်အဆင့်အထိ ညှိနှိုင်းဖြေရှင်းကူညီပေးခြင်းရှိပြီး ရှေ့နေများဖြင့်ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းကပြောသည်။

အဆိုပါ အကြမ်းဖက်မှုများအတွက် ကူညီဆောင်ရွက်မှုများကို ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ သံတောင်ကြီးမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဆီဆိုင်မြို့နယ်နဲ့ ပျဉ်းမနားမြို့နယ်များတွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အခုလို အကြမ်းဖက်မှုများကို ဒေသအဆင့် ဖြေရှင်းသည့်အခါ အချို့ဆုံးဖြတ်ချက်များက နစ်နာသည့် သူများက ပိုနစ်တာမျိုး ကြုံတွေ့ရသလို ဓလေ့နှင့် ဖြေရှင်းခြင်းများရှိသည့်အတွက်လည်း အဆင်မပြေမှုများ ကြုံတွေ့ခဲ့ရကြောင်း ဆိုသည်။

”ဒီအကြမ်းဖက်မှုတွေက နေရာတိုင်းမှာ ဖြစ်နေတယ်ဆိုပေမယ့် ဖြစ်နေတဲ့ နေရာဒေသတွေမှာက ဒီအကြမ်းဖက်မှု တွေကို ဒါက အရေးကြီးဖြေရှင်းရမယ့် ကိစ္စဆိုတဲ့ဟာမျိုးတွေ ထည့်တွက် စဉ်းစားပြီးတော့ လုပ်ဆောင်ပေးတဲ့ အရာတွေ၊ ယန္တာရားဆောင်ရွက်ပေးတဲ့ ဟာမျိုးတွေက မရှိဘူးပေါ့နော်။ ရှိတဲ့နေရာကျတော့လည်း အရမ်းကို အားနည်းနေတဲ့ဟာမျိုးတွေရှိတယ်။ တချို့နေရာကျတော့ ညှိနှိုင်းဖြေရှင်းပေးတဲ့ ကိစ္စတွေ မျိုးဆိုလို့ရှိရင် ရှိတယ် ပေါ့နော်။ သို့သော်ငြားလည်း ဒီကိစ္စတွေကို မျှမျှတတဖြစ်စေတဲ့ ဆောင်ရွက်မှုမျိုးတွေ မဟုတ်ပြန်ဘူးပေါ့နော်။ အဲ့လိုမျိုးတွေ ဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ အဲ့လိုမျိုး အကြမ်းဖက်မှုကို ကာကွယ်ပေးတဲ့ ယန္တာရားတွေ၊ ဆောင်ရွက်ပေးတဲ့ ဟာမျိုးတွေ မရှိတဲ့အတွက်ကြောင့်ပေါ့နော်။ ကျူးလွန်တဲ့သူတွေက ဒီနိုင်ငံရေးအပေါ်မှာ သော်လည်းကောင်းပေါ့နော်။ အခွင့်ကောင်းတွေ ယူပြီးတော့မှ ဥပဒေတွေက မရှိဘူး၊ လုပ်ချင်သလို လုပ်လို့ရ တယ် ဆိုပြီးတော့မှ အရေးယူဆောင်ရွက်ပေးတာမျိုးတွေ မရှိတဲ့အတွက်ပေါ့နော်။ လုပ်ချင်သလိုလုပ် လို့ရတယ် ဆိုပြီးတော့မှ အခွင့်ကောင်းယူပြီး ပိုပြီးကျူးလွန်လာတယ်ဆိုတဲ့ အနေအထားတွေ ကျမတို့ ပိုပြီးတွေ့ရတာပေါ့နော်။ ” ဟု ၄င်းက ဆက်ပြောသည်။

ဒါ့ကြောင့် အကြမ်းဖက်မှုများကို ကာကွယ်တားဆီးနိုင်ခြင်းနှင့် တရားမျှတမှုရရှိနိုင်ရန် အရေးပေါ်အစီအမံအနေဖြင့် တရားရေးယန္တာရားများကို အမြန်ဆုံးဆောင်ရွက်ပေးရန်၊ အကြမ်းဖက်မှုဖြစ်ပွားပါက မျှတသောနည်းလမ်းများဖြင့် ဖြေရှင်းပေးနိုင်မည့် အစီအမံယန္တာရားများကို လုပ်ဆောင်ပေးခြင်းအပြင် ဥပဒေအကာအကွယ် ရရှိစေရန် အရေးကြီး၊ အရေးပေါ် အစီအမံများ ဆောင်ရွက်ပေးရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် ကြားကာလ တာဝန်ရှိအစိုးရများကို တိုက်တွန်းတောင်းဆိုထားကြောင်း သိရသည်။

ကယန်းအမျိုးသမီးအစည်းအရုံးဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here