စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည် စစ်မြေပြင်ကယ်ဆယ်လုပ်ဆောင်သည့် ဆေးအဖွဲ့မှ (၂) ဦး သေဆုံးခဲ့ရ

0
380

ကရင်နီပြည် ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ဧပြီလ (၇) ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရေးပေါ်ကယ်ဆယ်ရေးဆေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ (၂) ဦး ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ကျန်းမာရေးကော်မတီက (ဧပြီ ၁၁ ရက်နေ့) မှာ သတင်းထုတ်ပြန်ပါတယ်။

ကျဆုံးသွားခဲ့ရတဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် (၂) ဦးကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း KSCC ရဲ့ ကျန်းမာရေးကော်မတီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကျဆုံးသွားတဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် ၂ ဦးရဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ KSCC ရဲ့ ‌တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် အသေးစိတ်ကို လတ်တလောမှာ ဖြေကြားလို့ အဆင်မပြေနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်ရေးအရှိန်မြင့် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲပြင်းထန်မှုတွေမှာ စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန် အသုံးပြုနေတာဖြစ်ပါတယ်။

မတ်လတစ်လအတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅ဦး သေဆုံးခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဧပြီ (၃) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မတ်လအတွင်းမှာ ကရင်နီပြည်တွင်းရှိမြို့နယ်များသို့ ရဟတ်ယာဉ်ဖြင့် ဖြတ်ကျော်ပျံသန်းမှု အကြိမ်ရေ (၅၂) ကြိမ်နဲ့အထက် ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here