စစ်ကောင်စီ ဖျက်သိမ်းခဲ့သည့် ရခိုင်ဒေသက နိုင်ငံရေးပါတီတွေ ဘာဆက်လုပ်ကြမလဲ
စစ်ကောင်စီ ကျင်းပမည့်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်မှ ပါတီ ၆ ခု မှတ်ပုံတင်ထားပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီတို့မှာ ဖျက်သိမ်းခံလိုက်ရသည်။ ဖျက်သိမ်းခံရသောပါတီများမှာ ပါတီရည်တည်ချက်အတိုင်း စစ်ကောင်စီကို ဆန့်ကျင်ပြီး မှတ်ပုံမတင်ခြင်းရှိသလို စစ်ကောင်စီက ပြဌာန်းလိုက်သည့် ပါတီမှတ်ပုံတင်ခြင်းဥပဒေ၏ စည်းကမ်းချက်ကြောင့် အဆင်မပြေဖြစ်ခဲ့ရမှုများလည်း ရှိသည်။
ထို့ကြောင့် ဖျက်သိမ်းခံလိုက်ရသော ရခိုင်အခြေစိုက် နိုင်ငံရေးပါတီများအနေဖြင့် မည်သို့ဆက်လက် ရည်တည်သွားမည်လဲ အကြောင်းကို ပါတီတာဝန်ရှိသူများကို မေးမြန်းပြီး စုစည်း တင်ဆက်ပေးထားသည်။

ဦးမြတ်ထွန်း – ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)
ဖွဲ့စည်းပုံအခန်းကဏ္ဍတစ်ခုမှာတောင် အာဏာရှင်မပေါ်ပေါက်ရေးဆိုပြီးတော့ ပါတယ်။ ဆိုတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက် ကျနော်တို့က သူတို့ကို အာဏာရှင်လို့ သတ်မှတ်တယ်။ အတင်းအဓမ္မ သိမ်းပိုက်လိုက်တာ။ အဲဒါကြောင့် မည်သည့် အာဏာရှင်နဲ့မျှ ကျနော်တို့က မပူးပေါင်းဘူးဆိုပြီး အရင်ကတည်းကနေ အင်တာဗျူးတွေမှာ ပြောဆိုထားတယ်။ ဆိုတော့ အခုက ပါတီကို ဖျက်သိမ်းတယ် ဆိုပြီး မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်လာတယ်။ အဲဒီထဲမှာ ကျနော်တို့ အပါအဝင် ပါတီပေါင်း ၄၀ ဖျက်သိမ်းခံရတယ်။
ဒါပေမယ့် ကျနော်တို့က အထွေအထူး ပြောစရာမရှိဘူး။ ဘာလို့လဲဆိုရင် ကျနော်တို့ ပါတီဟာ ၁၉၉၀ ခုနှစ်ကလည်း တစ်ခါဖျက်သိမ်းခံရဖူးတယ်။ ပါတီဖျက်သိမ်းခံရပေမဲ့လည်း ပါတီဝင်တွေ စုစည်းပြီး မြို့နယ်အလိုက် လုပ်စရာရှိတာတွေကို ဆက်လို့လုပ်တယ်။ အဲဒါကြောင့် ဖျက်သိမ်းခံလိုက်ရရင်လည်း ကြောက်စရာလည်းမလို စိတ်ညစ်စရာလည်း မလိုဘူး။ အာဏာရှင် ဖြစ်တာကြောင့် လုပ်ချင်လို့ လုပ်တာပဲ မြင်တယ်။
ကျနော်တို့ဘက်ကတော့ ရခိုင်အမျိုးသားရေးအတွက် ပညာရေး၊ လူမှုရေး၊ စစ်ဘေးဒုက္ခသည်အရေး၊ သဘာဝဘေးဒဏ်တွေကြောင့် ကျရောက်သွားတဲ့ ဒုက္ခသည်အရေးကို အမြဲတမ်း ကူညီဆောင်ရွက်သွားဖို့ ရှိပါတယ်။
လုပ်ပိုင်ခွင့်တွေက ပါတီရှိတဲ့အချိန်ကလည်း ဒီအတိုင်းပဲ ပါတီမရှိတဲ့အချိန်မှာလည်း ဒီအတိုင်းပါပဲ။ ပါတီရှိတုန်းက ပါတီနဲ့ပတ်သက်လို့ စစ်ကောင်စီက ကျနော်တို့ကို လုပ်ပိုင်ခွင့်တွေ မပေးခဲ့ဘူး။ ကန့်ကွက်၊ နှောင့်ယှက်ခဲ့တာပဲ ရှိတယ်။ ဒါပေမယ့် အခက်အခဲပေါင်းများစွာကြားထဲက ပြည်သူအတွက် လုပ်ပေးခဲ့တာတွေ ရှိတယ်။ အဲဒါကြောင့် ပါတီကို ဖျက်သိမ်းရင်လည်း ဘာမှမဖြစ်ဘူး။

ဦးအောင်ကျော်ဇော – ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ (DNDP)
ပါတီ ဖျက်သိမ်းခံလိုက်ရတော့ စိတ်မကောင်းဖြစ်မိတယ်။ သူတို့က ဖျက်သိမ်းနိုင်လို့ ဖျက်သိမ်းတာကို ကျနော်တို့က ဘာမှမတတ်နိုင်ဘူး။ စိတ်မကောင်းတာက လွဲပြီးတော့ ထူးထူးခြားခြားလည်း ကျနော်တို့ မပြောချင်တော့ဘူး။
ပါတီ ဖျက်သိမ်းခံလိုက်ရပေမယ့် ကျနော်တို့တတ်နိုင်တဲ့ဘက်က ကျနော်တို့လူမျိုး အကျိုးစီးပွားအတွက် လုပ်ဆောင်ပေးသွားမယ်။ ကျနော်တို့ ဒိုင်းနက်လူမျိုးတွေရဲ့ ဖိနှိပ်ခံရမှုအခက်အခဲတွေ၊ လူမျိုးတွေကြားမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲမျိုးစုံကို အောက်ခြေကနေတင်ပြလာတဲ့အခါ ပြည်သူတွေသိအောင် ရတဲ့နည်းနဲ့လုပ်ဆောင်သွားမယ်။
ကျနော်တို့မှာ ပါတီရှိတုန်းကလည်း ဘာအခွင့်အရေးမှ မရခဲ့ဘူး။ ဘာတစ်ခုမှ ထူးခြားခဲ့တာ မရှိခဲ့ဘူး။ ဒါပေမယ့် ပါတီရှိတုန်းကတော့ ကျနော်တို့မှာ ကိစ္စတစ်ခုခု ဖြစ်လာရင် အသိမှတ်ပြု ထုတ်ပြန်ချက်တွေ တရားဝင်ထုတ်လို့ရတယ်။ အခု ပါတီ မရှိတော့ ထုတ်ပြန်ချက်တွေ ထုတ်လို့မရတော့ဘူး အဲဒီလောက်ပဲ ကွာခြားတယ်။

ဦးတင်ငွေ – ကမန်အမျိုးသားတိုးတက်ရေးပါတီ (KNPP)
နိုင်ငံရေးအခန်းကဏ္ဍဆိုတာက အားလုံး ပူးပေါင်းဆောင်ရွက်နိုင်ရင်တော့ အကောင်းအဆုံးပေါ့။ သို့သော်လည်း ရွေးကောက်ပွဲအတွက် နည်းဥပဒေပြဋ္ဌာန်းချက်တွေ အသစ်ထွက်ပေါ်လာတဲ့ အခါမှာတော့ အဲဒီဥပဒေက ရွေးကောက်ပွဲဝင်ဖို့နဲ့ ပါတီတစ်ခုရပ်တည်ဖို့ အခက်အခဲအများကြီး ဖြစ်သွားတယ်။
အဲဒီအပေါ်မှာ လူမျိုးစုအားလုံးပါဝင်နိုင်ခွင့်မရှိ ဖြစ်သွားတော့ စိတ်မကောင်းဖြစ်ရတယ်။ ပါတီမရှိတော့ဘူးဆိုတော့ ကျနော်တို့က အမျိုးသားအကျိုးစီးပွားအတွက် တခြားတိုင်းရင်းသားနဲ့ ပူးပေါင်းပြီး ကိုယ့်လူမျိုးစုရဲ့ အခွင့်အရေး၊ ရခိုင်ပြည်အရေးအတွက် ရတဲ့နေရာကနေ အတတ်နိုင်ဆုံး လုပ်ဆောင်သွားဖို့တော့ ရှိပါတယ်။ ကျနော်တို့ဟာ လူနည်းစုပါတီဖြစ်တာကြောင့် အရင် ပါတီရှိခဲ့တုန်းကလည်း ကြီးကြီးမားမား အခွင့်အရေး၊ လုပ်ပိုင်ခွင့်တွေ မရရှိခဲ့ဘူး။
ဒါပေမဲ့ ကျနော်တို့ဟာ မျိုးနွယ်စုပါတီတစ်ခုဖြစ်တာကြောင့် ကျနော်တို့အခက်အခဲတွေကို ကျော်လွှားဖို့အတွက် တင်ပြခွင့်ရခဲ့တယ်။ ဒီလောက်ပဲ ရှိခဲ့တယ်။ အခုအချိန်မှာ ပါတီမရှိတော့ဘူး ဆိုပေမယ့်လည်း ကျနော်တို့ လူမျိုးစုတွေရဲ့ အခွင့်အရေးကို နည်းမျိုးစုံနဲ့ တင်ပြရမယ်။ သာရေး၊ နာရေးအဖွဲ့တွေ ရှိခဲ့တယ်။ ဆိုတော့ ကျနော်တို့ဟာ CSO ပုံစံမျိုးနဲ့ လုပ်ဆောင်ရမယ်ပေါ့။ ဒါပေမယ့် နိုင်ငံရေးအရ လူမျိုးစုပါတီအားလုံး ရပ်တည်နိုင်ရင်တော့ ပိုကောင်းတာပေါ့။
အောင်ထိန် (DMG) ပေးပို့သည်။