KBC ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ထောင်ဒဏ် ၆ နှစ်ချမှတ်

0
308

စစ်ကောင်စီကနေ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ယနေ့ ဧပြီလ ၇ ရက်နေ့က ထောင်ဒဏ် (၆) နှစ်ချမှတ်ခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရှိရသည်။

သူ့အား ပုဒ်မ ၁၇ (၁) အတွက် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၅၀၅ (က) အတွက် ထောင်ဒဏ် ၁ နှစ်နှင့် ပုဒ်မ ၅၂ (က) အတွက် ထောင်ဒဏ် ၃ နှစ်တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း မြစ်ကြီးနား တရားရုံးမှ စုံစမ်းသိရှိရသည်။

“ကြည့်လိုက်လေ တပ်ထားတဲ့ ပြစ်မှုတွေကလည်း၊ ဒါမတရားသက်သက် အကြောင်းပြပြီး ထောင်ချတဲ့ သဘောပါပဲ။ ဘာမှ မပြောလိုတော့ပါဘူး။ သူတို့အချိန်ဆိုတော့ သူတို့လုပ်ချင်သလို လုပ်တာလို့ပဲ မြင်တယ်” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ထောင်ချခံမှုနှင့်ပတ်သက်ပြီး နိရဉ္စရာ သတင်းဌာနကို မှတ်ချက်ပြု ပြောဆိုသည်။

ဒေါက်တာခလမ်ဆမ်ဆွန်သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့က ထိုင်းနိုင်ငံသို့ ဆေးသွားရောက်ကုသရန်အတွက် မန္တလေးလေဆိပ်သို့ ရောက်ရှိနေစဉ် စစ်ကောင်စီ၏ ဖမ်ဆီးထိန်းသိမ်းခဲ့ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

၎င်းကို စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးသူအောင်ဇော်က တရားလိုပြုလုပ်ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော်အကြည်ညိုပျက်စမှေု ပုဒ်မ ၅၀၅ – က တို့ဖြင့် တရားစွဲဆိုထားခံခဲ့ရခြင်းဖြစ်သည်။

ထိုအပြင် မတ်လ ၁၄ ရက်နေ့တွင် အကြမ်းဖက်တိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၂ (က) တို့ဖြင့် ထပ်တိုး တရားစွဲဆိုခြင်းကိုလည်း ခံခဲ့ရကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလပိုင်းတွင်းက KIO/ KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့အား သွားရောက်တွေ့ဆုံခဲ့သည့်အတွက် ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ကြောင်း ရှေနေ့များက ပြောသည်။

ပုဒ်မ ၅၀၅ – က ဖြင့် တရားစွဲဆိုခံရခြင်းသည် အာရှနိုင်ငံအတွင်က လူငယ်ဆွေးနွေးပွဲတစ်ခုတွင် ခရစ္စတော်၌ နိုင်ငံတော်ကို တည်ထောင်ကြပါစို့ဟု သုံးနှုန်းခဲ့မိသည့်အတွက်ဟု သိရှိရပြီး ပုဒ်မ ၅၂ (က)သည် NUG ယာယီ သမ္မတ ဒူဝါလရှီလအပါအဝင် ဒေါက်တာတူးခေါင်၊ ဒေါ်ဂျာထွယ်ပန်တို့အား သွားရောက်တွေ့ဆုံခဲ့မှုကြောင့်ဟု သိရှိရသည်။

ဌေးဌေးအောင်(နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here