စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သံတောင်မြို့နယ်အတွင်း ဒေသခံ (၁) ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရ

0
653

သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာတွင် ဧပြီလ (၆) ရက်နေ့ညပိုင်းက (၇) မိုင် စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ (၁)ဦးသေဆုံးပြီး (၅)ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

အဆိုပါကျေးရွာအနီးအနားတွင် ထိုနေ့ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်သော လက်နက်ကြီး (၄) လုံး ကျရောက်ပေါက်ကွဲ၍ ဒေသခံအဘွားအိုတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ (၅) ဦးအနက် (၃) ဦးမှာ စိုးရိမ်ရသည့်အနေအထားရှိသည်ဟု သံတောင်မြို့ခံတစ်ဦးက ပြောသည်။

၎င်းက “အဲ့အဘွားက ရွာကြီးကိုသွားတဲ့လမ်းကနေ ပြန်လာတာ သူ့ရှေ့တည့်တည့်ကိုလက်နက်ကြီးကျတော့ ပွဲချင်းပြီးဆုံးတယ်။ ဒဏ်ရာရတဲ့ငါးယောက်မှာ အသက်မပြည့်သေးတဲ့ကောင်မလေးနှစ်ယောက်ပါတယ်။ စိုးရိမ်ရတယ်။ တိုက်ပွဲမဖြစ်ဘူး တမင်ရည်ရွယ်ပြီး ရွာထဲကိုပစ်ချတာပါ။” ဟု ကေအိုင်စီသို့ပြောသည်။

ယခုလက်ရှိတွင် အဆိုပါထိခိုက်ဒဏ်ရာရရှိသူများ တောင်ငူဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

ထို့အပြင် သံတောင်မြို့နယ် လိပ်သိုဒေသဘက်တွင်လည်း ပြီးခဲ့သည့် ဧပြီလ (၁) ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် ကျေးရွာအလိုက် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရခြင်းများရှိသလို ယခုအခါ လိပ်သိုဒေသအတွင်း စစ်ဘေးရှောင်ဦးရေ သုံးထောင်ခန့်ရှိနေကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

အလားတူ သံတောင်ကြီးမြို့မြောက်ပိုင်း ကျောက်တံခါးကျေးရွာအုပ်စုရှိ ကျေးရွာများတွင်လည်း စစ်တောင်းမြစ်အရှေ့ဘက်တစ်လျှောက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်လာသူ များပြားနေပြီး အဆိုပါစစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေကြောင်း ဒေသခံများကပြောသည်။

နန့်ဆန်းထီ (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here